backup og meta

အိမ်မွေးတိရစ္ဆာန်မှတဆင့် ကူးစက်တတ်သော ရောဂါများ


Ye Zon Aung မှ ရေးသားသည်။ · 08/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မွေးတိရစ္ဆာန်မှတဆင့် ကူးစက်တတ်သော ရောဂါများ

    ကိုယ်ချစ်လို့ မွေးမြူထားတဲ့ အိမ်မွေးသတ္တဝါလေးတွေဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေကို ယူဆောင်လာတတ်တယ်ဆိုတာကို သင်သိပါသလား? Zoonotic illnesses လို့ ခေါ်တဲ့ တိရစ္ဆာန်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဟာ တောရိုင်းတိရစ္တာန်တွေဆီကနေသာမက အိမ်မွေးသတ္တဝါလေးတွေဆီကနေတဆင့်လည်း ရောက်လာတတ်ပါတယ်။

    များသောအားဖြင့် အိမ်မွေးသတ္တဝါလေးတွေဆီက ကူးစက်တဲ့ရောဂါတွေဟာ ကိုယ်ခံအားစနစ်နဲ့ အဓိကအားဖြင့်သက်ဆိုင်လေ့ရှိပြီးတော့ တချို့သောရောဂါတွေဟာ ပြင်းထန်တတ်တာမို့ အထူးဂရုပြုစောင့်ရှောက်ပေးဖို့ လိုအပ်လေ့ရှိပါတယ်။

    အိမ်မွေး တိရိစ္ဆာန်တွေကနေ ကူးစက်နိုင်တဲ့ ရောဂါတွေဆိုတာ ဘယ်လို ရောဂါမျိုးတွေလဲ။

    ခွေးရူးပြန်ရောဂါ

    ခွေးရူးပြန်ရောဂါ (Rabies) ဟာ အိမ်မွေးခွေး၊ လမ်းဘေးခွေးမရွေးပဲ ရောဂါပိုးရှိတဲ့ ခွေးအကိုက်ခံရရုံနဲ့ ကူးစက်နိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆိုပါ ပိုးကို သယ်ဆောင်ထားတဲ့ ခွေးမျိုး ကိုက်တာခံခဲ့ရပြီး အချိန်မီ ကာကွယ်ဆေးမထိုးနိုင်ခဲ့ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ပျက်ဆီးပြီး သေဆုံးတဲ့အထိ ကြုံရနိုင်ပါတယ်။ တစ်ခုသိထားရမှာက အဆိုပါရောဂါဟာ ခွေးတွေမှာသာမက ကြောင်တွေမှာလည်း ဖြစ်နိုင်တာပါပဲ။

    တော့ဆိုပလပ်စမိုးဆစ်

    Toxoplasmosis (တော့ဆိုပလပ်စမိုးဆစ်) ရောဂါဟာ တုပ်ကွေးဆန်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ကြောင်တွေကနေ ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကို သတိထားသင့်ပါတယ်။ Toxoplasma Gondi လို့ခေါ်တဲ့ ဆဲလ်တစ်ခုတည်းပါတဲ့ ကပ်ပါးကောင်ဟာ Toxoplasmosis ရောဂါကို ဖြစ်စေတဲ့အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ၎င်းဟာ ကပ်ပါးကောင်တစ်မျိုးဖြစ်ပြီး ကြောင်တွေက အဓိက သယ်ဆောင်တာ ဖြစ်ပါတယ်။

    ကြောင်ကုတ်ရောဂါ

    Bartonellosis ရောဂါကို ကြောင်ကုတ်ရောဂါလို့လည်း ခေါ်ကြပါတယ်။ ဘက်တီးရီးယားပိုးကနေတဆင့် ကူးစက်တဲ့ အဆိုပါရောဂါ ကြောင်တွေနဲ့ ကြောင်သန်းတွေကနေတဆင့် ကူးစက်လေ့ရှိပါတယ်။ Bartonellosis ဟာ ကြောင်ကုတ်ခံရတာ၊ အကိုက်ခံရတာတွေကြောင့် အဓိကကူးစက်လေ့ရှိပါတယ်။ တုပ်ကွေးနဲ့ လက္ခဏချင်းဆင်တူတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။

    သန်စွဲရောဂါ

    ကြောင်နဲ့ ခွေးတွေကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ သန်စွဲရောဂါလည်း ပါပါတယ်။ သန်ကောင်အမျိုးအစား တွေကတော့ Roundworms (သန်လုံးကောင်) ၊ Pinworms (တုပ်ကောင်) ၊ Hookworms (ချိတ်ပြားသန်ကောင်) နဲ့ Whipworms (ကြာပွတ်နှင့်တူသော ဝမ်းပျက်စေသည့်သန်ကောင်) တွေဆိုပြီး အမျိုးမျိုး ရှိကြတာပါ။ သန်ကောင်တွေက တစ်ကောင်တည်းလည်း ရှိနေနိုင်သလို အကောင်တွေအများကြီး ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အစားအသောက်တွေပုံမှန်စားနေပေမယ့် ကိုယ်အလေးချိန်တိုးမလာတာမျိုး၊ အစားစားချင်စိတ်မရှိတာမျိုး၊ ဝမ်းချုပ်နေတာနဲ့ ဗိုက်ထဲကနာနေတာ၊ လူအရမ်းပင်ပန်းနေတတ်တာမျိုးတွေ ဖြစ်နေပြီဆိုရင် သင် သန်ချဖို့ လိုအပ်နေပါပြီ။

    ပွေး

    ပွေးရောဂါ (Ringworm) ဟာ အဖြစ်များတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး အိမ်မွေးတိရိစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ပွေးဟာ အရေပြားကို မှိုစွဲစေတဲ့ ရောဂါတစ်မျိုးဖြစ်တာမို့ ခန္ဓာကိုယ် အနှံ့မှာဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါဟာ အရေပြားမှာ အရင်ဆုံး အနီကွက်တွေ ဖြစ်လာရာကနေ ခန္တာကိုယ်အနှံ့ကို ပျံ့နှံ့သွားတတ်တာပါ။ ဦးရေပြား၊ ခြေဖဝါး၊ ပေါင်ခြံ၊ မေးစေ့တို့လိုနေရာတွေမှာ အဖြစ်များပါတယ်။ ပွေးဟာ လူတွေမှာရော တိရိစ္ဆာန်တွေမှာပါဖြစ်ပွားတတ်တဲ့ ရောဂါမျိုးဖြစ်ပြီး ပွေးရောဂါရှိတဲ့ တိရိစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ်နေထိုင်တာကနေတဆင့် လူတွေဆီ ကူးစက်နိုင်ပါတယ်။

    ဆယ်မိုနဲလား

    တလောလေးကတင် ကြက်သားတွေမှာ ဆယ်မိုနဲလား (Salmonella) ပိုးပါဝင်တယ်ဆိုတဲ့ သတင်းကြားမိလိုက်မယ်ထင်ပါတယ်။ ဆယ်မိုနယ်လားဟာ ကြက်တွေမှာသာမက အချို့မိသားစုတွေ အလှမွေးလေ့ရှိတဲ့ ပုတ်သင်ညို၊ မြွေ၊ လိပ်တွေလို တိရစ္ဆာန်တွေမှာလည်းရှိနေတတ်ပါတယ်။ ဆယ်မိုနဲလားဟာ လူတွေကို ဖျားနာစေတဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပြီးတော့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ယေဘုယျအားဖြင့် ဆယ်မိုနဲလား ရောဂါပိုး အများစုဟာ အသား၊ ကြက်ဥ အစရှိတဲ့ အစားအစာတွေက ရောက်လာတတ်တာဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါပိုးဝင်စေတဲ့ အဓိကအကြောင်းအရင်းဟာ တွားသွားသတ္တဝါတွေနဲ့ ဆက်စပ်နေလေ့ ရှိပါတယ်။ ဆယ်မိုနဲလားဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ သက် ၅ နှစ်အောက် ကလေးငယ်တွေမှာဖြစ်ပွားနှုန်း ပိုမြင့်မားတတ်ပါတယ်။ ကိုယ့်မှာ ကိုယ်ဝန်ရှိနေပြီး ကိုယ်ဝန်ဆောင်ထားရတယ်ဆိုရင် အိမ်မွေးတွားသွားသတ္တဝါတွေကို အိမ်မှာ လုံးဝမထားသင့်ပါဘူး။

    ဦးနှောက် အမြှေးရောင်ရောဂါ

    ဦးနှောက်အမြှေးရောင်ရောဂါ (Cryptococcosis) ဟာ ငှက်တွေကနေဆင့် ကူးစက်နိုင်တဲ့ မှိုရောဂါတစ်မျိုးဖြစ်ပြီး သစ်ခေါက်အဆွေးတွေနဲ့ ငှက်ချေးတွေမှာ အများဆုံး တွေ့မြင်ရတတ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ခိုချေးကနေ အများဆုံး ကူးစက်ပါတယ်။ ဒီမှိုလေးတွေဟာ လေထုထဲကနေတဆင့် ပျံ့နှံ့တတ်ပြီး လေထဲကနေ တစ်ဆင့်ရှူမိလိုက်တာနဲ့တင်ရောဂါ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့ အဆုတ်ရောင်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာတွေနဲ့ အဖျားတက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ရောဂါပိုး ဦးနှောက်ကိုရောက်သွားပြီး ဦးနှောက်အမြှေးပါးရောင်စေခဲ့ရင် ခေါင်းကိုက်တာ၊ ကိုယ်ပူတာနဲ့ ဇက်နာတာတွေကို ဖြစ်စေပါတယ်။ ခုခံအားနည်းနေတဲ့သူတွေအတွက် အန္တရာယ်ကြီးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

    ကြက်တူရွေးအဖျားရောဂါ

    Psittacosis ကို ကြက်တူရွေးအဖျားဝေဒနာလို့ ခေါ်ဆိုပါတယ်။ အိမ်မွေးငှက်မျိုးစိတ်တွေဖြစ်ကြတဲ့ ကြက်တူရွေး၊ သာလိကာနဲ့ ကြက်ဆင်စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အညစ်အကြေးတွေနဲ့ သူတို့ရဲ့ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အရည်တွေကနေတဆင့်ကူးစက်တဲ့ ဘက်တီးရီးယားရောဂါ တစ်ခုပါ။ ဒီငှက်တွေ ကျန်းမာနေရင်တော့ ဘာမှ မဖြစ်ပေမယ့် သူတို့ဆီကို Avian Chlamydiosis လို့ခေါ်တဲ့ ရောဂါပိုးကူးစက်ခံရပြီဆိုရင်တော့ တစ်အိမ်တည်းနေတဲ့ အိမ်သားတွေပါ ရောဂါအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီရောဂါဖြစ်နေတဲ့သူတွေဟာ ချမ်းတုန်ပြီးဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ ချောင်းခြောက်တွေဆိုးပြီး အသက်ရှူရခက်လာတာတွေ ကြုံရတတ်ပါတယ်။ ရောဂါကူးစက်ခံရပြီး ၅ ရက်ကနေ ၁၄ ရက်အတွင်းလက္ခဏာတွေ ပြလာတတ်ပါတယ်။

    မှိုစွဲရောဂါ

    Candidiasis ဟာ လူတွေရဲ့ အရေပြား၊ ခံတွင်း၊ အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းနဲ့ မိန်းမကိုယ်တွေကို ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတစ်ခုပါ။ ဒီမှိုရောဂါဟာ ခိုတွေကနေ ကူးစက်တတ်တဲ့ရောဂါမျိုးဖြစ်သလို ဆီးချိုရှိသူတွေနဲ့ ပဋိဇီဝဆေးတွေကို ကြာရှည် မှီဝဲနေရသူတွေမှာ ပိုဖြစ်နိုင်ချေများပါတယ်။

    E-coli

    E-coli ကတော့ ဝမ်းကိုက်ရောဂါတစ်မျိုးဖြစ်ပြီး အရိုင်း၊ အယဉ် ငှက်အမျိုးအစားတိုင်းရဲ့ အညစ်အကြေးတွေထဲမှာ ပါလေ့ရှိတဲ့ ဘက်တီးရီးယား တစ်မျိုးပါ။ ငှက်တွေရဲ့ အညစ်အကြေးကို ကိုင်မိပြီး လက်ကိုသေချာပြန်မဆေးတာတို့၊ သစ်ပင်အောက်မှာ အစာစားနေရင်း စားနေတဲ့ အစားအစာထဲကို ငှက်ချေးစင်သွားတာတို့ ၊ ထမင်းဟင်းချက်ပြုတ်တဲ့နားမှာ ငှက်တွေ အများကြီးရှိနေတာတွေက ဝမ်းပျက်တာကိုဖြစ်စေတဲ့ E-coli ရောဂါပိုးကို ဖိတ်ခေါ်နေသလို ဖြစ်နေတတ်ပါတယ်။ ဒီရောဂါဟာ ပြင်းထန်ရင် အသက်အန္တရာယ်နဲ့ နီးစပ်တဲ့ ရောဂါတစ်မျိုးပါ။

    Lyme ရောဂါ

    ခွေးတွေ ကြောင်တွေကနေတဆင့် ကူးစက်နိုင်တဲ့ နောက်ထပ် ပြင်းထန် အဖျားဝေဒနာတစ်မျိုးကို Lyme ရောဂါ (Lyme Disease) လို့ ခေါ်ပါတယ်။ Lyme ရောဂါဟာ Borrelia burgdorferi ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး ၃ ရက်ကနေ ရက် ၃၀ အတွင်းမှာ ရောဂါလက္ခဏာတွေ ပြသလာနိုင်ပါတယ်။ ဒီရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး နှစ်စဉ် လူသိန်းနဲ့ချီ Lyme ရောဂါ ဝေဒနာ ခံစားရလေ့ရှိပါတယ်။ Lyme ရောဂါ ကူးစက်ခံထားရသူတွေဟာ ချမ်းတုန်တာ၊ ထိုင်းမှိုင်းလေးလံငိုက်မျဉ်းတာ၊ အဖျားတက်တာ၊ အဆစ်အမြစ်ရောင်ရမ်းတာ၊ မျက်နှာကြွက်သားများ အကြောသေပြီး မလှုပ်ရှားနိုင်တော့တာ၊ ကိုယ်တွင်း အကျိတ်များ ရောင်ရမ်းတာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ ကြွက်သားနာတာ၊ ထုံကျဉ်တာ၊ ရင်တလှပ်လှပ်တုန်တာ၊ ဇက်တောင့်တာတွေ ခံစားရနိုင်ပါတယ်။

    အထက်မှာဖော်ပြထားတဲ့ ရောဂါတွေဟာ အိမ်မွေးတိရစ္ဆာန်လေးတွေကနေတဆင့် ကူးစက်နိုင်တဲ့ အဓိအကျဆုံး ရောဂါတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကြောင့်မို့တော့ ကိုယ့်ရဲ့ အချစ်တော် သတ္တဝါလေးတွေကို စွန့်ပစ်လိုက်ဖို့ မလိုအပ်ပါဘူးနော်။

    အဓိကအားဖြင့် ဒီရောဂါတွေထဲက အများစုဟာ ကိုယ်ခံအားစနစ်၊ အပြုအမူစတာတွေနဲ့ အဓိက သက်ဆိုင်လေ့ရှိပြီးတော့ ကိုယ်ခံအားစနစ်အားနည်းသူတွေ၊ တိရစ္ဆာန်တွေကို ပွေ့ဖက်၊ နမ်းရှုပ်မှုပြုလုပ်သူတွေအနေနဲ့သာ ဂရုပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင်သာမက ရင်သွေးငယ်တွေကိုလည်း တိရိစ္ဆာန်တွေကို ပွေ့ဖက်တာ၊ နမ်းရှုပ်တာ၊ အတူအိပ်တာမျိုးတွေ မလုပ်ဖြစ်အောင် သတိပေးတားမြစ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်နဲ့ ပါးစပ်ကို စင်ကြယ်စွာဆေးဖို့လိုအပ်ပြီး အထူးသဖြင့် ရင်သွေးငယ်တွေကို အဆိုပါ အလေ့အထမျိုး ပြုလုပ်ပေးဖို့ အထူးအရေးကြီးပါတယ်။ ဒီလိုနည်းလမ်းတွေကိုသာ ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် ခွေး၊ ကြောင်၊ ငှက်စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေဆီကနေ ရောဂါကူးစက်ခံရတာမျိုးဖြစ်လာဖို့ အခွင့်အလမ်းနည်းပါးနေမှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 08/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement