backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

နာတာရှည် လေပြွန်ရောင်ရောဂါ (Chronic Bronchitis)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နာတာရှည် လေပြွန်ရောင်ရောဂါ (Chronic Bronchitis)

Bronchitis ဆိုတာ လေပြွန်တွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ လေကို အဆုတ်အထဲကို သယ်ပေးနေတဲ့ လေပြွန်တွေ ရှိပါတယ်။ လေပြွန်ရောင်တဲ့သူတွေဟာ ကြာရှည်စွာ ချောင်းဆိုးပြီး ပျစ်တဲ့၊ အရောင်ပြောင်းနေတဲ့ ချွဲတွေ ထွက်နိုင်ပါတယ်။ လေပြွန်ရောင်ခြင်းဟာ ရုတ်တရက်ဖြစ်နိုင်သလို နာတာရှည်လဲဖြစ်နိုင်ပါတယ်။

နာတာရှည် လေပြွန်ရောင်ခြင်းဟာ COPD (နာတာရှည် အဆုတ်ရောင်ခြင်း) ရဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ရောင်နေတဲ့ လေပြွန်တွေဟာ ချွဲများစွာ ဖြစ်စေပြီး ချောင်းဆိုးခြင်းနဲ့ အသက်ရှူကျပ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

နာတာရှည် လေပြွန်ရောင်ရောဂါ ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Chronic bronchitis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ချောင်းဆိုးခြင်း
  • အဖြူရောင်၊ အဝါရောင်၊ မီးခိုးရောင်၊ အစိမ်းရောင် ချွဲထွက်ခြင်း
  • ပင်ပန်းခြင်း
  • မောခြင်း
  • အနည်းငယ် ဖျားခြင်း၊ ချမ်းတုန်ခြင်း
  • ရင်ဘတ်အောင့်ခြင်း တွေပဲဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • အထက်ပါ လက္ခဏာတွေကို သုံးပတ်ထက်ပိုကြာပြီး ခံစားရရင်
  • မအိပ်နိုင်လောက်အောင် နေမကောင်း ဖြစ်နေရင်
  • 38F ထက်ပိုပြီး ဖျားရင်
  • အရောင်ပါတဲ့ ချွဲထွက်ရင်
  • အသက်ရှူစဉ် တရွှီရွှီမြည်ခြင်းနဲ့ မောခြင်းတို့ရှိရင်
  • နာတာရှည် လေပြွန်ရောင်ခြင်းကို ဘာတွေက ဖြစ်ပွားစေသလဲ။

    နာတာရှည် လေပြွန်ရောင်ခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ဆေးလိပ်သောက်ခြင်းပဲဖြစ်ပါတယ်။ လေထုညစ်ညမ်းခြင်း၊ ပတ်ဝန်းကျင်မှာ ဖုန်၊ အဆိပ်ငွေ့တွေရှိခြင်းဟာလည်း နာတာရှည် လေပြွန်ရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    ဘာတွေက နာတာရှည် လေပြွန်ရောင်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်စေပါသလဲ။

    နာတာရှည် လေပြွန်ရောင်ခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    • ဆေးလိပ်သောက်ခြင်း

    ဆေးလိပ်သောက်သူ၊ ဆေးလိပ်သောက်သူနဲ့ အတူနေသူတွေဟာ နာတာရှည် လေပြွန်ရောင်ခြင်း အဖြစ်များပါတယ်။

    • ကိုယ်ခံအားနည်းခြင်း

    အခြားနာမကျန်းခြင်းတွေဖြစ်တဲ့ အအေးမိခြင်း၊ ကိုယ်ခံအားနည်းစေတဲ့ နာတာရှည်အခြေအနေ တစ်ခုခုရှိခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ခံအားမကောင်းသူတွေဟာ ရောဂါပိုး ပိုဝင်နိုင်ပါတယ်။

    • အလုပ်မှာ ယားယံစေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ခြင်း

    အဆုတ်ကို ယားယံစေတဲ့ ပစ္စည်းတွေနဲ့ အလုပ်လုပ်ရခြင်းဟာ နာတာရှည် လေပြွန်ရောင်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။

    • Gastric reflux

    စားချဉ့်ရည် ဆန်တက်ပြီး မကြာခဏ ရင်ပူခြင်းဟာ လည်ချောင်းကို ယားစေပြီး နာတာရှည် လေပြွန်ရောင်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။

    နာတာရှည် လေပြွန်ရောင်ခြင်း ဘယ်လိုအတည်ပြုသလဲ။

    ရောဂါရာဇဝင် မေးမြန်းတာ၊ စမ်းသပ်မှုတွေကို အရင်ပြုလုပ်မှာဖြစ်ပြီး သင်အသက်ရှူနေစဉ်မှာ ဆရာဝန်က နားကျပ်နဲ့ အဆုတ်ကို နားထောင်မှာဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာတော့ ဆရာဝန်က အောက်ပါတို့ကို အကြံပြုနိုင်ပါတယ်။

    • Chest X-rays – Chest X-rays တွေဟာ သင့်မှာ အဆုတ်အအေးမိခြင်း (သို့) ချောင်းဆိုးစေတဲ့ အခြားအခြေအနေတွေ ရှိမရှိသိရှိဖို့ ကူညီပေးနိုင်ပါတယ်။ ဒါဟာ သင်က အခု ဆေးလိပ်သောက်သူ (သို့) အရင်က သောက်ဖူးသူဖြစ်မယ်ဆိုရင် အရေးကြီးပါတယ်။
    • သလိပ်စစ်ဆေးခြင်း – သလိပ်ဖြစ်စေတဲ့ ပိုးနဲ့ ပိုးသတ်ဆေး တုံ့ပြန်မှုကို စစ်ဆေးနိုင်ပါတယ်။
    • အဆုတ်လုပ်ငန်းဆောင်တာ စစ်ဆေးခြင်း – ဒီစစ်ဆေးမှုကိုတော့ ပန်းနာရင်ကြပ် (သို့) အဆုတ်လေအိတ်ပျက်စီးမှု ရှိမရှိ စစ်ဆေးဖို့ အသုံးပြုမှာဖြစ်ပါတယ်။

    နာတာရှည် လေပြွန်ရောင်ခြင်းကို ဘယ်လိုကုသလဲ။

    လေပြွန်ရောင်ခြင်းအများစုဟာ ကုသရန်မလိုအပ်ဘဲ နှစ်ပတ်အတွင်း ပြန်ကောင်းသွားကြပါတယ်။ ထပ်ခါထပ်ခါ ဖြစ်ရင်တောင် နာတာရှည်အဆင့်ကို ရောက်သွားမှာပါ။ အချို့အခြေအနေတွေမှာတော့ ဆရာဝန်က ပိုးသတ်ဆေး၊ ချောင်းဆိုးပျောက်ဆေးနဲ့ inhaler တွေကို ပေးနိုင်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက နာတာရှည် လေပြွန်ရောင်ရောဂါ ကုသခြင်းနဲ့ ခဏခဏ ပြန်မဖြစ်အောင် ကာကွယ်ခြင်းတို့အတွက် အထောက်အကူပေးနိုင်ပါတယ်။

    • ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်စွဲနေရင် ဖြတ်ဖို့ စဉ်းစားပါ။ ကြာလာရင် နာတာရှည် လေပြွန်ကျဉ်းရောဂါ ဖြစ်လာနိုင်ပါတယ်။
    • လေထုမသန့်ရှင်းရင် (သို့) လေပြွန်ယားယံစေတဲ့ အရာတွေဖြစ်တဲ့ သုတ်ဆေး၊ အိမ်သုံး သန့်ရှင်းဆေးတွေ၊ အငွေ့တွေနဲ့ ထိတွေ့ရမယ်ဆိုရင် နှာခေါင်းစည်း အသုံးပြုသင့်ပါတယ်။
    • Humidifier (အစိုဓာတ်ထိန်းစက်) အသုံးပြုပါ။ နွေးထွေးစိုစွတ်တဲ့လေဟာ ချောင်းဆိုးခြင်းကို သက်သာစေပြီး ချွဲပျော်စေပါတယ်။
    • တုပ်ကွေးကာကွယ်ဆေးထိုးပါ။
    • အာဟာရပြည့်အောင် စားသောက်ပါ။
    • လေ့ကျင့်ခန်းလုပ်ပါ။

    Takeaways

    နာတာရှည် လေပြွန်ရောင် ရောဂါက အမြစ်ပြတ်အောင် ကုသလို့ မရပေမယ့် ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာမယ်။ ရောဂါပိုဆိုးစေမယ့် အချက်တွေ (ဥပမာ ဆေးလိပ်သောက်)ကို ရှောင်မယ်ဆိုရင် ခဏခဏ ပြန်မဖြစ်ဘဲ သက်သာသွားနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement