backup og meta

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း )

    Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ဆိုတာ ဘာလဲ။

    နှလုံးစည်းချက်မမှန်ခြင်း ဆိုတာ နှလုံးရောဂါတစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ ခုန်သင့်တဲ့အချိန်ထက် စောခုန်ခြင်း၊ ခုန်ချင်သလိုခုန်ခြင်း (fibrillation) စသည်တို့ ပါဝင်ပါတယ်။

    နှလုံးစည်းချက်မမှန်ခြင်းက လျှပ်စီးလှုံ့ဆော်မှုများ မူမမှန်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ နှလုံးစည်းချက်မမှန်ခြင်းကို အောက်ပါတို့ကိုအခြေခံပြီး အမည်နဲ့ အမျိုးအစားများ ခွဲနိုင်ပါတယ်။

    Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) က အဖြစ်များသလား

    ဒီရောဂါက အင်မတန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချနိုင်မယ်ဆိုရင်ခြအထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။

    Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ရဲ့လက္ခဏာတွေက ဘာတွေလဲ

    နှလုံးစည်းချက်မမှန်ခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေက

    • နှလုံခုန်နှေးခြင်း – နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၆၀ အောက် ရောက်နေပါမယ်။
    • ရင်တုန်ခြင်း – နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၁၀၀ အထက် ရောက်နေပါမယ်။
    • ရင်ထဲ တလှပ်လှပ်ဖြစ်နေခြင်း
    • ရင်ဘတ်အောင့်ခြင်း
    • အသက်ရှူမဝခြင်း
    • မူးမေ့ချင်သလိုဖြစ်ခြင်း သို့မဟုတ် ခေါင်မူးခြင်း
    • ချွေးစေးများထွက်ခြင်း
    • ရင်ဘတ်ထဲတွင် တဒုန်းဒုန်းနဲ့ ဆောင့်နေသလိုခံစားရခြင်း
    • ရင်ထဲမွန်းကျပ်နေခြင်း
    • အားနည်းခြင်း သို့ မောပန်းလွယ်ခြင်း (အလွန်ပင်ပန်းသလို ခံစားရခြင်း)

    ဒီထဲမှာ မပါတဲ့ အခြားလက္ခဏာများလည်း ရှိနေနိုင်ပါတယ်။ သံသယရောဂါ လက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ကို ဘာတွေကဖြစ်စေသလဲ

    နှလုံးစည်းချက်မမှန်ခြင်းက ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

    • နှလုံးဖောက်ခြင်းကြောင့် နှလုံးမှာ ဒဏ်ဖြစ်ခဲ့ဖူးတာ
    • နှလုံးဖွဲ့စည်းပုံ ပြောင်းလဲသွားတာ (ဥပမာ – နှလုံးကြွက်သားရောဂါ)
    • နှလုံးရှိသွေးလွှတ်ကြောများ ပိတ်တာ (နှလုံးသွေးကြောရောဂါများ)
    • သွေးတိုးတာ
    • သိုင်းရွိက်ဟော်မုန်း ပုံမှန်မဟုတ်တာ
    • တချို့ဆေးများနဲ့ အားဆေးများ (ဥပမာ – အလွယ်တကူဝယ်နိုင်တဲ့ အအေးမိသက်သာဆေးများ၊ အလက်ဂျီသက်သာဆေးများနဲ့ ဖြည့်စွက်အားဆေးများကို အလွန်အကျွံသောက်သုံးပါက)

    Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    နှလုံးစည်းချက်မမှန်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်စေသော အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာအားဖြင့်

    • ဆေးလိပ်သောက်ခြင်း
    • အရက် သို့မဟုတ် ကဖိန်းဓာတ်ပါသည်များ အလွန်အကျွံသောက်ခြင်း
    • မူးယစ်ဆေးစွဲခြင်း
    • စိတ်ဖိစီးမှု
    • ဆီးချိုရောဂါ
    • အိပ်ပျော်စဉ် အသက်ရှူခဏရပ်တတ်ခြင်း
    • မျိုးရိုးလိုက်ခြင်း

    Arrhythmia (နှလုံး စည်းချက်မမှန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    နှလုံးစည်းချက်မမှန်ခြင်း အောက်ပါတို့ဖြင့် အတည်ပြုနိုင်ပါတယ်။

    • ရောဂါလက္ခဏာများနဲ့ ရာဇဝင်ကို မေးခြင်း
    • ခန္ဓာကိုယ်အား စမ်းသပ်ခြင်း
    • အီးစီဂျီဆွဲခြင်း
    • Holter monitor – သယ်ယူသွားနိုင်သော အီးစီဂျီစက်ဖြစ်ပြီး တစ်နေကုန် ဒါမှမဟုတ် အချိန်ကြာကြာ တပ်ဆင်ထားပြီး နှလုံးလုပ်ရှားမှုကို မှတ်ယူနိုင်သည်။
    • Event monitor – ရောဂါလက္ခဏာများ ပေါ်လာစဉ်တွင် နှလုံးစည်းချက်အား စစ်ဆေးနိုင်သည်။
    • နှလုံးအက်ကိုး- နှလုံးအရွယ်အစား၊ ဖွဲ့စည်းပုံနဲ့ လှုပ်ရှားမှုတို့အား ပုံရိပ်ဖော်ကြည့်နိုင်သည်။
    • Implantable loop recorder – မူမမှန်သည့် နှလုံးစည်းချက်များအား ဖမ်းယူရန် သုံးသည်။

    နှလုံးကြောင့်လား တခြားကြောင့်လား သေချာစေရန် တခြားစစ်ဆေးမှုများကို ဆရာဝန်များမှ ညွှန်ကြားနိုင်ပါတယ်။ ဒါတွေကတော့

    • ဖိစီးမှုပေးပြီး စစ်ဆေးခြင်း – ဒီစစ်ဆေးမှုမှာ သင့်ကို လမ်းလျှောက်စက် သို့မဟုတ် စက်ဘီးနင်းစက်တွင် လေ့ကျင့်ခန်းလုပ်ခိုင်းကာ နှလုံးလှုပ်ရှားမှုအား တိုင်းတာမှာ ဖြစ်ပါတယ်။
    • Tilt table test – သင် စားပွဲပေါ်လှဲနေစဉ်နဲ့ မတ်တပ်ရပ်စဉ် ရှိနေမယ့် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို တိုင်းတာပါသည်။ အနေအထားပြောင်းလဲသွားလျှင် တုန့်ပြန်မည့် နှလုံးခုန်နှုန်းအား တွက်ထုတ်ရန်အတွက် မှတ်သားပါလိမ့်မယ်။
    • Electrophysiological testing and mapping – နှလုံးကို ဖြတ်စီးဆင်းနေသော လျှပ်စစ်လှုံ့ဆော်မှုများကို မှတ်သားထားနိုင်ပါတယ်။
    • နှလုံးစည်းချက်မမှန်ခြင်းကို ဖြစ်စေနိုင်တဲ့ သိုင်းရွိက်ဂလင်း ပုံမှန်မမဟုတ်မှုများကို စစ်ဆေးနိုင်သည်။

    Arrhythmia (နှလုံး စည်းချက်မမှန်ခြင်း)ကို ဘယ်လိုကုသပါသလဲ

    နှလုံးစည်းချက်မမှန်ခြင်း ပုံစံပေါ်မူတည်ကာ ကုသမှုနည်းလမ်းများကို ရွေးချယ်ရပါတယ်။

    • နှလုံးခုန်နှေးခြင်းကို ကုသခြင်း

    နှလုံးခုန်နှေးခြင်းကို ဘာကြောင့်ဖြစ်မှန်း သေချာမသိရင် ညှပ်ရိုးအနီးမှာ ပေ့စ်မိတ်ကာလို့ခေါ်တဲ့ စက်လေးမြှုပ်ပြီး ကုသနိုင်ပါတယ်။ နှလုံးခုန် အလွန်နှေးသည့်အခါ သို့ နှလုံးခုန်ရပ်သွားသည့်အခါမှာ ပေ့စ်မိတ်ကာမှ နှလုံးဆီသို့ သွေးကြောများမှတစ်ဆင့် တပ်ဆင်ထားသော ဝိုင်ယာတစ်လျှောက် လျှပ်စစ်လှုံ့ဆော်မှုကို လွှတ်ပေးမည်ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ တည်ငြိမ်နေသော နှလုံးခုန်နှုန်းကို ရရှိစေနိုင်ပါတယ်။

    • နှလုံးခုန်မြန်ခြင်းအား ကုသခြင်း

    နှလုံးခုန်မြန်ခြင်းကို ကုသရန် ရွေးချယ်စရာအမျိုးမျိုးမှာ

    ဆေးများ – နှလုံးစည်းချက်မမှန်  ကုသဆေးများကို နှလုံးခုန်နှုန်းထိန်းရန် သို့မဟုတ် ပုံမှန်နှလုံးစည်းချက်ကို ပြန်ရစေရန် စသဖြင့် နှလုံးခုန်မြန်ခြင်းအမျိုးမျိုးအတွက် သုံးနိုင်ပါတယ်။

    Vagal maneuvers – နှလုံးခုန်နှုန်းကို ထိန်းချုပ်တဲ့ အာရုံကြော (vagus အာရုံကြော) ကို နှိပ်နယ်ပြီး supraventricular tachycardia ကဲ့သို့ နှလုံးစည်းချက်မမှန်ခြင်းကို အရေးပေါ်ကုသနိုင်ပါတယ်။

    Cardioversion – ရင်ဘတ်တွင်တပ်ထားသော ချပ်ပြားများမှ လျှပ်စီးဓာတ်လွှတ်ကာ ပုံမှန်နှလုံးစည်းချက်ကို ပြန်ထိန်းခြင်းဖြစ်သည်။

    Catheter ablation – စည်းချက်မမှန်တဲ့ နှလုံးတစ်ရှူးကို သေးငယ်တဲ့ Catheter ထိပ်ရှိ လျှပ်ခေါင်းဖြင့် ရှော့တိုက်နိုင်ပါတယ်။ ဒီနည်းနဲ့ လျှပ်စီးကြောင်းပိတ်မှုဖြစ်သွားစေပြီး နှလုံးစည်းချက်မမှန်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

    • ခွဲစိတ်ကုသခြင်း

    တခြားကုထုံးများကို လူနာမှ တုံ့ပြန်မှုမရှိတော့တဲ့ အခါမျိုးမှာ နှလုံးစည်းချက်မမှန်ခြင်းကို ကုသရန်အတွက် ခွဲစိတ်ဖို့ လိုအပ်လာနိုင်ပါတယ်။

    ဝင်္ကပါကုထုံး – နှလုံးအပေါ်ပိုင်း (သွေးလွှတ်ခန်း) တွင် နှလုံးတစ်ရှူးများအား အမျိုးမျိုးခွဲကာ ပုံစံတစ်ခုရှိသော သို့မဟုတ် ဝင်္ကပါပုံအမာရွတ်တစ်ရှူးများဖြစ်စေပါတယ်။ အမာရွတ်တွေက လျှပ်စစ်မစီးနိုင်တဲ့အတွက် သွားချင်ရာသွားသည့် လျှပ်စစ်လှုံ့ဆော်မှုများကို ဟန့်တားပေးနိုင်ပါလိမ့်မယ်။

    နှလုံးသွေးကြော လမ်းလွှဲခြင်း – နှလုံးစည်းချက်မမှန်ခြင်းအပြင် ပြင်းထန်တဲ့ နှလုံးသွေးကြောရောဂါများတွဲရှိနေတဲ့အခါ နှလုံးသွေးစီးဆင်းမှုကောင်းအောင် ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

    • ဆားနဲ့ အဆီများကို လျှော့ပါ။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဂျုံကြမ်းများကို များများစားပါ။
    •  နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။
    • ဆေးလိပ်နဲ့ အရက်ကို ရှောင်ပါ။
    • ကိုယ်အလေးချိန်ထိန်းပါ။
    • သွေးတိုး၊ ဆီးချိုနဲ့ သွေးတွင်းကိုလက်စထရောကို ထိန်းပါ။
    • ယောဂ၊ တရားထိုင်ခြင်းနဲ့ စိတ်ဖြေလျှော့ခြင်း နည်းစနစ်များသည် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

    Takeaways

    နှလုံးစည်းချက်မမှန်ခြင်းသည် အခန့်မသင့်ရင် ရုတ်တရက်နှလုံးရပ်သွားပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စနစ်တကျ ကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement