backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Caudal regression syndrome (ခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစု)


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစုဆိုတာ ဘာလဲ။

Caudal Regression ရောဂါစု တနည်းအားဖြင့် sacral agenesis ဆိုတာ ခန္ဓါကိုယ်အောက်ပိုင်း ဖွံ့ဖြိုးမှုပုံမမှန်တဲ့ ရှားပါးမွေးရာပါရောဂါစုတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေမှာ များသောအားဖြင့် ခါးအောက်ပိုင်း၊ ခြေထောက်၊ အစာအိမ်အူလမ်းကြောင်းနဲ့ ဆီးလိင်လမ်းကြောင်း ပုံမမှန်တဲ့လက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အောက်ပိုင်းကျောရိုးဆစ်တွေ ပျောက်နေတတ်ပြီး တင်ပါးဆုံအဆစ်တွေ အပြည့်အဝမလှုပ်ရှားနိုင်သလို ခြေထောက်ရိုးတွေလည်း ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးတာကို တွေ့ရမှာဖြစ်ပါတယ်။

ခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစုဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဒီရောဂါစုဟာ ဖြစ်လေ့ဖြစ်ထအလွန်နည်းပြီး ကျားမမရွေး တန်းတူညီတူ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်းကတော့ ခန့်မှန်းခြေအားဖြင့် အရှင်မွေးကလေးငယ် အယောက်တစ်သိန်းရှိရင် တစ်ယောက်ကနေ ၅ယောက်မှာသာ ဒီရောဂါပါလာနိုင်ပါတယ်။ သွေးချိုဆီးချိုဝေဒနာရှင် မိခင်တွေက မွေးဖွားလာတဲ့ကလေးတွေမှာ ရောဂါဖြစ်နိုင်ချေပိုများပါတယ်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစုရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဒီရောဂါစုကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေကတော့

  • ကျောရိုးပုံသဏ္ဍာန်မမှန်ခြင်း၊ ခန္ဓါကိုယ်အောက်ပိုင်းရှိ ကျောရိုးဆစ်အချို့ ပျောက်နေခြင်း
  • တင်ပိုင်းကျောရိုးဆစ်များ လုံးဝပျောက်နေခြင်း
  • အာရုံကျောမကြီး တစ်စိတ်တစ်ပိုင်း ပါမလာခြင်း
  • အောက်ဘက်ကျောရိုး အပြည့်ပိတ်မနေခြင်း
  • ရင်ဘတ်ပုံသဏ္ဍာန်မမှန်မှုကြောင့် ပြင်းထန်သည့် အသက်ရှူလမ်းကြောင်းရောဂါများ ဖြစ်ပေါ်ခြင်း
  • တင်ရိုး၊ ခြေထောက်ရိုးများ သေးခြင်း၊ လှုပ်ရှားရခက်ခဲခြင်း
  • ခြေခွင်ခြင်း
  • ခြေထောက်အောက်ပိုင်းနှင့် ခါးပိုင်း အာရုံခံနိုင်စွမ်း အားနည်းခြင်း
  • ဆီးမထိန်းနိုင်ခြင်း
  • စအိုပေါက်နှင့် မိန်းမကိုယ်ကြား ပုံမှန်မဟုတ်သည့်လမ်းကြောင်း ဖြစ်ပေါ်ခြင်း
  • စအိုမပါခြင်း
  • အူခေါက်ခြင်း
  • လိင်အင်္ဂါမပါခြင်း
  • ဝမ်းချုပ်ခြင်း
  • အူကျခြင်း
  • အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဖြစ်ပွားမှုအကြောင်းရင်းများ

    ဘာတွေက ခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစု ဖြစ်ပွားစေသလဲ။

    လူနာတစ်ယောက်နဲ့တစ်ယောက် ဒီရောဂါဖြစ်ပွားရတဲ့အကြောင်းအရင်းချင်း တူညီမှာမဟုတ်ပါဘူး။

    များသောအားဖြင့် ရောဂါဖြစ်စေတဲ့အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း သိရလေ့မရှိတဲ့အတွက် မျိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအချက်တွေ ပေါင်းစပ်ပြီး ဖြစ်ရတယ်လို့ပဲ ယူဆနိုင်ပါတယ်။

    သုတေသနပညာရှင်အချို့က သန္ဓေသားဘဝမှာ mesoderm အလွှာဖွံ့ဖြိုးမှုဖြစ်စဉ် ထိခိုက်လွဲချော်ပြီး အရိုး၊ အစာအိမ်အူလမ်းကြောင်းနဲ့ ဆီးလိင်လမ်းကြောင်းဆိုင်ရာ ကိုယ်အင်္ဂါအဖွဲ့အစည်းတွေ ပုံမမှန်ဖြစ်ရတယ်လို့ ယူဆထားပါတယ်။

    ဒါ့အပြင် ဝမ်းဗိုက်ထဲမှာ ပုံမှန်မဟုတ်တဲ့ သွေးလွှတ်ကြောတစ်ချောင်း ဖြစ်ပေါ်ပြီး ဖွံ့ဖြိုးဆဲသန္ဓေသားရဲ့ ခန္ဓါကိုယ်အောက်ပိုင်းဆီသွားတဲ့ သွေးလှည့်ပတ်မှုကို လမ်းကြောင်းလွဲစေမှုကြောင့် ဒီရောဂါဖြစ်လာရတယ်လို့ ယုံကြည်ထားတဲ့ပညာရှင်တွေလည်း ရှိပါတယ်။ ဒီယူဆချက်နှစ်ခုမှာ ဘယ်တစ်ခုကမှန်ကန်လဲဆိုတာ သေသေချာချာမသိရသေးပေမယ့် သိပ္ပံပညာရှင်အများစုကတော့ အကြောင်းအရင်းနှစ်ခုပေါင်းပြီး ဒီရောဂါဖြစ်လာရတယ်လို့ တွေးထင်ထားကြပါတယ်။

    ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

    ဘယ်အရာတွေက ခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစု ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    မိခင်ဖြစ်သူ သွေးချိုဆီးချိုရောဂါရှိခြင်းဟာ ဒီရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် သွေးတွင်းသကြားဓါတ်မြင့်တက်ခြင်းနဲ့ အခြားဇီဝကမ္မလုပ်ငန်းစဉ်ဆိုင်ရာ ပြဿနာတွေက သန္ဓေသားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပြီး ခန္ဓါကိုယ်အောက်ပိုင်းမဖွံ့ဖြိုးတဲ့ရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချိုဆီးချိုရောဂါကို ကောင်းကောင်းမထိန်းနိုင်ရင် ကလေးမှာရောဂါပါလာဖို့ အလားအလာပိုများပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

    ခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစု ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    ကလေးမီးမဖွားခင် အာလ်ထရာဆောင်း အကူအညီနဲ့ ကလေးမှာ ခန္ဓါကိုယ်အောက်ပိုင်းမဖွံ့ဖြိုးတဲ့ရောဂါစု ဖြစ်ပွားနေခြင်းရှိမရှိ စစ်ဆေးအဖြေရှာနိုင်ပါတယ်။

    ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် အဖြေထုတ်ခြင်း

    အာလ်ထရာဆောင်းဆိုတာ ကြိမ်နှုန်းမြင့်အသံလှိုင်းတွေကို အသုံးပြုပြီး မိခင်ဝမ်းထဲက ဖွံ့ဖြိုးဆဲသန္ဓေသားရဲ့ ပုံရိပ်တွေကို ကြည့်ရှုစစ်ဆေးတဲ့နည်းလမ်း ဖြစ်ပါတယ်။ အာလ်ထရာဆောင်းရိုက်ခြင်းအားဖြင့် ခန္ဓါကိုယ်အောက်ပိုင်းမဖွံ့ဖြိုးတဲ့ရောဂါစုရဲ့ ရောဂါလက္ခဏာအချို့ကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ ဒီလိုတွေ့ရှိခဲ့ရင် အဆိုပါရောဂါနဲ့ ဆက်စပ်နေနိုင်တဲ့ အခြားရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေကို ထပ်မံရှာဖွေဖို့ လိုအပ်နိုင်ပါတယ်။ ဥပမာ နှလုံးချို့ယွင်းမှုရှိမရှိ echocardiography ဖြင့် စစ်ဆေးခြင်း

    သံလိုက်ဓါတ်မှန် (MRI) ကလည်း ဒီရောဂါစုကြောင့် ကလေးမှာပါလာတဲ့ ကျောရိုးနဲ့အာရုံကြောမကြီး ချို့ယွင်းမှုအတိုင်းအတာကို စစ်ဆေးရာမှာ အထောက်အကူပြုနိုင်ပါတယ်။

    ကလေးမွေးဖွားပြီးချိန်မှာ လိုအပ်တဲ့ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ရောဂါဝိသေသလက္ခဏာများ ရှာဖွေခြင်း၊ ရောဂါလက္ခဏာများကို ဆန်းစစ်အကဲဖြတ်ခြင်းအားဖြင့် ခန္ဓါကိုယ်အောက်ပိုင်းမဖွံ့ဖြိုးတဲ့ရောဂါစု ဟုတ်မဟုတ် အတည်ပြုနိုင်ပါတယ်။

    ခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစုကို ဘယ်လိုကုသလဲ။

    လူနာခံစားနေရတဲ့ ရောဂါလက္ခဏာတွေနဲ့ ရောဂါပြင်းထန်မှုအတိုင်းအတာပေါ် မူတည်ပြီး အသင့်တော်ဆုံးဖြစ်မယ့် ကုသမှုနည်းလမ်းကို စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လူနာကို ကုသမှုပေးရာမှာ ဦးနှောက်အာရုံကြောခွဲစိတ်အထူးကုဆရာဝန်တွေ၊ ဆီးလမ်းကြောင်းနဲ့ကျောက်ကပ်အထူးကုဆရာဝန်တွေ၊ အရိုးခွဲစိတ်အထူးကုဆရာဝန်တွေ၊ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဆေးပညာရှင်တွေ စတဲ့ နယ်ပယ်အသီးသီးကပညာရှင်တွေ ပူးပေါင်းပြီး ကုသမှုအစီအစဉ်ရေးဆွဲဖို့ လိုအပ်ပါတယ်။

    ဘယ်လူနာအတွက်မဆို ရောဂါရှိမှန်း စောစောသိ၊ စောစောကုသမှုခံယူခြင်းက အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ အထူးသဖြင့် သန္ဓေသားဖွံ့ဖြိုးဆဲကာလမှ မိခင်အနေနဲ့ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အခြားအာဟာရဓါတ်တွေ လုံလောက်စွာစားသုံးဖို့ အလွန်အရေးကြီးပါတယ်။

    ခန္ဓါကိုယ်အောက်ပိုင်းမဖွံ့ဖြိုးတဲ့ရောဂါစု ပါလာတဲ့ကလေးငယ်တွေဟာ သက်တမ်းစေ့မနေနိုင်ကြပါဘူး။ အသက်ရှင်သန်နိုင်တဲ့ ကလေးငယ်တွေဟာလည်း စအိုပေါက်မပါခြင်း၊ ခြေထောက်များပူးနေခြင်း၊ ဆီးလမ်းကြောင်း၊ အစာအိမ်အူလမ်းကြောင်း၊ ကျောရိုး၊ အာရုံကြော ပုံမမှန်ခြင်း စတဲ့ပြဿနာအမျိုးမျိုးကြောင့် မကြာခဏ ခွဲစိတ်မှုခံယူရတတ်ပါတယ်။

    အရိုးအဆစ်ချို့ယွင်းနေတဲ့ ကလေးငယ်တွေကတော့ လမ်းလျှောက်အကူကိရိယာတွေ၊ ချိုင်းထောက်တွေ အသုံးပြုဖို့ လိုအပ်နိုင်တဲ့အပြင် ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက် anticholinergic အုပ်စုဝင်ဆေးဝါးတွေ သောက်သုံးဖို့ လိုအပ်နိုင်ပါတယ်။

    ဒီရောဂါရှိပြီး အသက်ရှင်သန်နိုင်တဲ့ကလေးငယ်တွေမှာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ချို့ယွင်းမှုတွေ တွေ့ရတတ်ပေမယ့် ပုံမှန်ဉာဏ်ရည်ရှိနေနိုင်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစုကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement