သွေးလွန်တုပ်ကွေး (Dengue fever)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

ခြင်ကနေတဆင့်ကူးစက်ပြန့်ပွားတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ပိုးမွှား ၄ မျိုးထဲက တစ်မျိုးကြောင့်ဖြစ်တာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါလို့အဖျားတက်တဲ့ အခါ ပြင်းထန်တဲ့ အဆစ်အမြစ်နဲ့ကြွက်သားတွေနာကျင်မှုကိုခံစားရတာကြောင့် သွေးလွန်တုပ်ကွေးကို “ break-bone” fever လို့လည်းခေါ်ကြပါတယ်။

အပျော့စား သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့အခါ အဖျားတက်တာ၊အနီရောင်အဖုအပိမ့်တွေထွက်တာ၊ကြွက်သားနဲ့ အရိုးတွေနာကျင်ကိုက်ခဲတာတွေခံစားရနိုင်ပါတယ်။ အပြင်းစား သွေးလွန်တုပ်ကွေးရောဂါအမျိုးအစားဖြစ်တဲ့ dengue hemorrhagic fever ကိုခံစားရတဲ့အခါ သွေးလွန်တာ၊ ရုတ်တရက်သွေးပေါင်ကျတာနဲ့သေဆုံးတာတွေ အထိဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

ဘယ်လောက်အဖြစ်များလဲ

နှစ်စဉ် ကမ္ဘာတလွှားမှာသွေးလွန်တုပ်ကွေးရောဂါခံစားနေရသူဦးရေက သန်းနဲ့ချီပြီးရှိပါတယ်။ သွေးလွန်တုပ်ကွေး ကအသက်အရွယ်မရွေးခံစားရနိုင်ပါတယ်။ များသောအားဖြင့်မိုးရာသီနဲ့မိုးရာသီကုန်ဆုံးပြီးချိန်မှာ အပူပိုင်းဇုန် နဲ့ သမပိုင်းဇုန်ဒေသတွေဖြစ်တဲ့

  • အာဖရိက
  • အရှေ့တောင်အာရှဒေသ နဲ့ တရုတ်နိုင်ငံ
  • အိန္ဒိယ
  • အရှေ့အလယ်ပိုင်းဒေသ
  • ကာရေဗီယန်၊ တောင်အမေရိက နဲ့ အမေရိကအလယ်ပိုင်း
  • သြစတြေးလျ၊ ပစိဖိတ်တောင်ပိုင်း နဲ့ အလယ်ပိုင်း၊ တို့မှာ သွေးလွန်တုပ်ကွေးအဖြစ်များပါတယ်။

ရောဂါလက္ခဏာများ

သွေးလွန်တုပ်ကွေးရဲ့ရောဂါလက္ခဏာအချို့က ဘာတွေလဲ။

classic dengue၊ dengue hemorrhagic fever နဲ့ dengue shock syndrome ဆိုပြီးသွေးလွန်တုပ်ကွေးရောဂါ အမျိုးအစား ၃ မျိုးရှိပါတယ်။

Classic Dengue

ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်တွေအကိုက်ခံရပြီးတဲ့နောက်မှာ ၄ ရက်ကနေ ၇ ရက်အတွင်း အဖျားစတက်လာတဲ့အချိန်မှာ –

  • အဖျားက ၁၀၅ ဒီဂရီဖာရင်ဟိုက်အထိတက်လာတာ
  • မခံမရပ်နိုင်အောင်ခေါင်းကိုက်တာ
  • Retro-orbital (မျက်လုံးနောက်ပိုင်း) နာကျင်မှု
  • အဆစ်တွေနဲ့ကြွက်သားတွေနာကျင်ကိုက်ခဲမှု
  • ပျို့အန်တာ၊အော့အန်တာ
  • အနီရောင်အဖုအပိမ့်တွေထွက်တာ၊

အရေပြားပေါ်ကအနီရောင်အဖုအပိမ့်တွေက အဖျားစဝင်ချိန်ကနေစပြီး ၃ ရက်ကနေ၄ ရက်အတွင်းမှာ ခန္ဓါကိုယ် ရဲ့နေရာအနှံ့မှာထွက်လာပြီး ၁ ရက် ၂ ရက်အကြာမှာသက်သာသွားပါတယ်။ ရက်အနည်းငယ်ကြာရင် နောက်တစ် ကျော့ပြန်ဖြစ်လာပါတယ်။

Dengue Hemorrhagic Fever ( အပြင်းစားသွေးလွန်တုပ်ကွေးရောဂါ)

Dengue hemorrhagic fever (အပြင်းစား သွေးလွန်တုပ်ကွေးရောဂါ) ဖြစ်ပေါ်ခံစားရတဲ့အခါ classic dengue ဖြစ်တဲ့အခါ ခံစားရတဲ့လက္ခဏာတွေအပြင်

  • သွေးကြောနဲ့ပြန်ရည်ကြောတွေပျက်စီးတာ
  • နှာခေါင်း၊သွားဖုံးနဲ့အရေပြားအောက်ဘက်မှာ သွေးထွက်တာကြောင့် သွေးခြည်ဥတာမျိုးတွေဖြစ်တာ ကိုပါခံစားရပါတယ်။

သည်သွေးလွန်တုပ်ကွေးရောဂါအမျိုးအစားကအသက်ဆုံးရှုံးသည်အထိဖြစ်စေနိုင်ပါတယ်။

Dengue Shock Syndrome (အပြင်းထန်ဆုံးသော သွေးလွန်တုပ်ကွေးရောဂါ)

Dengue Shock Syndrome (အပြင်းထန်ဆုံးသော သွေးလွန်တုပ်ကွေးရောဂါ) မှာ အထက်ပါသွေးလွန်တုပ်ကွေးရောဂါနှစ်မျိုးစလုံးမှာခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကိုခံစားရနိုင်တဲ့အပြင်

  • သွေးကြောထဲကနေ အရည်တွေစိမ့်ထွက်တာ
  • သွေးလွန်တာ
  • သွေးပေါင်ချိန်တအားကျတာမျိုးတွေကိုခံစားရပါတယ်။

ဒီသွေးလွန်တုပ်ကွေးရောဂါက ကလေးတွေမှာအဖြစ်များပြီး အရွယ်ရောက်လာတဲ့အချိန်မှာ နောက်ထပ်တစ်ကြိမ် သွေးလွန်တုပ်ကွေးရောဂါကိုခံစားရနိုင်ပါတယ်။

အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာမျိုးတွေလည်းခံစားရနိုင်ပါတယ်။ တကယ်လို့ သွေးလွန်တုပ်ကွေး ဖြစ်နေတယ်၊လို့ယူဆရတဲ့လက္ခဏာတစ်ရပ်ရပ်ဖြစ်ပေါ်နေတယ်၊လို့သံသယရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်လဲ

အထက်မှာဖော်ပြထားတဲ့ လက္ခဏာတစ်စုံတရာကိုခံစားရတာမျိုး (သို့) သိချင်တာမျိုးရှိနေရင် ဆရာဝန် နဲ့တိုင်ပင်ပါ။ တကယ်လို့ မကြာသေးခင်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေတဲ့ဒေသတစ်ခုခုကိုသွားလည်ခဲ့ပြီး ပြန်ရောက်တဲ့အခါ ရုတ်တရက်ဖျားနာခဲ့ရင် ဆရာဝန်နဲ့သွားရောက်ပြသပါ။ တစ်ယောက်နဲ့တစ်ယောက်ရောဂါ ဖြစ်ပေါ်ခံစားရပုံချင်းမတူနိုင်ပါဘူး။ ဆရာဝန်နဲ့ပြသပြီး ဆွေးနွေးတာကအကောင်းဆုံးပဲဖြစ်ပါတယ်။

အကြောင်းအရင်းများ

သွေးလွန်တုပ်ကွေးဖြစ်ရတဲ့အကြောင်းရင်းခံများ

ခြင်ကိုက်ရာကနေတဆင့်ကူးစက်တဲ့ရောဂါပိုးတစ်မျိုးကြောင့်သွေးလွန်တုပ်ကွေးရောဂါခံစားရတာဖြစ်ပါတယ်။ DEN-1၊ DEN-2၊ DEN-3 နဲ့ DEN-4 လို့သိကြတဲ့ရောဂါပိုးတစ်မျိုးစီကြောင့် ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ၄ မျိုးရှိပါတယ်။ Aedes aegypti (သို့) Aedes albopictus လို့သိကြတဲ့ခြင်မျိုးစိတ်တွေက ရောဂါပိုးရှိသူတွေကိုကိုက် ပြီးသွေးကနေတဆင့်ရောဂါပိုးကိုသယ်ဆောင်ကာ အခြားသူကိုကိုက်ရာကနေ ပိုးကူးစက်စေပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီး ပြန်ကောင်းလာတဲ့အခါ ခန္ဓါကိုယ်မှာဖြစ်ပေါ်လာတဲ့ကိုယ်ခံအားစနစ်က လတ်တလောခံစားခဲ့ရတဲ့ သွေးလွန်တုပ်ကွေးရောဂါကိုခုခံနိုင်တဲ့ ကိုယ်ခံအားစနစ်ပဲဖြစ်လာတာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါပိုးက ၄ မျိုးရှိတာကြောင့် နောက်တစ်ကြိမ်ကူးစက်ခံရနိုင်ပါတယ်။ ဖြစ်ပေါ်ခံစားနေရတဲ့ ရောဂါလက္ခဏာတွေကိုသိရှိပြီး ကုသမှုခံယူနိုင်ဖို့က အရေးကြီးပါတယ်။

ရောဂါဖြစ်လာနိုင်စေတဲ့အချက်များ

ဘယ်အချက်တွေက သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်သလဲ။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပေါ်ခံစားရနိုင်စေတဲ့အချက်တွေကတော်တော်များများရှိပါတယ်။ လေ့လာသိရှိနိုင်စေ ဖို့-

ရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်တဲ့အချက်တွေနဲ့ ရောဂါကိုဆိုးရွားစေနိုင်တဲ့အချက်တွေက –

  • အပူပိုင်းဒေသတွေကို ခရီးသွား၊ နေထိုင်တာ။ အပူပိုင်းနဲ့သမပိုင်းဒသတွေမှာနေထိုင်တာနဲ့ ဒီဒေသတွေကို သွားရောက်တာက သွေးလွန်တုပ်ကွေးရောဂါပိုးနဲ့ထိတွေ့ခံစားရနိုင်ခြေကိုများစေပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်အနောက်ဘက်ကျွန်းတွေ၊လက်တင်အမေရိကနဲ့ကာရေဗီယန်ဒေသတွေက သွေးလွန်တုပ်ကွေးဖြစ်နိုင်ခြေ မြင့်မားတဲ့ဒေသတွေဖြစ်ပါတယ်။
  • အရင်က သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရဖူးတယ်ဆိုရင် နောက်တစ်ကြိမ်ရောဂါ ကူးစက်ခံရတဲ့အခါ ပြင်းထန်တဲ့ ရောဂါပိုးကူးစက်ခံရနိုင်ခြေကိုတိုးစေပါတယ်။

ရောဂါရှာဖွေခြင်းနဲ့ကုသခြင်း

ဖော်ပြထားတဲ့အချက်တွေက ဆေးဘက်ဆိုင်ရာအကြံပြုချက်တွေအနေနဲ့အသုံးပြုရန်မဟုတ်ပါ။ ပိုမိုသိရှိ နိုင်ဖို့ဆရာဝန်နဲ့ဆွေးနွေးပါ။

သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး အသုံးများတဲ့ဆေးစစ်မှုတွေကဘာတွေလဲ။

သွေးလွန်တုပ်ကွေးရောဂါရဲ့ရောဂါလက္ခဏာတွေက ငှက်ဖျား၊ leptospirosis နဲ့ တိုက်ဖွိုက်ရောဂါတွေရဲ့ လက္ခဏာရပ်တွေနဲ့ခပ်ဆင်ဆင်တူနေတတ်တာကြောင့် သွေးလွန်တုပ်ကွေးရောဂါကို ဖော်ထုတ်သိရှိနိုင်ဖို့ခဲ ယဉ်းနိုင်ပါတယ်။

ဆရာဝန်ကသင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ ခရီးသွားမှတ်တမ်းအကြောင်းမေးပါလိမ့်မယ်။ ရောဂါကိုတိတိကျကျ သိရှိနိုင်စေဖို့ သွားခဲ့တဲ့ ပြည်ပခရီးစဉ်တွေကို နိုင်ငံအမည်တွေ၊ သွားရောက်ခဲ့တဲ့ ရက်စွဲတွေနဲ့အတိအကျဖြေပေးပါ ။ ခြင်ကိုက်ခံခဲ့ရတယ်ဆိုလည်းသေချာပြောပြပေးပါ။

ဓါတ်ခွဲခန်းရဲ့ တိကျသေချာတဲ့ စမ်းသပ်မှုတွေက သေးလွန်တုပ်ကွေးရောဂါပိုးတွေကို ဖော်ထုတ်ပေးနိုင်မှာ ဆိုပေမယ့် စမ်းသပ်မှုရလဒ်ထွက်လာတဲ့အခါ ကုသမှုခံယူနိုင်ဖို့တအားနောက်ကျနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်ရင် ဘယ်လိုကုသမလဲ။

သွေးလွန်တုပ်ကွေးရောဂါအတွက် သီးခြားကုထုံးရယ်လို့ မရှိပါဘူး။ ရောဂါခံစားရသူအများစုက နှစ်ပတ်လောက် အတွင်း ပြန်ကောင်းလာတတ်ကြပါတယ်။ အရေးကြီးတာတစ်ချက်က နောက်ဆက်တွဲရောဂါတွေဝင်မလာအောင် ရောဂါတွေကို ကုသဖို့ပဲဖြစ်ပါတယ်။ ဆရာဝန်အများစုအကြံပြုထားတဲ့ ကုသမှုတွေကတော့ –

  • ပြည့်ပြည့်ဝဝအနားယူပါ။
  • ရေများများသောက်ပါ။
  • အဖျားကျအောင်ဆေးသောက်ပါ။ နာကျင်ကိုက်ခဲမှုသက်သာပြီး အဖျားကျစေနိုင်ဖို့ ပါရာစီတမော၊ Tylenol နဲ့ Panadol တို့ကိုသောက်ပေးလို့ရပါတယ်။
  • သွေးလွန်တာကိုဖြစ်နိုင်ခြေများစေတာကြောင့် အက်စပရင် (aspirin) ၊ အိုင်ဘူပရိုဖန်(ibuprofen) (Advil၊ Motrin) နဲ့ naproxen sodium (Aleve) တို့လိုမျိုး အကိုက်အခဲပျောက်ဆေးတွေမသောက်ပါနဲ့။

ရောဂါသည်းတဲ့အခါမျိုးမှာ သွေးလွန်တုပ်ကွေးရောဂါက သွေးပေါင်ချိန်တအားကျတာ (သို့) အပြင်းစားသွေးလွန် တုပ်ကွေးရောဂါကိုခံစားရနိုင်ပြီး ချက်ချင်းဆေးကုသမှုခံယူနိုင်ဖို့လိုအပ်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်တွင်းကုသမှု

သွေးလွန်တုပ်ကွေးရောဂါကို ကုသရာမှာအထောက်အကူဖြစ်စေနိုင်တဲ့ နေထိုင်မှုပုံစံပြောင်းလဲတာနဲ့အိမ်တွင်းကုသ မှုဆိုတာဘာတွေလဲ။

အိမ်မှာပဲဂရုတစိုက် သွေးလွန်တုပ်ကွေးရောဂါကို သက်သာအောင်လုပ်ဆောင်နိုင်ပါတယ်။ ရေဓါတ်ပြည့်ဝအောင် လုပ်ဆောင်ဖို့နဲ့နာကျင်ကိုက်ခဲမှုကိုလျော့ပါးအောင်လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ သွေးလွန်တုပ်ကွေး အဖြစ်များတဲ့နေရာတွေကို သွားမလည်ခင်မှာ ဘာတွေလုပ်ဆောင်ရမလဲ ဆိုတာကိုသိထားဖို့က အရေးကြီး ပါတယ်။ အထောက်အပံဖြစ်စေမယ့် အချက်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။

  • လေအေးပေးစနစ်ဖွင့်ထားပြီး ခြင်မဝင်နိုင်အောင် သေချာစီမံထားတဲ့ နေရာမှာနေပါ။ ညဘက်မှာ ခြင်ကိုက်မခံရပါစေနဲ့။
  • အပြင်ထွက်လုပ်ရတဲ့အလုပ်တွေကိုအစီအစဉ်ပြန်ဆွဲပြီး မနက်ဝေလီဝေလင်းအချိန်၊ ညနေစောင်းနဲ့ မှောင်ရီပျိုးစ အချိန်တွေမှာ ခြင်ကိုက်မခံရအောင်နေဖို့က အရေးကြီးပါတယ်။
  • ခြင်ကိုက်မခံရအောင်အဝတ်အစားတွေကို လုံလုံခြုံခြုံဝတ်ထားပါ။ ခြင်ပေါက်ဖွားရာနေရာတွေကို သွားမယ်ဆိုရင် အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်တွေ၊ခြေအိတ်နဲ့ ရှုးဖိနပ်တွေစီးသွားပေးပါ။
  • ခြင်နိုင်ဆေးသုံးပါ။ အဝတ်တွေ၊အပျော်တမ်းခရီးသွားရာမှာအသုံးပြုမယ့်အသုံးအဆောင်တွေနဲ့ခြင်ထောင်တွေမှာ Permethrin (ပိုးသတ်ဆေး) တွေလိမ်းပေးပါ။ ပိုးသတ်ဆေးစိမ်ထားပြီးသား အဝတ်အထည်တွေခြင်ထောင်တွေ ကိုလည်း ဝယ်ယူအသုံးပြုနိုင်ပါတယ်။ အရေပြားမှာလူးဖို့အတွက်ကတော့ DEET ၁၀ ရာခိုင်နှုန်းလောက်ပဲပါတဲ့ ခြင်နိုင်လူးဆေးကိုအသုံးပြုပေးနိုင်ပါတယ်။
  • ခြင်ပေါက်ဖွားနေတဲ့နေရာတွေကို ဖယ်ရှားရှင်းလင်းပစ်ပါ။ သွေးလွန်တုပ်ကွေးရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်တွေက အိမ်အတွင်းပိုင်းနဲ့ အိမ်အနီးတဝိုက်ကနေရာတွေမှာနေထိုင်ပြီး ကားတာယာအဟောင်းလိုမျိုး မိုးရေတွေဝပ်နေနိုင်တဲ့နေရာတွေထဲမှာ ပေါက်ဖွားနိုင်ပါတယ်။ ခြင်ပေါက်ပွားမှုလျော့ကျစေဖို့ ခြင်ပေါက်နိုင်တဲ့ နေရာတွေကို ဖယ်ရှားရှင်းလင်းပါ။

သင့်အနေနဲ့သိချင်တာရှိပါက ပိုပြီးပြည့်ပြည့်စုံစုံ သိရှိနိုင်ဖို့နဲ့ အကောင်းဆုံးသောနည်းလမ်းရရှိနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ မတ် 5, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 8, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။