backup og meta

ပျောက်ကင်းနိုင်ခြေအများဆုံး ကင်ဆာများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျောက်ကင်းနိုင်ခြေအများဆုံး ကင်ဆာများ

    အရင်တုန်းကတော့ ကင်ဆာလို့ပြောလိုက်တာနဲ့ ကျိန်းသေပေါက် သေရတော့မယ့် ရောဂါကြီးတစ်ခုအဖြစ် ယူဆကြပါတယ်။ ဒီဖက်ခေတ်မှာတော့ ဆေးသိပ္ပံအဆင့်အတန်း မြင့်မားလာတာရော၊ကင်ဆာအမျိုးမျိုးရဲ့ သဘောသဘာဝ အဖုံဖုံကြောင့်ရော ကုသလို့ ပျောက်ကင်းနိုင်၊သက်တမ်းစေ့နေသွားနိုင်တဲ့ အနေအထားတွေ ရှိနေပါပြီ။ တချို့ဆရာဝန်တွေကတော့ ကုသလို့ပျောက်ကင်းတယ်ဆိုတဲ့ စာလုံးကို သိပ်မသုံးချင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ကင်ဆာရောဂါဟာ အချိန်အတော်ကြာ ပျောက်နေပြီးမှ တစ်ခါ ပြန်ဖြစ်လာနိုင်လို့ပါ။ ဒါပေမယ့် ဒီဆောင်းပါးလေးမှာတော့ ပျောက်ကင်းနိုင်ခြေ အများဆုံး ကင်ဆာတွေအကြောင်း မျှဝေပေးသွားပါမယ်။

    (၁) ဆီးကျိတ်ကင်ဆာ

    ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ: ၉၉ ရာခိုင်နှုန်းခန့်

    ဆီးကျိတ်ကင်ဆာအများစုဟာ ကြီးထွားနှုန်း အင်မတန်နှေးကွေးပြီး လုံးဝကြီးမလာတော့တဲ့ ကင်ဆာကျိတ်တွေလည်း ရှိပါတယ်။ အချို့ ကင်ဆာကျိတ်တွေဆိုရင် အထူးတလည် ကုသမှုခံယူဖို့တောင် မလိုတတ်ပေမယ့် ခန္ဓါကိုယ်ရဲ့ အခြားနေရာတွေကို ပျံ့နှံ့နေပြီဆိုရင်တော့ ကုသရခက်သွားတတ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့၊အဲ့ဒီလို အနေအထားမရောက်ခင်မှာပဲ သင့်မှာ ဆီးကျိတ်ကင်ဆာရှိနေကြောင်း ဆရာဝန်က တွေ့ရှိသွားတာများပါတယ်။

    ဒါဖြင့်ရင် ဆီးကျိတ်ကင်ဆာကို စောစီးစွာသိဖို့က အထူးအရေးပါလာပါတယ်။ ဆီးကျိတ်ကင်ဆာကို ထောက်လှမ်းသိရှိနိုင်မယ့် နည်းလမ်းနှစ်မျိုး ရှိပါတယ်။ ပထမတစ်နည်းက သင့်စအိုထဲကို ဆရာဝန်က လက်ထည့်စမ်းမယ့်နည်းဖြစ်ပြီး နောက်တစ်နည်းကတော့ PSA test လို့ခေါ်တဲ့ သွေးစစ်တဲ့ နည်းလမ်းပါ။ ဆီးကျိတ်ကင်ဆာ ရှိနေရင် သွေးထဲမှာ များပြားလာတတ်တဲ့ ပရိုတင်းတစ်မျိုးရဲ့ ပမာဏကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆီးကျိတ်ကင်ဆာမရှိသူတွေမှာလည်း အခြားအကြောင်းအမျိုးမျိုးကြောင့် ဒီပရိုတင်းပမာဏ တက်နေတတ်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်မှသာ စစ်ဆေးသင့်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ဆီးသွားရခက်ခဲခြင်း၊ဆီးထဲသွေးပါခြင်း စတဲ့ ပြဿနာတွေကို ခံစားလာရပြီဆိုရင်တော့ ဆရာဝန်ကို ချက်ချင်းအသိပေးပါ။ ဒါတွေဟာ ဆီးကျိတ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေတတ်ပါတယ်။

    (၂) သိုင်းရွိုက်ကင်ဆာ

    ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ : ၉၈ ရာခိုင်နှုန်းခန့် (တစ်ရှူးအမျိုးအစားပေါ် မူတည်ပါတယ်)

    သိုင်းရွိုက်ဆိုတာဟာ သင့်လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းတခုဖြစ်ပြီး သင့်ခန္ဓါကိုယ်ထဲက ကယ်လ်လိုရီတွေကို လောင်ကျွမ်းပေးဖို့၊နှလုံးခုန်နှုန်းကို ထိန်းချုပ်ဖို့ အစရှိတဲ့ လုပ်ငန်းတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးပါတယ်။Papillary လို့ခေါ်တဲ့ အဖြစ်အများဆုံး သိုင်းရွိုက်ကင်ဆာအမျိုးအစားဟာ ကြီးထွားနှုန်း အင်မတန်နှေးကွေးပါတယ်။ ကင်ဆာကျိတ်ကြီးလာရင် ဒါမှမဟုတ် ဘေးနားက တစ်ရှူးတွေကို စပျံ့နေပြီဆိုရင် ဆရာဝန်တွေအနေနဲ့ ဂလင်းတစ်ခုလုံးကို ဖြတ်ထုတ်ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ကင်ဆာတွေဟာ စောစီးစွာ သိရှိတတ်တာကြောင့် အလွယ်တကူပဲ ကုသနိုင်ပါတယ်။ သိုင်းရွိုက်ကင်ဆာကို စောလျင်စွာ သိရှိနိုင်ဖို့အတွက် စစ်ဆေးပြုလုပ်ရတဲ့ screening test တော့ မရှိသေးပါဘူး။ ဒါပေမယ့် သင့်လည်ပင်းမှာ အလုံးအကျိတ်တစ်စုံတရာ စမ်းမိပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။ တခြားအကြောင်းရင်းတစ်ခုခုနဲ့ လည်ပင်းကို အာထရာဆောင်းရိုက်ရင်း ခရီးသွားဟန်လွှဲ သိလိုက်ရတာမျိုးလည်း ရှိပါတယ်။

    (၃) ဝှေးစေ့ကင်ဆာ

    ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ : ၉၅.၁ ရာခိုင်နှုန်း

    ကင်ဆာကျိတ်ကို စောစောစီးစီး သိပြီ၊တခြားနေရာတွေဆီ မပျံ့ခင် သိပြီဆိုရင် ဝှေးစေ့တစ်လုံး ဒါမှမဟုတ် နှစ်လုံးစလုံးကို ဖယ်ရှားပစ်ခြင်းဖြင့် ဝှေးစေ့ကင်ဆာကို ကုသနိုင်ပါတယ်။ အများအားဖြင့်တော့ ဝှေးစေ့တစ်လုံးကိုပဲ ဖြတ်ထုတ်ရလေ့ရှိပြီး ပုံမှန်လိင်မှုဘဝရရှိဖို့၊ကလေးရနိုင်ဖို့အတွက် လိုအပ်တဲ့ ကျားဟော်မုန်းတွေကို ကျန်တဲ့ ဝှေးစေ့တစ်လုံးက လုံလုံလောက်လောက် ထုတ်ပေးနိုင်ပါတယ်။ အဆင့်မြင့်လာတဲ့ ကင်ဆာအတွက်ကိုတော့ ခွဲစိတ်ကုသခြင်းအပြင် ဓါတ်ကင်ခြင်း ဒါမှမဟုတ် ဆေးသွင်းခြင်းနဲ့ပါ တွဲဖက်ကုသရပါတယ်။၁၉၇၀ ပြည့်နှစ်မှာ စတင် မိတ်ဆက်ခဲ့တဲ့ cisplatin ဆေးဟာ ဝှေးစေ့ကင်ဆာ ဝေဒနာရှင်တွေရဲ့ အသက်ရှင်နှုန်းကို သိသိသာသာကြီး မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

    ဝှေးစေ့ကင်ဆာအတွက်လည်း စောလျင်စွာ သိရှိစေနိုင်တဲ့ screening test မရှိသေးပါဘူး။

    (၄) Melanoma အရေပြားကင်ဆာ

    ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ : ၉၁.၇ ရာခိုင်နှုန်း

    ဒီကင်ဆာဟာ သာမန်မျက်စိနဲ့တောင် အလွယ်တကူ မြင်တွေ့နိုင်တာမို့ စောစီးစွာ သိရှိစေပါတယ်။ အရေပြားမျက်နှာပြင်ပေါ်ကနေ အခြားနေရာတွေထိ မပျံ့သေးဘူးဆိုရင် ခွဲစိတ်ကုသတဲ့နည်းနဲ့ အလွယ်တကူ ကုသပေးနိုင်ပါတယ်။ ဒါပေမယ့် စောစောစီးစီး မသိဘူးဆိုရင်တော့ Melanoma အရေပြားကင်ဆာဟာ အခြားအရေပြားကင်ဆာတွေထက် ပျံ့နှံ့နှုန်းမြန်တယ်ဆိုတာကို သတိပြုရပါမယ်။ ကံကောင်းတဲ့အချက်က ဒီရောဂါကို စောလျင်စွာ တွေ့ရှိနိုင်ဖို့အတွက် screening test တွေ ရှိနေတာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ကျောကုန်းဖက်၊ဦးရေပြား၊ကပ္ပါယ်အိတ်နဲ့ ခြေချောင်းလေးတွေကြားထဲကို စစ်ဆေးဖို့ အထူးတလည် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဆိုပါနေရာတွေဟာ ပုံမှန်အတိုင်းဆိုရင် ကြည့်ရှုစစ်ဆေးခဲတဲ့ နေရာတွေဖြစ်လို့ပါ။ သင့်အရေပြားမှာ မူမမှန်တဲ့ အမည်းကွက်တွေ တွေ့ရင် ဆရာဝန်ကို ချက်ချင်းအသိပေးပါ။ အရင်က ဖြစ်ဖူးရင် ဒါမှမဟုတ် မျိုးရိုးရှိရင် ပိုသတိထားပါ။

    (၅) ရင်သားကင်ဆာ အစောပိုင်းအဆင့်

    ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ: အစောပိုင်းအဆင့် ၀ နဲ့ ၁အတွက် – ၉၉ – ၁၀၀ ရာခိုင်နှုန်း

    အဓိကအချက်ကတော့ ဆေးသိပ္ပံပညာ ပိုမိုထွန်းကားလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေအနေနဲ့ ရင်သားကင်ဆာ ရှိ၊မရှိ ဘယ်လိုရှာဖွေရမယ်၊ဘယ်လို ကုသရမယ်ဆိုတာကို ပိုမို ကျွမ်းကျင်သဘောပေါက်လာကြပါပြီ။ ရင်သားကင်ဆာဟာ ပုံစံအမျိုးမျိုး ရှိတတ်တဲ့အတွက် ဖြစ်တဲ့အမျိုးအစားပေါ်လိုက်ပြီး မတူညီတဲ့ ဆေးတွေပေးရမယ်ဆိုတာကိုလည်း ပိုမိုနားလည်လာကြပြီဖြစ်ပါတယ်။ ခန္ဓါကိုယ်အခြားနေရာတွေဆီ မပျံ့နှံ့ခင် ကြိုတင်ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။Mammogram လို့ခေါ်တဲ့ ရင်သားဓါတ်မှန်ကို ပုံမှန်ရိုက်ပေးခြင်းအားဖြင့် သင့်မှာ မူမမှန်တဲ့ အရာတစ်ခုခု ရှိနေပြီဆိုရင် စောလျင်စွာ သိရှိနိုင်ပါတယ်။ ဒါပေမယ့် ‘ပုံမှန်’စစ်ဆေးတယ်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ လမ်းညွှန်ချက် အမျိုးမျိုးတော့ ရှိနေပါတယ်။ တချို့တွေက အသက်၅၀ကျော်မှ ရင်သားဓါတ်မှန် တနှစ်တခါ ရိုက်သင့်တယ်လို့ ဆိုကြသလို တချို့က ကျပြန်တော့လည်း ၄၅နှစ်လောက်ကတည်းက တစ်နှစ်တစ်ခါ ရိုက်သင့်တယ်လို့ ဆိုကြပြန်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement