backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

4

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Acute Glomerulonephritis ( ကျောက်ကပ်ရောင်ခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 28/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Acute Glomerulonephritis ( ကျောက်ကပ်ရောင်ခြင်း )

ကျောက်ကပ်ရောင်တယ်လို့ ပြောလိုက်ရင် အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ အဖြစ်အများဆုံးကတော့ Acute Glomerulonephritisလို့ ခေါ်တဲ့ ကျောက်ကပ်ရောင်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။

Acute Glomerulonephritis ( ကျောက်ကပ်ရောင်ခြင်း ) ဆိုတာ ဘာလဲ။

ကျောက်ကပ်ရောင်ခြင်း ဆိုတာ ကျောက်ကပ်ရဲ့ ဆံချည်မျှင် သွေးကြောများစုနေတဲ့ နေရာမှာ ရောင်ရမ်းခြင်းဖြစ်ပါတယ်။

အဲ့ဒီနေရာက ကိုယ်ခန္ဓာထဲမှာ ပိုနေတဲ့ အရည်တွေ၊ ဓာတ်ဆားတွေကို သွေးထဲကနေတဆင့် ဆီးထဲကို စွန့်ထုတ်တဲ့ နေရာဖြစ်တာကြောင့် အဲ့ဒီနေရာမှာ ရောဂါဖြစ်ပြီး အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် ကျောက်ကပ်အလုပ်မလုပ်တော့ဘူးလို့ ခေါ်ပါတယ်။

ကျောက်ကပ်ရောင်ခြင်းမှာ ရုတ်တရက် ရောင်ရမ်းခြင်းနဲ့ နာတာရှည်ရောင်ရမ်းခြင်းဆိုပြီး ၂ မျိုးရှိပါတယ်။ ကျောက်ကပ်ရောင်ခြင်းမှာ ကျောက်ကပ်ကိုယ်တိုင်က ရောင်ခြင်း ဖြစ်နိုင်သလို အခြားသောအကြောင်းများကြောင့် ရောင်ရမ်းခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရောင်ခြင်းက ဆိုးရွားပြီး အချိန်ကြာလာတာနဲ့အမျှ ကျောက်ကပ်ကို ပျက်စီးစေပါတယ်။

ကျောက်ကပ်ရောင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

ကျောက်ကပ်ရောင်ခြင်းရဲ့ ရောဂါလက္ခဏာများက ဖြစ်တဲ့ပုံစံအပေါ် မူတည်ပြီး ကွဲပြားပါတယ်။

သင့်အနေနဲ့ အောက်ပါလက္ခဏာများ သို့မဟုတ် ဆီးအဖြေများမှတဆင့် ရောဂါဖြစ်နေကြောင်း သိနိုင်ပါတယ်။

အစောဆုံးတွေ့ရမည့် ရောဂါ လက္ခဏာများကတော့

  • မျက်နှာ အန်းလာခြင်း
  • ဆီးနည်းလာခြင်း
  • ဆီးသွားရင် သွေးပါခြင်း၊ ဆီးမည်းမည်းသွားခြင်း
  • အဆုတ်ရေဝိုင်းခြင်း၊ ချောင်းဆိုးခြင်း
  • သွေးတိုးခြင်းတို့ ဖြစ်ပါသည်။

နာတာရှည် ကျောက်ကပ်ရောဂါမှာတော့ ဘယ်လက္ခဏာမျိုးမဆို ဖြစ်နိုင်ပါတယ်။ လက္ခဏာများက ဖြည်းဖြည်းချင်း ပေါ်လာတတ်ပါတယ်။ ဒါတွေကတော့

  • ဆီးစစ်ရင် ဆီးထဲမှာ သွေးနဲ့ ပရိုတင်းများကို တွေ့ရခြင်း
  • သွေးတိုးခြင်း
  • ခြေလက်များ ဖောရောင်ခြင်း
  • ညဘက်မှာ မကြာခဏဆီးသွားခြင်း
  • ဆီးထဲမှာ ပရိုတင်းဓာတ်များခြင်းကြောင့် အမြှုပ်ထခြင်း
  • မကြာခဏ နှာခေါင်းသွေးလျှံခြင်းတို့ ဖြစ်ပါတယ်။

ကျောက်ကပ်ရောင်ရာကနေ ကျောက်ကပ်အလုပ်မလုပ်တော့တဲ့အထိ ဆိုးရွားလာတဲ့အခါ အောက်ပါလက္ခဏာများကို ခံစားရမှာ ဖြစ်ပါတယ်။

  • ပင်ပန်းနွမ်းနယ်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • အရေပြား ယားခြင်း၊ အသားခြောက်ခြင်း
  • ညဘက်တွင် ကြွက်တက်ခြင်း တို့ဖြစ်ပါတယ်။

ကျောက်ကပ်ရောင်ခြင်း ကို ဘာတွေက ဖြစ်စေသလဲ

လည်ချောင်းရောင်စေသော Strep ဘက်တီးရီးယား၊ သွားပြည်တည်ခြင်းများက ပိုးတွေက ရုတ်တရက် ကျောက်ကပ်ရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပိုးတွေကြောင့် ဆိုတာထက် သင့်ကိုယ်ထဲရှိ ကိုယ်ခံအားစနစ်က ဒီဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်တာအပြင် ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေကိုပါ မှားယွင်းပြီး တိုက်ခိုက်တာကြောင့် ကျောက်ကပ်ထိရခြင်း ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးတွေကတော့ ခုခံအား‌စနစ်က တိုက်ထုတ်တာနဲ့တင် ပျောက်သွားနိုင်ပါတယ်။

ဒါပေမဲ့ ခုခံအားက မှားယွင်းတိုက်ခိုက်တာကြောင့် ဖြစ်လာတဲ့ ကျောက်ကပ်ရောင်ခြင်းကိုတော့ ကုသဖို့ လိုပါတယ်။

ကူးစက်ရောဂါများ

  • Strep ဘက်တီးရီးယားပိုးဝင်ပြီးနောက် ကျောက်ကပ်ရောင်ခြင်း

Strep ဘက်တီးရီးယားပိုးကြောင့် လည်ချောင်းနာပြီး ၁ ပတ်၊ ၂ ပတ်အကြာတွင် ဖြစ်ခြင်းဖြစ်ပါတယ်။ တခါတရံ အရေပြားပိုးဝင်ပြီးနောက်တွင်လည်း ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ခြင်းများကို တိုက်ခိုက်ဖို့အတွက် ကိုယ်ထဲကထုတ်တဲ့ ခုခံအားဓာတ်များက ကျောက်ကပ်မှာ စုပုံပြီး ကျောက်ကပ်ရောင်ခြင်း ဖြစ်လာရပါတယ်။ ကလေးတွေက လူကြီးတွေထက် ပိုဖြစ်တတ်ပြီး ပိုလည်း မြန်မြန် ပျောက်လွယ်ပါတယ်။

ဘက်တီးရီးယားများက သွေးထဲမှတဆင့် နှလုံးကို ရောက်ရှိပြီး နှလုံးအဆို့ရှင်များမှာ ပိုးဝင်စေပါတယ်။ နှလုံးအဆို့ရှင်မှာ နဂိုတည်းက ရောဂါဖြစ်ခြင်း၊ အဆို့ရှင် အတုများ တပ်ထားခြင်းတို့ရှိရင် ပိုပြီး ပိုးဝင်လွယ်စေပါတယ်။ ဒီဖြစ်စဉ်နဲ့ ကျောက်ကပ်ရောင်ခြင်းတို့ ဆက်စပ်မှုရှိပေမဲ့ ဘယ်လိုဆက်စပ်သလဲဆိုတာကို အတိအကျ မသိရသေးပါ။

  • ဗိုင်းရပ်စ်ပိုးဝင်ခြင်း

HIV ပိုး၊ အသည်းရောင် အသားဝါ ဘီ၊ စီ ပိုးများကြောင့်လည်း ကျောက်ကပ်ရောင်တတ်ပါတယ်။

ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါများ

  • လူးပပ်စ်ရောဂါ

ဒီရောဂါက အရေပြား၊ အဆစ်များ၊ ကျောက်ကပ်၊ နှလုံး၊ အဆုတ်နဲ့ သွေးဆဲလ်များမှာ ဖြစ်တတ်တဲ့ နာတာရှည်ရောင်ရမ်းမှုရောဂါ ဖြစ်ပါတယ်။ အရေပြားလေးဖက်နာလို့ လူသိများပါတယ်။

  • Goodpasture ရောဂါစု

ဒါက နမိုးနီးယား အဆုတ်ရောင်ရောဂါနဲ့ ဆင်တူပြီး အဆုတ်နဲ့ ကျောက်ကပ်မှာ သွေးယိုတတ်တဲ့ ရောဂါ ဖြစ်ပါတယ်။

  • IgA ကျောက်ကပ်ရောဂါ

IgA လို့ခေါ်တဲ့ ပဋိပစ္စည်းများက ကျောက်ကပ်မှာ စုပုံတာကြောင့် ဆီးသွားရင် သွေးပါခြင်းများ ဖြစ်နိုင်ပါတယ်။ ဒီရောဂါက အချိန်ကြာလာတာနဲ့အမျှ မသိမသာ တဖြည်းဖြည်းဆိုးလာနိုင်ပါတယ်။

သွေးကြောများရောင်ခြင်း

  • သွေးပြန်ကြောများ ရောင်ခြင်း

နှလုံး၊ ကျောက်ကပ်နဲ့ အူလမ်းကြောင်းရှိ သွေးကြောအသေးများနဲ့ အလယ်လတ်သွေးကြောများ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။

  • ကိုယ်ခံအားစနစ် ယိုယွင်းမှုကြောင့် ဖြစ်သောရောဂါ

အဆုတ်၊ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းနဲ့ ကျောက်ကပ်ရှိ သွေးကြောအသေးများနဲ့ အလယ်လတ်သွေးကြောများ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။

ကျောက်ကပ်မှာ အမာရွတ်ဖြစ်စေတဲ့ အခြေအနေများ

  • သွေးတိုးရောဂါ

သွေးတိုးရောဂါကြောင့် ကျောက်ကပ်ကို ပျက်စီးစေသလို ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုများကိုလည်း မူမမှန်ဖြစ်စေပါတယ်။ ဒီလိုပဲ ကျောက်ကပ် ပျက်စီးတဲ့အခါ သွေးတိုးရောဂါ ဖြစ်တတ်ပါတယ်။

ဆီးချိုသမားများသည် ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ ဆီးချိုဖြစ်ပြီး နှစ်အတော်ကြာမှာ ကျောက်ကပ်ထိခိုက်ခြင်း ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်များနဲ့ သွေးပေါင်ကို ထိန်းညှိခြင်းက ကျောက်ကပ် ပျက်စီးမှုနှုန်းကို နှေးစေပါတယ်။

  • ကျောက်ကပ် အပိုင်းများ ရောင်ခြင်း

ကျောက်ကပ်တစ်ခုလုံး မရောင်ဘဲ ကျောက်ကပ်ရှိ အစိတ်အပိုင်းလေးများ ရောင်ခြင်းဖြစ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါ။

ကျောက်ကပ်ရောင်ခြင်းဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ကျောက်ကပ်ရောင်ခြင်း ဖြစ်နိုင်ချေကို များစေတဲ့ အကြောင်းများစွာရှိပါတယ်။ ဥပမာ

  • အမိုက်လွိုက်ပရိုတင်းများ စုပုံခြင်း
  • ကျောက်ကပ်အမြှေးကို ခုခံအားက တိုက်ခိုက်ခြင်း
  • သွေးကြောများ ရောင်ရမ်းခြင်း
  • Good pasture ရောဂါစုဖြစ်ခြင်း
  • အကိုက်အခဲပျောက်ဆေးများ (ဥပမာ– NSAID )အလွန်အကျွံ သုံးခြင်း
  • Ig A ကျောက်ကပ်ရောဂါ
  • လူပပ်စ် ကျောက်ကပ်ရောဂါ

ကျောက်ကပ်ရောင်ခြင်း ကို ဘယ်လိုအတည်ပြုပါသလဲ

ကျောက်ကပ်ရောင်ခြင်းရဲ့ ရောဂါလက္ခဏာများက ဖြစ်တဲ့ပုံစံအပေါ် မူတည်ပြီး ကွဲပြားပါတယ်။

သင့်အနေဖြင့် လက္ခဏာများ သို့မဟုတ် ဆီးအဖြေများမှတဆင့် ရောဂါ ဖြစ်နေကြောင်း သိနိုင်ပါတယ်။ ဒါ့ပြင် အောက်ပါဆေးစစ်မှုများကို ကြည့်ပြီးတော့လည်း ကျောက်ကပ်ရဲ့ စွမ်းဆောင်ရည်ကို သိနိုင်ပါတယ်။

ဆီးစစ်ခြင်း

ဆီးထဲတွင် သွေးနီဥများ ပါဝင်နေခြင်းက ကျောက်ကပ်ရောင်ခြင်းကို ပြသခြင်းဖြစ်ပါတယ်။ ဒါ့ပြင် ဆီးထဲမှာ အသားဓာတ်များနေခြင်း၊ သွေးဖြူဥများနေခြင်းကလည်း ကျောက်ကပ်ပိုးဝင်ခြင်းကို ပြသခြင်းဖြစ်ပါတယ်။ ဆီးအဆိပ်များ(Urea, Creatinine) တက်နေခြင်းကနေလည်း သိနိုင်ပါတယ်။

သွေးစစ်ခြင်း

သွေးထဲမှာ ဆီးအဆိပ်များ(Urea, Creatinine) တက်နေခြင်းကို ကြည့်ပြီး ကျောက်ကပ်ရောင်ခြင်းကို သိနိုင်ပါတယ်။

ပုံရိပ်ဖမ်းစက်များနဲ့ စစ်ဆေးခြင်း

ရောဂါကို တိတိကျကျ သိနိုင်ဖို့ ကျောက်ကပ်ရဲ့ ပုံရိပ်များကို ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ အယ်ထွာဆောင်းရိုက်ဖို့ လိုနိုင်ပါတယ်။

အသားစယူခြင်း

ကျောက်ကပ် အသားစကို အပ်ချောင်းနဲ့ ယူပြီး ဓာတ်ခွဲစစ်ဆေးခြင်းကနေလည်း ကျောက်ကပ်ရောင်ခြင်းကို သိနိုင်ပါတယ်။ ကျောက်ကပ်ရောင်ကြောင်း သေချာစေဖို့ အသားစယူခြင်းက အတိကျဆုံးဖြစ်ပါတယ်။

ကျောက်ကပ်ရောင်ခြင်းကို ဘယ်လိုကုသပါသလဲ

ဆေးကုသမှုပုံစံများက အောက်ပါအချက်များအပေါ် မူတည်ပြီး ကွဲပြားပါတယ်။

  • ကျောက်ကပ်ရောင်ခြင်း အမျိုးအစား
  • ရောဂါအခံများ
  • ရောဂါ လက္ခဏာများ ဆိုးရွားမှု အဆင့်

အချို့သော ကျောက်ကပ် ရုတ်တရက်ရောင်ခြင်းများက Strep ဘက်တီးရီးယားပိုးကြောင့် ဖြစ်တတ်ပြီး အများစုက အလိုလို ပျောက်ကင်းနိုင်ပါတယ်။

ကျောက်ကပ်ရောင်ခြင်းကို ကုသရခြင်းရဲ့ ရည်ရွယ်ချက်က ကျောက်ကပ်ကို ထိခိုက်ပျက်စီးမှုများမှ ကာကွယ်လိုခြင်းကြောင့် ဖြစ်ပါတယ်။

သွေးပေါင်ချိန်ကို ထိန်းထားခြင်းကလည်း ကျောက်ကပ် မပျက်စီးအောင် ကာကွယ်နိုင်တာကြောင့် သင့်မှာ သွေးတိုးရောဂါရှိရင် သွေးပေါင်ကျဆေးများဖြစ်တဲ့ ဆီးဆေးများ၊ ACE Inhibitors၊ Angiotensin II receptor blockers ဆေးများကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

ဒါ့ပြင် ကျောက်ကပ်ရောင်စေတဲ့ အခြားအကြောင်းများရှိနေရင် သွေးတိုးကျဆေးများအပြင် သက်ဆိုင်ရာရောဂါအတွက် ဆေးများကိုပါ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ ဥပမာ

  • Strep ဘက်တီးရီးယားပိုး သို့မဟုတ် အခြားသော ဘက်တီးရီးယားများကြောင့် ဖြစ်တဲ့ ကျောက်ကပ်ရောင်ခြင်းများမှာ ပိုးသတ်ဆေးများပေးပြီး ရောဂါဝေဒနာများကို သက်သာစေနိုင်ပါတယ်။
  • လူးပပ်စ်ကျောက်ကပ်ရောဂါမျိုးမှာ စတီးရွိုက် အရောင်ကျဆေးများ၊ ကိုယ်ခံအားစနစ်ကို ထိန်းပေးတဲ့ ဆေးများကို ပေးရပါတယ်။
  • IgA ကျောက်ကပ်ရောဂါဆိုရင်လည်း ကိုယ်ခံအားစနစ်ကို ထိန်းပေးတဲ့ ဆေးများကို ပေးရပါတယ်။
  • Goodpasture ရောဂါစုကို ခံစားနေရသူများမှာ သွေးတွင်းကိုယ်ခံအားဓာတ်များကို ဆေးပစ်ပြီး အခြားသူရဲ့ သွေးရည်ကြည် သို့မဟုတ် အခြားအရည်များကို သွေးကြောထဲသို့ ပြန်သွင်းရပါတယ်။

ရုတ်တရက် ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်ခြင်း ဖြစ်သူတွေမှာတော့ ကိုယ်ထဲမှ အရည်ပိုများကို ထွက်အောင် လုပ်ခြင်း၊ သွေးပေါင်ချိန် ထိန်းခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ နောက်ဆုံးအဆင့် လူနာတွေမှာတော့ ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ် အစားထိုးခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ ကျောက်ကပ် အစားထိုးဖို့ အခြေအနေမပေးသေးရင်တော့ ကျောက်ကပ်မှန်မှန်ဆေးပြီး ထိန်းထားနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်တွင်းကုထုံးများက ကျောက်ကပ်ရောင်လူနာများအတွက် အကူအညီဖြစ်နိုင်ပါတယ်။

  • ကိုယ်ထဲမှာ အရည်များ စုနေခြင်း၊ ဖောရောင်ခြင်း၊ သွေးတိုးခြင်းများ သက်သာစေရန် အငန်လျှော့စားပါ။
  • သွေးထဲမှာ အဆိပ်အတောက်များ မပိုလျှံစေဖို့ အသားဓာတ်များနဲ့ ပိုတက်ဆီယမ်ဓာတ်များကို ထိန်းစားပါ။
  • ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ ကိုယ်အလေးချိန် ထိန်းပါ။
  • ဆီးချိုရောဂါ ရှိပါက သွေးတွင်းသကြားဓာတ်ကို ထိန်းပါ။
  • ဆေးလိပ်ဖြတ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 28/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement