backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cervical spinal stenosis (လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 13/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cervical spinal stenosis (လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်း) ကဘာလဲ။

လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်းဆိုတာ လည်ပင်းပိုင်းမှာရှိတဲ့ ဗဟိုအာရုံကြောလမ်းကြောင်း ကျဉ်းမြောင်းခြင်းကို ခေါ်ပါတယ်။ ခန္ဓါကိုယ် အလယ်ဗဟိုတလျောက်က အပေါက်ပါတဲ့ ကျောရိုးဆစ်တွေ စီတန်းလိုက်တဲ့အခါ ဗဟိုအာရုံကြောလမ်းကြောင်းဆိုတာ ဖြစ်လာပါတယ်။ အဲဒီဗဟိုအာရုံကြောလမ်းကြောင်းတလျောက် ဦးနှောက်ကနေ ခါးအောက်ပိုင်းအထိ တဖြောင့်ထဲဆင်းသွားတဲ့ အာရုံကြောအစုအဝေးကိုတော့ ဗဟိုအာရုံကြောမကြီးလို့ ခေါ်ပါတယ်။ ဒီအာရုံကြောတွေက ခံစားမှု၊ လှုပ်ရှားမှု၊ ဆီးဝမ်းသွားခြင်းနဲ့ ကိုယ်ခန္ဓါရဲ့ အခြားလုပ်ငန်းဆောင်တာတွေကို ထိန်းညှိပေးပါတယ်။ လည်ပင်းရိုးဆစ်မှာရှိတဲ့ ဗဟိုအာရုံကြောလမ်းကြောင်း ကျဉ်းမြောင်းလာတဲ့အခါ ဗဟိုအာရုံကြောမကြီးကနေ အာရုံကြောတွေ ခွဲဖြာထွက်တဲ့ အရင်းပိုင်းနေရာကို ညှပ်မိဖိမိတဲ့အပြင် ဗဟိုအာရုံကြောမကြီးကိုပါ သွားဖိမိတဲ့အထိ ဖြစ်တတ်ပါတယ်။ လည်ပင်းရိုးဆစ်ဆိုတာက ဦးခေါင်းပိုင်းနဲ့ ရင်ခေါင်းပိုင်းကြားက ကျောရိုးဆစ်ခုနစ်ခုကို ခေါ်တာဖြစ်ပါတယ်။ ဒီအရိုးဆစ်တွေကြား ဖြတ်သန်းသွားတဲ့ အာရုံကြောတွေနဲ့ ဗဟိုအာရုံကြောမကြီးရဲ့ အစိတ်အပိုင်းကို ညှစ်မိခြင်းအားဖြင့် ၎င်းတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲစေနိုင်သလို နာကျင်မှု၊ တောင့်တင်းမှု၊ ထုံကျင်မှု ဒါမှမဟုတ် လည်ပင်း၊ လက်မောင်းနဲ့ ခြေထောက်ပိုင်း အားနည်းမှု စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆီးဝမ်းထိန်းတဲ့ နေရာမှာလည်း ပြဿနာဖြစ်စေနိုင်ပါတယ်။

Cervical spinal stenosis (လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Cervical spinal stenosis (လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသက်၅၀နဲ့အထက် လူကြီးပိုင်းတွေမှာ ဗဟိုအာရုံကြောလမ်းကြောင်း ကျဉ်းမြောင်းတတ်ပေမယ့် လက္ခဏာပြတဲ့အဆင့်ထိ မရောက်တတ်ပါဘူး။ လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်းဟာလည်း ဗဟိုအာရုံကြောမကြီး သို့မဟုတ် အာရုံကြောတွေ ညှပ်မိတဲ့အချိန်မှသာ တဖြည်းဖြည်းချင်း လက္ခဏာပြမှာ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့-

  • လည်ပင်း၊ ပုခုံး၊ လက်မောင်း၊ လက်နှင့် ခြေထောက်များ
  • တောင့်တင်းခြင်း၊ နာကျင်ခြင်း၊ ထုံခြင်း၊ အားနည်းခြင်း
  • ဟန်ချက်မထိန်းနိုင်ခြင်း ဥပမာ လမ်းလျှောက်လျှင် ရှပ်တိုက်သလိုဖြစ်ခြင်း၊ ခြေချော်ခြင်း
  • ဗဟိုအာရုံကြောမကြီး ထိခိုက်ခံရပါက မသန်မစွမ်းဖြစ်ခြင်း
  • ဆီးဝမ်းမထိန်းနိုင်ခြင်း၊ ထွက်ကျခြင်း
  • အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Cervical spinal stenosis (လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    တဖြည်းဖြည်း အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကျောရိုးဆစ်တွေ ပျက်စီးယိုယွင်းလာခြင်းရဲ့ ရလဒ်တစ်ခုအနေနဲ့ ဒီရောဂါဖြစ်လာရပြီး မျိုးရိုးဗီဇကြောင့်လည်း ဖြစ်လေ့ရှိပါတယ်။ ကျောရိုးဆစ်နှစ်ခုကြားမှာရှိတဲ့ အရိုးနုချပ်ပြား ပျက်စီးတဲ့အခါမှာလည်း ဒီရောဂါဖြစ်နိုင်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Cervical spinal stenosis (လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ပုံမှန်အားဖြင့် ရောဂါလက္ခဏာ ဖြစ်ပွားမှုရာဇဝင်နဲ့ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှုတွေကတဆင့် ဒီရောဂါရှိမရှိ အဖြေရှာနိုင်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ သင် လည်ပင်းလှုပ်ရှားမှုတွေ လုပ်တဲ့အခါ နာတာ၊ ထုံတာ၊ အားနည်းတာ ရှိမရှိ မေးမြန်းမှာဖြစ်ပါတယ်။ တကယ်လို့ လည်ပင်းရိုးဆစ် အပေါက်ကျဉ်းနေတယ်လို့ သံသယရှိခဲ့မယ်ဆိုရင်တော့ ရောဂါအတည်ပြုဖို့နဲ့ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းကိုရှာဖွေဖို့ လည်ပင်းပိုင်းနဲ့ ကျောပိုင်းကို ဓါတ်မှန်၊ ကွန်ပြူတာဓါတ်မှန် (CT)၊ သံလိုက်လှိုင်းအသုံးပြု ပုံရိပ်ဖော်ခြင်း (MRI) စတဲ့ ပုံရိပ်ဖော်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အကြံပြုပါလိမ့်မယ်။ ဒါ့အပြင် ဒီရောဂါနဲ့ အလားတူလက္ခဏာတွေ ဖြစ်စေနိုင်တဲ့ Multiple sclerosis လို့ခေါ်တဲ့ ဗဟိုအာရုံကြောထိခိုက်တဲ့ရောဂါ၊ ဗီတာမင် ဘီ ၁၂ ချို့ယွင်းတဲ့ရောဂါတွေကို သံသယစာရင်းထဲက ဖယ်ထုတ်ဖို့ ပုံရိပ်ဖော်စစ်ဆေးမှုတွေနဲ့ သွေးစစ်ဆေးမှုတွေလည်း ပြုလုပ်ရဖို့ အလားအလာရှိပါတယ်။

    Cervical spinal stenosis (လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

    ရောဂါမပြင်းထန်တဲ့ အခြေအနေတွေမှာ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ခွန်အားနဲ့လှုပ်ရှားနိုင်မှုကို ထိန်းထားနိုင်ဖို့ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကာယကုထုံးနဲ့ ကုသခြင်း စတဲ့နည်းလမ်းတွေအသုံးပြုပြီး ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ရောဂါအခြေအနေ ပြင်းထန်မယ်၊ ကြွက်သားတွေ ပိုပိုပြီး အားနည်းလာမယ်၊ ပုံရိပ်ဖော်စစ်ဆေးမှုအရ ကျောရိုးဆစ်တွေဟာ ဗဟိုအာရုံကြောမကြီး သို့မဟုတ် အာရုံကြောတွေကို တင်းတင်းကျပ်ကျပ် ညှပ်မိနေမယ်ဆိုရင်တော့ အာရုံကြောပေါ်သက်ရောက်နေတဲ့ ဖိအားကို လျော့ချနိုင်အောင် ခွဲစိတ်ကုသမှုခံယူဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။ ခွဲစိတ်မှုကို လည်ပင်းရဲ့ အရှေ့ပိုင်း သို့မဟုတ် အနောက်ပိုင်းကနေ ပြုလုပ်မှာဖြစ်ပြီး အာရုံကြောအရင်းပိုင်းတွေပေါ် ဖိမိနေတဲ့ အရိုး၊ တစ်ရှုး၊ အရိုးနုချပ်ပြား အစိတ်အပိုင်းတချို့ကို ဖယ်ထုတ်ပစ်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကျောရိုးဆစ်တွေ တည်ငြိမ်နေစေဖို့ ပြန်ဆက်ရမှာဖြစ်ပါတယ်။

    ဒီရောဂါဟာ ဆီးဝမ်းမထိန်းနိုင်ခြင်း၊ လက်မောင်း၊ လက်နဲ့ ခြေထောက်များ အားမသုံးနိုင်ခြင်း၊ အာရုံမခံနိုင်ခြင်း စတာတွေအပါအဝင် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ဆရာဝန်အနေနဲ့ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွား ပေါ်လာတဲ့အထိ အချိန်ဆိုင်းမနေဘဲ လိုအပ်တဲ့ကုသမှုပြုလုပ်ဖို့ အမြန်ဆုံးစီစဉ်မှာပဲဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 13/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement