backup og meta

အသည်းရောင်အသားဝါ ရောဂါကိုဖြစ်စေတဲ့ရောဂါပိုးများနဲ့ဘယ်လိုကာကွယ်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင်အသားဝါ ရောဂါကိုဖြစ်စေတဲ့ရောဂါပိုးများနဲ့ဘယ်လိုကာကွယ်ကြမလဲ။

    အသည်းရောင်အသားဝါ ရောဂါဆိုတာ အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပြီး အသည်းခြောက်အသည်းကင်ဆာ အထိ ဖြစ်စေနိုင်တဲ့အတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ဒီရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိက အားဖြင့်တော့ အသည်းရောင် အသားဝါ ပိုး ၅ မျိုး ( A,B,C,D,E ) ကြောင့် ဖြစ်နိုင်ပါတယ်။

    ၁။ အသည်းရောင်အသားဝါ A ပိုး။

    အသည်းရောင်အသားဝါ A ပိုးဟာ ပိုးပါတဲ့ အစားအစာ၊ ရေတွေကို စားသောက်မိခြင်း၊ လိင်မှတဆင့် ကူးစက်ခြင်း၊ ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့ခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ A ပိုးကြောင့် ဖြစ်တဲ့ ရောဂါဟာ များသောအားဖြင့် သိပ်မပြင်းထန်ပဲ ပြန်လည်ကောင်းမွန်နိုင်ခြေ များပါတယ်။

    ၂။ အသည်းရောင် အသားဝါ B ပိုး။

    အသည်းရောင်အသားဝါ Bပိုး ဟာ ရောဂါပိုးရှိတဲ့ လူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေ (ဥပမာ- သွေး၊ မိန်းမကိုယ်က ထွက်တဲ့ အရည်၊ သုတ်ရည်၊ ချွေး ၊ တံတွေး၊ ဆီး ) စတာတွေကနေ တစ်ဆင့်ကူးနိင်တဲ့ အပြင် မိခင်မှကလေးဆီကိုလည်း ကူးနိုင်ပါတယ်။ အဲဒီအရည်တွေက တစ်နည်းနည်းနဲ့ သွေးကြောထဲရောက်သွားတဲ့အခါ (သို့) ပြဲနေတဲ့ အရေပြားနဲ့ ထိတွေ့တဲ့အခါ (သို့) ဥပမာ ပါးစပ်အတွင်းသားတွေမှာရှိတဲ့ mucosa လို့ခေါ်တဲ့ အရေပြားနဲ့တူတဲ့ နူးညံတဲ့အလွှာတွေရှိတဲ့ နေရာတွေနဲ့ ထိမိတဲ့ အခါ ကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးရှိပြီး ဖြစ်လာရင် ပြင်းထန်ပြီး နာတာရှည်ဖြစ်တဲ့အတွက် မဖြစ်မနေကာကွယ်ဆေးထိုးထားဖို့က အရေးကြီးပါတယ်။

    အခြားကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့

    (၁)အကာကွယ်သုံးပြီး လိင်ဆက်ဆံခြင်း။

    (၂) သွေးသွင်းဖို့လိုအပ်လာတဲ့အခါ သေချာစစ်ဆေးပြီးမှသွင်းခြင်း၊ သွေးနဲ့ထိတွေ့ရတဲ့ ပစ္စည်းတွေကို မစူးမိ မရှမိအောင် ဂရုစိုက်ခြင်း။

    (၃) ရောဂါရှိတဲ့ သူရဲ့ ကူးစက်နိုင်တဲ့ အရည်တွေကို ထိတွေ့ရတဲ့အခါ လက်အိတ်သုံးပြီး ဂရုတစိုက်ထိတွေ့ခြင်း၊ ရောဂါပိုးရှိတဲ့သူနဲ့ သွားတိုက်တံ၊ သွားကြားထိုးတံ၊ မုတ်ဆိတ်ရိတ်ဓါး၊ လက်သည်းညှပ် စတဲ့ ကူးနိုင်တဲ့ အရည်တွေ ထိစပ်နေနိုင်တဲ့ ပစ္စည်းတွေကို မျှဝေသုံးစွဲခြင်းကို ရှောင်ခြင်း။

    (၄) မိခင်မှာရောဂါပိုးရှိပါက မွေးလာတဲ့ကလေးကို ၁၂ နာရီအတွင်း ကာကွယ်ဆေးထိုးခြင်း။

    (၅) ဆေးထိုးခြင်း၊ တက်တူးထိုးခြင်း၊ နားဖောက်ခြင်း တွေအတွက် တစ်ခါသုံးအပ်များကိုသာ အသုံးပြုခြင်း။

    စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။

    ၃။  အသည်းရောင် အသားဝါ C ပိုး။

    C ပိုးကတော့ အဓိကအားဖြင့် ရောဂါပိုးရှိတဲ့ သွေးနဲ့ သွေးနဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတွေကနေ တစ်ဆင့်ကူးနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းနဲ့ လည်း ကူးနိုင်ပေမယ့် အဖြစ်နည်းပါတယ်။ C ပိုးကို ကာကွယ်တဲ့ ကာကွယ်ဆေးမရှိပေမယ့် ဖြစ်လာရင်တော့ ကုသလို့ ပျောက်နိုင်ပါတယ်။ B ပိုးနဲ့ C ပိုးကြောင့် ဖြစ်တဲ့ အသည်းရောင်ရောဂါဟာ ပိုပြင်းထန်ပြီး အသည်းကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။ ကာကွယ်နည်းအတွက် အဓိကကတော့ သွေးမှတဆင့်ကူးနိုင်တာဖြစ်တဲ့ အတွက် သွေးသွင်းတာ၊ သွေးနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေကို ထိတွေ့ ကိုင်တွယ်တဲ့ အခါမှာ ဂရုစိုက်ပေးရပါမယ်။ အကာကွယ်မဲ့ လိင်ဆက်ဆံတာကိုလည်း ရှောင်ကြဉ်ရပါမယ်။

    ၄။ အသည်းရောင် အသားဝါ D ပိုး။

    D ပိုးကတော့ B ပိုးဖြစ်တဲ့ သူတွေမှာ ထပ်ဆင့်ဖြစ်နိုင်ပြီး နှစ်ခုဖြစ်လာရင်လည်း ရောဂါအခြေအနေ ဆိုးပါတယ်။ B ပိုးကာကွယ်ဆေးဟာလည်း D ပိုးကိုပါ အကာအကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း B ပိုးကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားပေးသင့်ပါတယ်။

    ၅။ အသည်းရောင်အသားဝါ E ပိုး။

    အသည်းရောင်အသားဝါ E ပိုးကတော့ A ပိုးနဲ့ ကူးစက်ပုံတူပါတယ်။ အထူးသဖြင့် ပိုးပါတဲ့ အစားအသောက်တွေက တစ်ဆင့် ကူးစက်နိုင်တာဖြစ်တာ ဖြစ်တဲ့ အတွက် အသည်းရောင်အသားဝါ A ပိုးနဲ့ E ပိုးကို ကာကွယ်နိုင်ဖို့အတွက် အစာ၊ ရေနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပေးဖို့ အထူးအရေးကြီးပါတယ်။ ရေသန့်မဟုတ်တဲ့ရေတွေကို မကျိုချက်ဘဲ သောက်တာမျိုး၊ သေသေချာချာ မချက်ပြုတ်ဘဲ စားသောက်တာမျိုး၊ လက်မဆေးတာမျိုး ကို ရှောင်ကြဉ်ရပါမယ်။

    ရောဂါပိုးကြောင့် မဟုတ်ဘဲ အရက်၊ အခြား ဆေးတွေ၊ အသည်းကို အဆိပ်အတောက် ဖြစ်စေတဲ့ ပစ္စည်းတွေ ကလည်း အသည်းရောင်ရောဂါကို ဖြစ်စေနိုင်ပါတယ်။

    ဒီဆောင်းပါးလေးကို ဖတ်ပြီး အသည်းရောင်အသားဝါရောဂါကို ဖြစ်စေနိုင်တဲ့ ပိုးအမျိုးမျိုးကို ကြိုတင် ကာကွယ်နိုင်ကြပါစေ။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement