backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cardiomegaly (နှလုံးကြီးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 18/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Cardiomegaly (နှလုံးကြီးခြင်း)

အဓိပ္ပာယ်ဖွင့်ဆိုချက်

Cardiomegaly (နှလုံးကြီးခြင်း) ကဘာလဲ။

နှလုံးကြီးခြင်း ဆိုတာ နှလုံးကို X-ray ဓာတ်မှန်ရိုက်တဲ့အခါ နှလုံးအရွယ်အစား ကြီးနေခြင်းကို ခေါ်တာပါ။ နှလုံးကြီးနေပြီဆိုတာနဲ့ အတည်ပြုဖို့ အခြားစစ်ဆေးချက်တွေ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။

နှလုံးကြီးတယ်ဆိုတာ ရောဂါတော့မဟုတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ ကာလကြာရှည် သွေးရောဂါနဲ့ လည်ပင်းသိုင်းရွိုက်ဂလင်း ရောဂါတွေနဲ့တော့ ယှဉ်တွဲနေတတ်ပါတယ်။

Cardiomegaly (နှလုံးကြီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သွေးတိုးရောဂါနဲ့ နှလုံးရောဂါရှိတဲ့လူတွေမှာ နှလုံးကြီးတတ်ပါတယ်။ လူငယ်တွေထက် လူကြီးတွေမှာ အဖြစ်များပါတယ်။ ဖြစ်စေနိုင်တဲ့ အချက်တွေကို ရှောင်ကြဉ်ခြင်းအားခြင့် နှလုံးကြီးနိုင်ခြေကို လျော့ချနိုင်ပါတယ်။ တခြားသိလိုတဲ့ အချက်တွေရှိရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Cardiomegaly (နှလုံးကြီးခြင်း) ရဲ့လက္ခဏာတွေက ဘာတွေလဲ

နှလုံးကြီးတာဟာ အချို့မှာ လက္ခဏာ မပြတတ်ပါဘူး။ အချို့မှာတော့ အောက်ဖော်ပြပါ လက္ခဏာတွေ ရှိနေပါလိမ့်မယ်။

  • အသက်ရှူမဝခြင်း
  • နှလုံးစည်းချက် မမှန်ခြင်း
  • ဖောရောင်နေခြင်း
  • ကိုယ်အလေးချိန်တက်လာခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • နှလုံးတုန်ရင်ခုန်ခြင်း

အထက်မှာ မဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ လက္ခဏာတစ်ခုခု ပြနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါပြီ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

နှလုံးနဲ့ ပတ်သက်ပြီး နောက်ထပ် ရောဂါလက္ခဏာ အသစ်တွေ ပြနေပါက ဆရာဝန် ပြသင့်ပါတယ်။ နှလုံးသွေးကြောပိတ်ခြင်းရဲ့ လက္ခဏာတွေပါ ခံစားနေရမယ် ဆိုရင်တော့ အရေးပေါ်ဆေးကုသဖို့ ရှာဖွေရန်လိုအပ်ပါတယ်။ ဥပမာ

  • ရင်ဘတ်အောင့်ခြင်း
  • ဆိုးရွားစွာ အသက်ရှူမဝခြင်း၊ အသက်ရှူရခက်ခဲခြင်း
  • သတိလစ်သွားခြင်း

အကြောင်းရင်းများ

Cardiomegaly (နှလုံးကြီးခြင်း) ကို ဘာတွေက ဖြစ်စေသလဲ

နှလုံးကို အလုပ်ပိုလုပ်စေသော အရာများ၊ နှလုံးကြွက်သား ပျက်စီးစေသောအရာများ စသော အကြောင်းအရင်းများကြောင့် နှလုံးကြီးတတ်ပါတယ်။ ဒါ့အပြင် မွေးရာပါ နှလုံးပုံမှန်မဟုတ်တဲ့လူတွေ၊ နှလုံးသွေးကြောပိတ်ဖူးတဲ့ လူတွေ၊ နှလုံးခုန်မမှန်တဲ့ လူတွေမှာလည်း ဖြစ်နိုင်ပါသေးတယ်။

အဖြစ်များစေတဲ့ ရောဂါတွေကတော့

  • သွေးဖိအားများခြင်းက ဘယ်ဘက် သွေးလွှတ်ခန်းကို ကြီးလာစေပါတယ်။ ဒါကြောင့် နှလုံးကြွက်သားတွေ အားနည်းလာစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ကို သွေးရောက်ဖို့ နှလုံးကပိုပြီး အားစိုက် အလုပ်လုပ်ရလို့ပါ။ ဒါအပြင့် နှလုံးရဲ့ သွေးဝင်ခန်းတွေလည်း ကြီးလာစေပါတယ်။
  • နှလုံးအဆို့ရှင်ချို့ယွင်းနေခြင်း။ သွေးစီးဆင်းနေတာကို ထိန်းသိမ်းဖို့ နှလုံးမှာ အဆို့ရှင်လေးခုရှိပါတယ်။ သွေးလေးဖက်နာ ရောဂါ၊ နှလုံးချို့ယွင်းချက်များ၊ နှလုံးပိုးဝင်ခြင်း၊ တွယ်ဆက်တစ်ရှူး ရောဂါများ၊ အချို့ဆေးဝါးများနဲ့ ဓာတ်ရောင်ခြည် ကင်ဆာ ကုထုံးတွေက အဆို့ရှင်တွေကို ပျက်စီးစေတတ်ပါတယ်။ ဒါကြောင့်ပဲ နှလုံးကြီးလာပါလိမ့်မယ်။
  • နှလုံးကြွက်သားရောဂါတွေကြောင့် ခန္ဓာကိုယ်ကို သွေးရောက်ဖို့ နှလုံးက အလုပ် ပိုလုပ်ရတဲ့အခါ နှလုံးကြီးလာတတ်ပါတယ်။
  • နှလုံးဖုံးအမြှေးပါးတွင်း အရည်ဖုံးခြင်း ။ နှလုံးဘေးပတ်လည်မှာ အရည်တွေ ဝန်းရံစုပုံလာခြင်းကြောင့် X-ray ဓာတ်မှန်မှာ နှလုံးဟာ ကြီးနေတတ်တဲ့ပုံ ပေါ်တတ်ပါတယ်။
  • သွေးအားနည်းရောဂါရှိနေခြင်း။ သွေးအားနည်းရောဂါဆိုတာ တစ်ရှူးတွေကို အောက်စီဂျင် အလုံအလောက် ပို့ပေးဖို့ ကျန်းမာတဲ့ သွေးနီဥ ပမာဏ အလုံအလောက် မရှိခြင်းကို ဆိုလိုတာပါ။ သေချာမကုသဘူးဆိုရင် နှလုံးခုန်နှုန်း မမှန်ခြင်း၊ မြန်ခြင်းတွေကို ဖြစ်စေတတ်ပါတယ်။ နှလုံးက လုံလောက်တဲ့ အောက်စီဂျင်ကို ပြန်လည်ထောက်ပံ့ပေးဖို့ ပိုမို အလုပ်လုပ်ရပါတယ်။ ဒါကြောင့် နှလုံးကြီးလာနိုင်ပါတယ်။
  • သိုင်းရွိုက်ဂလင်းရောဂါများ။ သိုင်းရွိုက်ဂလင်း ကောင်းကောင်း အလုပ်မလုပ်ခြင်း (Hypothyroidism) ၊ သိုင်းရွိုက်ဂလင်း လိုတာထက် ပိုအလုပ်လုပ်နေခြင်း ( Hyperthyroidism ) တို့ကြောင့် နှလုံးကြီးခြင်းအပါအဝင် အခြားသော နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
  • ခန္ဓာကိုယ်တွင်း သံဓာတ်များနေခြင်း။ Hemochromatosis ဆိုတာ ခန္ဓာကိုယ်က သံဓာတ်တွေကို ကောင်းကောင်း မစွန့်ထုတ်နိုင်ဘဲ နှလုံးအပါအဝင် အခြားသော ကိုယ်တွင်းအင်္ဂါတွေမှာ သွားပုံနေတဲ့ အခြေအနေပါ။ ဒီအခြေအနေကပဲ နှလုံးကြွက်သားတွေကို အားနည်းစေပြီး ဘယ်ဘက် သွေးလွှတ်ခန်းကို ကြီးလာစေပါလိမ့်မယ်။

ဖြစ်နိုင်ခြေများ

Cardiomegaly (နှလုံးကြီးခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

နှလုံးကြီးနိုင်ခြေကို မြင့်မားစေတဲ့ အရာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • သွေးတိုးခြင်း
  • မိဘဆွေမျိုးတွေထဲမှာ နှလုံးကြီးတဲ့သူတွေ ရှိနေခြင်း
  • နှလုံး သွေးကြောပိတ်ခြင်းကြောင့် နှလုံးကြွက်သားပုပ်ခြင်း
  • မွေးရာပါနှလုံးရောဂါများ ရှိခြင်း
  • နှလုံးအဆို့ရှင် ရောဂါများ
  • နှလုံးသွေးကြောပိတ်ရောဂါ အခံရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ထပ်မံသိရှိလိုပါက ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Cardiomegaly (နှလုံးကြီးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

စမ်းသပ်စစ်ဆေးချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • သင့်အခြေအနေကို သိရှိစေဖို့ ပုံရိပ်ဖော် စစ်ဆေးချက်များဖြင့် ရင်ဘတ်ကို စစ်ဆေးနိုင်ပါတယ်။ X-ray ၊ နှလုံး ကွန်ပျူတာဓာတ်မှန် (CT) ရိုက်ခြင်းနဲ့ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) များက အသုံးများတဲ့ စမ်းသပ်စစ်ဆေးချက်တွေပါ။
  • Electrocardiogram (အီးစီဂျီ)။ အီးစီဂျီကတော့ လျှပ်စစ်ခေါင်းလေးတွေကို အရေပြားမှာ တပ်ဆင်ပြီး နှလုံးလျှပ်စီးကြောင်းတွေကို မှတ်တမ်းတင်တာပဲဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်က နှလုံးစည်းချက်မမှန်တာတွေနဲ့ နှလုံးသွေးကြောပိတ်တာတွေကို သိရှိစေနိုင်ပါတယ်။
  • Echocardiogram ( အက်ခိုးရိုက်ခြင်း ) ။ အက်ခိုးရိုက်တယ်ဆိုတာက အသံလှိုင်းတွေနဲ့ နှလုံးကို ရိုက်ခတ်စေပြီး ပုံဖော် မှတ်တမ်းတင်ထားခြင်းပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်စစ်ဆေးချက်နဲ့ နှလုံးရှိ အခန်းလေးခန်းကို အကဲဖြတ်နိုင်ပါတယ်။
  • နှလုံး ခံနိုင်ရည် စမ်းသပ်ခြင်း (သို့) ကိုယ်လက်လှုပ်ရှားခြင်းဖြင့် နှလုံးစမ်းသပ်ခြင်း (Stress test) က ကိုယ်လက်လှုပ်ရှားမှုပြု နေစဉ်မှာ သင့်နှလုံးဟာ ဘယ်လောက်ထိ အလုပ်လုပ်နိုင်မလဲဆိုတာကို ပြသပေးပါလိမ့်မယ်။ ဒီစမ်းသပ် စစ်ဆေးချက်ကတော့ လမ်းလျှောက်စက်ပေါ်မှာ လမ်းလျှောက်နေစဉ် ဒါမှမဟုတ် စက်ဘီးစက်ပေါ်မှာ နင်းနေစဉ်အတွင်းမှာ နှလုံးစည်းချက်၊ နှလုံးဖိအားများနဲ့ အသက်ရှူခြင်းတို့ကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။
  • လိုအပ်တဲ့ သွေးတွေလည်း စစ်ရပါလိမ့်မယ်။
  • နှလုံးအတွင်းသို့ ပိုက်ထည့်ခြင်းနဲ့ အသားစယူခြင်း။ အဲဒီလုပ်ငန်းစဉ်မှာတော့ ပေါင်ခြံကနေ နှလုံးထိ သွေးကြောတွေကို ဖြတ်ပြီး ပိုက်သေးသေးလေး ထည့်လိုက်တာပါ။ ပြီးနောက် အသားစကို စမ်းသပ်စစ်ဆေးဖို့ ယူလိုက်ပါတယ်။

ဒီစစ်ဆေးချက်တွေက အကုန်လုံးလုပ်ဖို့ မလိုအပ်ပါဘူး။ လူနာရဲ့ ရောဂါအခြေအနေ၊ ဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပြီး လိုအပ်တာတွေပဲ လုပ်ရမှာ ဖြစ်ပါတယ်။

Cardiomegaly (နှလုံးကြီးခြင်း) ကို ဘယ်လိုကုသပါသလဲ

နှလုံးရောဂါတွေကြောင့် နှလုံးကြီးနေမယ် ဆိုရင်တော့ ဆရာဝန်ကအောက်ပါ ဆေးဝါးတွေကိုပေးပါလိမ့်မယ်။ ကုသမှုတွေကလည်း အကုန်လုံးလိုအပ်မှာ မဟုတ်ဘဲ လူနာရဲ့ အခြေအနေပေါ်လိုက်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။

ဆေးဝါးများ

  • ဆီးဆေးတွေက သင့်ခန္ဓာကိုယ်ရဲ့ ရေဓာတ်နဲ့ ဆားဓာတ်တွေကို လျော့နည်းစေခြင်းအားဖြင့် နှလုံးနဲ့ သွေးကြောတွေပေါ်မှာ သက်ရောက်နေတဲ့ သွေးဖိအားတွေကို လျှော့ချပေးပါလိမ့်မယ်။
  • ACEI (Angiotensin –converting enzyme inhibitor) ဆေး တွေကလည်း သွေးတိုးကျစေပါတယ်။
  • ARB (Angiotensin receptor blockers) ဆေး တွေက ACEI မသောက်နိုင်တဲ့ လူတွေအတွက် တူညီတဲ့သက်ရောက်မှုတွေ ပေးပါလိမ့်မယ်။
  • Beta blockers တွေက သွေးတိုးကျစေပြီး နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုကောင်းပါစေလိမ့်မယ်။
  • Digoxin ဆေးက နှလုံးရဲ့ စွမ်းရည်တွေကို တိုးတက်စေပြီး ဆေးရုံတက်ရနိုင်ခြေကို လျော့နည်းစေပါလိမ့်မယ်။
  • သွေးကျဲဆေးတွေကလည်း သွေးခဲနိုင်ခြေကို လျော့နည်းစေပြီး နှလုံးသွေးကြောပိတ်ခြင်း လေဖြတ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
  • နှလုံးစည်းချက်ထိန်းဆေးတွေကလည်း သင့် နှလုံးစည်းချက်မှန်စေရန် ထိန်းသိမ်းပေးပါလိမ့်မယ်။

ခွဲစိတ်ကုသမှုများ

ဆေးဝါးနဲ့မနိုင်တော့ဘူးဆိုရင်တော့ ခွဲစိတ်ကုသမှု လိုအပ်ပါပြီ။

  • နှလုံးခုန်မှန်စေဖို့ စက်ထည့်ခြင်း။ အချို့ နှလုံးကြီးခြင်းများ (နှလုံးကျယ်နေခြင်း) အတွက် ညာဘက်နဲ့ ဘယ်ဘက် နှလုံးခုန်တာကို လိုက်ညှိပေးနိုင်တဲ့ Pacemaker ဆိုတဲ့ နှလုံးစက် တစ်မျိုးလိုအပ်ပါတယ်။ ဆိုးဆိုးဝါးဝါး နှလုံးစည်းချက်မမှန်သူတွေအတွက် ကတော့ Implantabe Cardioverter-defrillator (ICD) ပစ္စည်း ထည့်သွင်းထားဖို့ သို့မဟုတ် ဆေးတွေသောက်ထားဖို့ လိုအပ်ပါတယ်။
  • ICD ဆိုတာ နှလုံးထဲမှာ ထည့်သွင်းထားပြီး နှလုံးရဲ့ စည်းချက်တွေကို စောင့်ကြည့်ပေးပါတယ်။ နှလုံးရဲ့ မူမမှန်တဲ့ စည်းချက်တွေကို ထိန်းချုပ်ဖို့ လိုတဲ့အခါမှာ လျှပ်စစ်စီးကြောင်းတွေကို ပို့လွှတ်ပေးတဲ့ စက်လေးတစ်မျိုးဖြစ်ပါတယ်။ ဒီစက်ငယ်လေးက Pacemaker အဖြစ် အလုပ်လုပ်ပါတယ်။
  • Atrial fibrillation (နှလုံးစည်းချက် မမှန်ခြင်း၊ နှလုံးခါခြင်း) ကြောင့် နှလုံးကြီးနေမယ်ဆိုရင် နှလုံးက နဂိုစည်းချက်အတိုင်း ပြန်ခုန်နေဖို့ လိုသလို နှလုံးခုန် မမြန်နေစေဖို့လည်း လိုပါတယ်။
  • နှလုံးအဆို့ရှင် ခွဲစိတ်ကုသခြင်း။ နှလုံးအဆို့ရှင်တစ်ခုခု မကောင်းလို့ နှလုံးကြီးနေမယ်ဆိုရင် အဆို့ရှင်ကို ဖယ်ထုတ်ပြီး လူလုပ်အဆို့ရှင်၊ ဝက် ၊ နွား သေဆုံးသွားသော လူတို့မှရရှိသော အဆို့ရှင်တို့ဖြင့် အစားထိုးခွဲစိတ်မှု ပြုလုပ်နိုင်ပါတယ်။
  • Coronary artery bypass surgery။ နှလုံးသွေးကြောရောဂါတွေကြောင့် နှလုံးကြီးနေမယ်ဆိုရင် ဆရာဝန်တွေက Coronary Artery Bypass Surgery (နှလုံးသွေးကြောလမ်းကြောင်းလွှဲသော ကုသမှု) လုပ်ဖို့ အကြံပြုပါလိမ့်မယ်။
  • ဘယ်ဘက်သွေးလွှတ်ခန်းကို ကူညီထောက်ပံ့ပေးသော ပစ္စည်း (LVAD) ။ နှလုံးကြွက်သားပျက်စီးနေမယ်ဆိုရင်တော့ နှလုံးရဲ့ အားနည်းနေတဲ့ ညှစ်အားကို ထောက်ပံ့ပေးဖို့ ဒီစက်ကို ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။ Left Ventricular Assist Device (LVAD) ထည့်သွင်းထားခြင်းအားဖြင့် နှလုံးအစားထိုးကုသနိုင်ရန် အချိန်ဆွဲထားနိုင်ပါတယ်။ နှလုံးအစားထိုးကုသဖို့ မဟုတ်ရင်လည်း LVAD က နှလုံးကို အချိန်အကြာကြီးအထိ ကုသပေးထားနိုင်ပါတယ်။
  • နှလုံးအစားထိုးကုသခြင်း။ ဘယ်နည်းနဲ့မှ ကုသလို့ မရတော့ဘူးဆိုရင်တော့ နှလုံးအစားထိုးကုသခြင်းက နောက်ဆုံးရွေးချယ်ခြင်းပါပဲ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 18/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement