backup og meta

သွေးပြန်ကြော သွေးမခဲစေဖို့ ဘာတွေ စားကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးပြန်ကြော သွေးမခဲစေဖို့ ဘာတွေ စားကြမလဲ။

    လှုပ်ရှားမှုနည်းတဲ့အခါ၊ သွေးပျစ်တဲ့အခါ၊ ဆဲလ်တွေ ရောင်ရမ်းတဲ့အခါ သွေးပြန်ကြော မှာ သွေးခဲတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်သွေးပြန်ကြောတွေမှာပါ။ ဒီသွေးခဲတွေက မတော်တဆ ပြုတ်ထွက်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ပိတ်ဆို့နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဆုတ်သွေးကြောမှာ သွားပိတ်ပြီး လူကို အန္တရာယ်ဖြစ်စေနိုင်တာပါပဲ။

    ဒါ့ပြင် ခုလိုမျိုး ကိုဗစ်အဖြစ်များတဲ့ ကာလမှာ ကိုဗစ်ကြောင့် သွေးပြန်ကြောတွေ  သွေးခဲတာကို မကြာခဏ ကြားနေရပါတယ်။ ဒါကြောင့် ကိုဗစ်လူနာတွေမှာ သွေးပြန်ကြောသွေးခဲတာကို ကာကွယ်ဖို့ ဘာတွေကျွေးကြမလဲ။

    သွေးပြန်ကြော သွေးမခဲစေဖို့ စားရမယ့် အစားအစာများ

    သွေးပြန်ကြော သွေးခဲတာကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေက ထူးထူးခြားခြားတွေတော့ မဟုတ်ပါဘူး။ အရင်စားနေကြ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေပါပဲ။ ဒါတွေကတော့

    • ငါး
    • ကြက်သား
    • အသီးအနှံ
    • ဟင်းသီးဟင်းရွက်
    • အစေ့အဆန်
    • အခွံမာအသီး
    • ပဲ
    • ကြက်သွန်ဖြူ
    • ကျန်းမာစေတဲ့ အဆီ (သံလွင်ဆီ) စတာတွေပဲ ဖြစ်ပါတယ်။

    ဒီအစားအစာတွေက ဓာတ်တိုးဆန့်ကျင်သတ္တိတွေ ရှိလို့ ဆဲလ်တွေရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါ့ပြင် ကျန်းမာရေးနဲ့ ညီအောင် ချက်ပြုတ်စားသောက်မယ်ဆိုရင် ဝိတ်ကျမယ်။ ဝိတ်ကျရင် သွေးကြောပေါ်ဖိအားတွေ နည်းသွားမယ်။ ဒါဆို ရောင်ရမ်းတာတွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ လေ့လာဖို့ လိုသေးပေမယ့် အိုမီဂါသရီး ဖက်တီးအက်စစ်ပါတဲ့ ငါးကြီးဆီတွေ၊ ဖလေဗာနွိုက်ပါတဲ့ ချောကလက်တို့၊ စပျစ်ရည်တို့၊ လက်ဖက်ရည်ကြမ်းတို့ကလည်း ရောင်ရမ်းတာကို သက်သာစေတယ်လို့ ဆိုပါတယ်။

    ဒါ့ပြင် ရေများများ သောက်ဖို့လည်း လိုပါတယ်။ ရေသောက်နည်းရင်  သွေးပျစ်ပြီး သွေးခဲဖြစ်လွယ်ပါတယ်။ တစ်နေ့ကို ရေ  ၈ခွက်သောာက်ရမယ်ဆိုပေမယ့်လည်း ဆီးအရောင်ကို ကြည့်ပါ။ ဆီးအရောင်ကြည်နေရင်၊ ဝါဖန့်ဖန့်ဆိုရင် ရေဓာတ်လုံလောက်တဲ့ လက္ခဏာ ဖြစ်ပါတယ်။

    ဘာတွေ ရှောင်ရမလဲ။

    ရောင်ရမ်းမှုတွေက နောက်ပိုင်းမှာ ဆဲလ်တွေ ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ပြင် တချို့သော အစားအစာတွေက ဆဲလ်တွေ ရောင်ရမ်းတာ၊ ဓာတ်တိုးပျက်စီးတာကို အားပေးတဲ့အတွက် ဒါတွေကို တတ်နိုင်သမျှရှောင်သင့်ပါတယ်။

    သွေးပြန်ကြော သွေးမခဲစေဖို့ ရှောင်ရမယ့် အစားအစာတွေကတော့

    • ဖြူနေအောင် ဖွပ်ထားတဲ့ ဆန်တွေ၊ ပေါင်မုန့်၊ ခရက်ကာ၊ အာလူးကြော်၊ အချိုထည့်ထားတဲ့ ဆီရီယယ်၊ အသင့်စားအစားအစာတွေ (ဒါတွေက နေ့စဉ်စားနေကြအစားအစာတွေ ဖြစ်တဲ့အတွက် လုံးဝမရှောင်နိုင်သေးရင်တောင် လျှော့စားဖို့ အကြံပေးလိုပါတယ်။)
    • ဆိုဒါနဲ့ အချိုရည်တွေ
    • သကြားလုံး
    • မာဂျရင်းလို အသွင်ပြောင်းဆီတွေ
    • အဆီများတဲ့ အနီရောင်အသားတွေ၊ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
    ဒါတွေအပြင်

    ဆားစားတာ များလေလေ၊ သွေးတိုးလေလေ၊ ကိုယ်ထဲမှာ အရည်တွေ  များလေလေပါပဲ။ ဒီအရည်တွေကို ညှစ်ထုတ်ရတဲ့ နှလုံးလည်း ဖိအားပိုများလားပြီး သွေးစီးနှေးတာ၊ ခဲတာတွေ ဖြစ်လာပါတယ်။

    ဒါကြောင့် ဆားပါဝင်မှု များတဲ့ အသင့်စားအစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။ လူတစ်ယောက်က တစ်နေ့ကို ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်းထက်  ပိုမစားသင့်ပါဘူး။ ဒီလိုဆိုလို့ ဆားလုံးဝမစားရတာတော့ မဟုတ်ပါဘူး။ ဟင်းချက်တဲ့အခါ သတိထားဖို့ရယ်၊ ပြင်ပအစားအစာတွေက ဆားပါဝင်နှုန်းတွေကို သတိထားဖို့ အဓိက ပြောချင်တာပဲ ဖြစ်ပါတယ်။

    • အရက်သောက်သင့် မသောက်သင့်

    ဝိုင်တစ်ခွက်လောက်ဆို သွေးကျဲပြီး နှလုံးကို ကောင်းစေပေမယ့် တစ်နေ့ကို အရက် ၂ servingsထက် ပိုသောက်မယ်ဆိုရင်တော့ သွေးဥမွှားတွေ များပြီး သွေးခဲဖြစ်နိုင်ခြေ များလာပါလိမ့်မယ်။

    (၁ serving = ဘီယာ ၁၂အောင်စ၊ ၁ပုလင်းနီးပါး =ဝိုင် ၅အောင်စ = အရက် ၁အောင်စခွဲ၊ 1 shot)

    ဒါ့ပြင် အရက်က သွေးကျဲဆေးတွေရဲ့ အာနိသင်ကို ထိခိုက်တာကြောင့် ဆေးသောက်ရမယ်ဆို ဆရာဝန်ကို အရက်သောက်တတ်တဲ့အကြောင်း ပြောပြပါ။

    သွေးပြန်ကြော သွေးခဲတာက အခန့်မသင့်ရင် အသက်အန္တရာယ်ရှိနိုင်တာကြောင့် စားသောက်မှုပုံစံ ပြောင်းလဲပြီး ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement