backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cholesterol And Triglycerides Tests (ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက်ကို စစ်ဆေးနည်းတွေက)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အခြေခံကိုသိရှိခြင်း

ကိုလက်စထရော (cholesterol) နဲ့ ထရိုင်ဂလစ်စရိုက် (triglycerides) ကို စစ်ဆေးနိုင်မယ့် နည်းလမ်းတွေက ဘာတွေလဲ

ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက်တွေကို စစ်ဖို့ သွေးနမူနာယူပြီး စစ်ဆေးနည်းတွေ လုပ်ရပါတယ်။ အဲဒီနည်းတွေက သွေးထဲမှာ အဆီနဲ့ဆိုင်တဲ့ အရာတွေ (ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက်) တွေ စုစုပေါင်း ပမာဏ ဘယ်လောက် ရှိနေတယ် ဆိုတာကို တိုင်းတာပေးပါတယ်။

ကိုလက်စထရောဟာ ပရိုတင်းတစ်ခုနဲ့ အတူတွယ်ဆက်ပြီး သွေးထဲမှာ သွားလာနေပါတယ်။ အဲဒီလို ပရိုတင်းနဲ့ ကိုလက်စထရော အတွဲကို lipoprotein (လိုင်ပို ပရိုတင်း) လို့ ခေါ်ပါတယ်။ ဒါ့ကြောင့် lipoprotein (လိုင်ပို ပရိုတင်း) ကို စစ်ဆေးခြင်းအားဖြင့် စုစုပေါင်း ကိုလက်စထရော၊ LDL ကိုလက်စထရော၊ HDL ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် ပမာဏကို တိုင်းတာပြီးသား ဖြစ်ပါတယ်။

  • ကိုလက်စထရော။

ကိုလက်စထရောတွေကို ခန္ဓါကိုယ်က ဆဲလ်တွေ တည်ဆောက်ဖို့နဲ့ ဟော်မုန်းတွေ ထုတ်ဖို့ အသုံးပြုပါတယ်။ ဒါ့ကြောင့် သွေးထဲမှာ ကိုလက်စထရော အရမ်း များသွားခြင်းဟာ သွေးလွှတ်ကြော အတွင်းဘက်မှာ plaque (အဖတ်) တွေကို ဖြစ်စေနိုင်ပါတယ်။ plaque တွေ များလာရင်တော့ နှလုံး အမောဖောက်ခြင်း၊ လေဖြတ်ခြင်းတွေ ဖြစ်ဖို့ အခွင့်အရေး ပိုများပါတယ်။

HDL (သိပ်သည်းမှု များတဲ့ lipoprotein) ဟာ အဆီတွေကို သွေးစီးကြောင်းထဲမှာ သွားပေါင်းပြီး စွန့်ပစ်ဖို့ အသည်းဆီကို သယ်သွားပေးခြင်းအားဖြင့် ခန္ဓါကိုယ်ထဲက အဆီတွေကို ဖယ်ထုတ်ပေးဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် HDL ကို ကောင်းတဲ့ ကိုလက်စထရော အဖြစ် ခေါ်ကြပါတယ်။ HDL ပမာဏ များခြင်းဟာ နှလုံးရောဂါတွေ ဖြစ်ဖို့ အခွင့်အရေး နည်းစေပါတယ်။

VLDL ( သိပ်သည်းမှု အလွန်နည်းတဲ့ lipoprotein) ဟာ အဆီအများစုနဲ့ အနည်းငယ်သော ပရိုတင်းတွေကို အသည်းမှတဆင့် တခြား ခန္ဓါကိုယ် အစိတ်အပိုင်းတွေဆီသို့ သယ်ဆောင်ပေးပါတယ်။

LDL ပမာဏ တချို့ ခန္ဓါကိုယ်ထဲမှာ ရှိနေတာက ပုံမှန်ဖြစ်ပြီး ကျန်းမာရေး ကောင်းစေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ LDL ဟာ လိုအပ်တဲ့ ခန္ဓါကိုယ် အစိတ်အပိုင်း တချို့ဆီကို ကိုလက်စထရောတွေ သယ်ပို့ပေးလို့ပါ။ ဒါပေမယ့် LDL ကို မကောင်းတဲ့ ကိုလက်စထရောလို့ ခေါ်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ LDL များခြင်းက နှလုံးရောဂါဖြစ်ဖို့ ပိုပြီး အခွင့်အရေး များစေလို့ပါ။

VLDL (သိပ်သည်းဆ အလွန်နည်းသော Lipoprotein) မှာ ပရိုတင်း အနည်းငယ်သာ ပါပါတယ်။ VLDL ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အသည်းက ထုတ်လုပ်လိုက်တဲ့ ထရိုင်ဂလစ်စရိုက် (triglycerides) တွေကို ဖြန့်ဝေပေးဖို့ပါ။ VLDL များနေခြင်းက သွေးလွှတ်ကြောတွေထဲမှာ ကိုလက်စထရောတွေကို တည်ဆောက်စေနိုင်တဲ့ အတွက် နှလုံးရောဂါနဲ့ လေဖြတ်တာကို ပိုဖြစ်စေပါတယ်။

Triglycerides ဆိုတာ ခန္ဓါကိုယ်က အားအင်တွေ သိမ်းဆည်းထားဖို့နဲ့ ကြွက်သားတွေကို အားအင်ပေးဖို့ အသုံးပြုရတဲ့ အဆီတစ်မျိုး ဖြစ်ပါတယ်။ သွေးထဲမှာ triglycerides ပမာဏ အနည်းငယ်သာ တွေ့ရတတ်ပါတယ်။ triglycerides ပမာဏ များနေပြီး LDL ကိုလက်စထရောပါ များနေရင်တော့ LDL ကိုလက်စထရော တစ်ခုတည်း များတာထက်စာရင် နှလုံးရောဂါပိုပြီး ဖြစ်နိုင်ခြေ များပါတယ်။

ရောဂါလက္ခဏာများ

ဘာ့ကြောင့် ကိုလက်စထရောတွေနဲ့ triglycerides တွေကို စစ်ဆေးရသလဲ

ပုံမှန် ၅ နှစ်တစ်ခါ ခန္ဓါကိုယ်အတွင်းရှိ အဆီပမာဏနဲ့ ပတ်သက်ပြီး စစ်ဆေးသင့်တယ်လို့ အကြံပေးထားပါတယ်။ အဲဒီလို စစ်ဆေးရာမှာ ကိုလက်စထရော၊ HDL, LDL နှင့် triglycerides ပမာဏတွေ ပါဝင်ပါတယ်။

တကယ်လို့ သင်ဟာ triglycerides ပမာဏ များနေလို့ ကုသခြင်း ခံယူနေရတဲ့သူ ဆိုရင်တော့ ကုသမှု အခြေအနေ ဘယ်လောက် ကောင်းလာတယ်ဆိုတာ သိနိုင်အောင် ဒီလို စစ်ဆေးခြင်းကို ပိုပြီး ခဏခဏလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဆီးချိုရောဂါ ရှိမယ်ဆိုရင်တော့ triglycerides ပမာဏကို စစ်ဆေးဖို့ ပိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ triglycerides ဟာ သွေးထဲမှာ ရှိတဲ့ အချိုပမာဏကို ပိုများစေလို့ပါ။

ကလေးတွေအတွက် ဆိုရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ခြေများတဲ့ ကလေးတွေဆိုရင် စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေများတဲ့ ကလေးတွေ ဆိုတာက မိသားစုဝင်တွေမှာ နှလုံးရောဂါ ရှိဖူးခြင်း၊ ဆီးချိုရှိခြင်း၊ သွေးပေါင်ချိန် မြင့်ခြင်း၊ သို့မဟုတ် ပေါင်ချိန်များခြင်း စတဲ့အချက်တွေရှိတဲ့ ကလေးတွေ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများတဲ့ ကလေးတွေဟာ ပထမဆုံး အသက် ၂ နှစ် မှ ၁၀ နှစ်ကြားမှာ စစ်ဆေးသင့်ပါတယ်။ အသက်၂ နှစ်အောက် ကလေးတွေကတော့ အဲဒီလိုတွေ စစ်ဆေးဖို့ အရမ်းငယ်နေသေးပါတယ်။

အကြောင်းရင်းကို သိရှိခြင်း

စစ်ဆေးတာတွေ မလုပ်ခင် သိရမယ့် အချက်များ

ကိုလက်စထရော နဲ့ triglycerides စစ်ဆေးချက်တွေ မလုပ်ခင် ဘာတွေသိဖို့ လိုအပ်သလဲ

ဆီးချိုရှိတယ် ဆိုရင်၊ သွေးထဲမှာရှိတဲ့ အချိုဓါတ်က ထိန်းချုပ်လို့ မရတဲ့ အခြေအနေ ရောက်နေရင်၊ triglycerides ပမာဏ များနေမှာပါ။

Triglycerides ပမာဏဟာ အစာစားရင် အပြောင်းအလဲ ရှိနိုင်ပါတယ်။ အစာစားပြီး နာရီ အနည်းငယ် အကြာမှာ တိုင်းတာဟာ အဆာခံ (ဘာမှမစားထားတာ) ထက် ၅ ဆ မှ ၁၀ ဆအထိ များနိုင်ပါတယ်။ အစာမစားထားဘဲ တိုင်းတဲ့ ပမာဏတောင် တစ်နေ့နဲ့ တစ်နေ့ ကွဲပြားမှု ရှိပါတယ်။ ဒါ့ကြောင့် အစာမစားထားဘဲ တိုင်းတာရာမှာ တစ်နေ့နဲ့ တစ်နေ့ တော်ရုံ ပြောင်းလဲနေတာကို ပုံမှန် မဟုတ်ဘူးလို့ ထင်လို့ မရပါဘူး။

Corticosteroids တွေ၊ HIV အတွက်သုံးတဲ့ protease inhibitors တွေ၊ ဘီတာ Blockers တွေ၊ oestrogen တွေ လိုမျိုး ဆေးတွေကလည်း သွေးထဲမှာရှိတဲ့ triglycerides ပမာဏကို များစေနိုင်ပါတယ်။

လူတွေမှာ အစာမစားဘဲ မနေထားတဲ့ အခြေအနေနဲ့ triglycerides ပမာဏကို တိုင်းတဲ့နေရာမှာ ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန် သွေးကြောထဲမှာ တကယ် လှည့်ပတ်နေတဲ့ triglycerides ပမာဏကို သိချင်ရင် အဆာမခံထားတဲ့ ပမာဏကို တိုင်းတာက ပိုထိရောက်လို့ပါ။

အစာစားပြီး တိုင်းတဲ့ ပမာဏဟာ အစာမစားထားတဲ့ ပမာဏထက်စာရင် ခန္ဓါကိုယ်အတွင်း အဆီပမာဏကို ပိုပြီး ကိုယ်စားပြုနိုင်လို့ပါ။ ဒါပေမယ့် အစာစားပြီး ပမာဏကို တိုင်းရုံနဲ့တော့ ဖြစ်နိုင်ခြေကို သေချာအောင် မတွက်ချက်နိုင်သေးပါဘူး။ ယခုလက်ရှိ အထိတော့ ခန္ဓါကိုယ် အတွင်းရှိ အဆီပမာဏကို မတိုင်းတာခင် အစာမစားဘဲ နေရမယ်ဆိုပြီး ပြောင်းလဲ အကြံပြုထားတာတွေ မရှိပါဘူး။

ဘာလုပ်မယ်၊ ဘာဖြစ်မယ်ဆိုတာ သိခြင်း

ကိုလက်စထရော နဲ့ triglycerides စစ်ဆေးချက်တွေ မလုပ်ခင် ဘယ်လို ပြင်ဆင်ထားရမလဲ

ဘယ်လို ကြိုတင် ပြင်ဆင်သင့်တယ် ဆိုတာကတော့ စစ်ဆေးမယ့် စစ်ဆေးချက် အမျိုးအစားပေါ် မူတည်ပါတယ်။ အစာမစားဘဲနေဖို့ လိုအပ်နိုင်သလို၊ မလိုအပ်တာလဲ ဖြစ်နိုင်ပါတယ်။

  • ဆရာဝန်ကသင့်ကို မစစ်ဆေးခင် အစာမစားဘဲနေဖို့ ပြောရင်တော့ သွေးမဖောက်ခင် ၉ နာရီမှ ၁၂ နာရီ အလိုမှာ ဘာမှမစားဘဲ ရေကလွဲပြီးဘာမှ မသောက်ရပါဘူး။ စစ်ဆေးမယ့် မနက်မှာတော့ သောက်ရမယ့် ဆေးရှိရင် ရေနဲ့ သောက်နိုင်ပါတယ်။ အဆာခံဖို့က အမြဲတမ်းတော့ မလိုအပ်ပါဘူး။ ဒါပေမယ့် တချို့ အခြေအနေတွေ အတွက်တော့ အဆာခံနေဖို့ အကြံပြုခံရနိုင်ပါတယ်။
  • မစစ်ဆေးမီ ညမှာ အဆီများတဲ့ အစာတွေ မစားရပါဘူး။
  • အရက်လည်း မသောက်သင့်ပါဘူး။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလည်း မလုပ်ရပါဘူး။

ဆေးတွေကလည်း ဒီစစ်ဆေးချက်ရဲ့ အဖြေကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့ကြောင့် သင်ဟာ ညွှန်ကြားထားတဲ့ဆေး ဖြစ်စေ၊ မညွှန်ကြားထားတဲ့ ဆေးကို သောက်နေရတာ ဖြစ်စေ၊ သဘာဝ ဆေးဝါးတွေ သောက်သုံးနေတာ ဖြစ်စေ သင့်ဆရာဝန်ကို ပြောပြရပါမယ်။

လွန်ခဲ့တဲ့ ၇ ရက်အတွင်းမှာ ရေဒီယို သတ္တိကြွ ပစ္စည်းတွေနဲ့ စစ်ဆေးရတဲ့ thyroid gland (လည်ပင်းရှိ ဂလင်း) နဲ့ အရိုး စစ်ဆေးမှုတွေ ရှိခဲ့ရင်လည်း ဆရာဝန်ကို ပြောပြရပါမယ်။

ဒီစစ်ဆေးချက် အတွက် လိုအပ်တာတွေ၊ လုပ်ပြီးဖြစ်နိုင်တဲ့ အချက်တွေ၊ ဘယ်လို စစ်ဆေးမယ်ဆိုတာ၊ အဖြေက ဘာကို ဆိုလိုတယ်ဆိုတာ စတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သိလိုပါက သင့်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

ကိုလက်စထရောနဲ့ triglycerides စစ်ဆေးရာမှာ ဘာတွေ ဖြစ်နိုင်သလဲ

ကျန်းမာရေး ပညာရှင်များဖြင့် သွေးဖောက်ရာမှာ –

  • သွေးစီးတာကို ရပ်ဖို့ သင့်ရဲ့ အပေါ်လက်မောင်းမှာ အပတ်တစ်ခု ပတ်ပါလိမ့်မယ်။ အဲဒီလို လုပ်ခြင်းက အပတ်ရဲ့အောက်မှာရှိတဲ့ သွေးပြန်ကြောတွေကို ပိုပြီးကြီးလာအောင်၊ ထင်ရှားလာအောင် လုပ်ပေးနိုင်ပါတယ်။ ဒါမှလည်း သွေးကြောထဲကို အပ်ထိုးထည့်ရတာ ပိုလွယ်ကူစေမှာပါ။
  • အပ်ထိုးမယ့်နေရာကို အရက်ပြန်နဲ့ သန့်စင်အောင် လုပ်ပါမယ်။
  • ပြီးရင် အပ်ကို သွေးကြောထဲ ထိုးပါမယ်။ အပ်တစ်ချောင်းထက် ပိုပြီး လိုအပ်နိုင်ပါတယ်။
  • သွေးဖြည့်ဖို့အတွက် ပြွန်တစ်ခုကို အပ်နဲ့ တွယ်ဆက်ထားပါမယ်။
  • သွေး လုံလုံလောက်လောက် ယူပြီးပြီဆိုရင်တော့ လက်မောင်းနားမှာ ပတ်ထားတဲ့ အပတ်ကို ဖယ်လိုက်ပါမယ်။
  • အပ်ကို ထုတ်တဲ့အချိန်မှာ ဂွမ်းစ တချို့ကို အပ်ထိုးထားတဲ့ နေရာမှာ အုပ်ထားပါမယ်။
  • အပ်ထိုးထားတဲ့ နေရာမှာ နည်းနည်း ဖိထားလိုက်ပြီး အပေါ်က ပလာစတာ ကပ်ထားရပါမယ်။

ကိုလက်စထရော နဲ့ triglycerides စစ်ဆေးချက် လုပ်ပြီး သွားချိန်မှာ ဘာတွေဖြစ်နိုင်သလဲ

အပေါ်လက်မောင်းမှာ အပတ်တစ်ခု ပတ်ထားတဲ့ အတွက် အနည်းငယ် တင်းကြပ်တဲ့ ခံစားမှုမျိုး ခံစားရပါလိမ့်မယ်။ အပ်ထိုးထားတဲ့ အတွက် ဘာမှ မခံစားရတာမျိုးလည်း ဖြစ်နိုင်သလို စူးနေတာမျိုးလည်း ခံစားရနိုင်ပါတယ်။

ထိုးပြီး မိနစ် ၂၀၊ ၃၀ အကြာမှာ ဂွမ်းစ၊ ကပ်ထားတဲ့ ပလာစတာ (tape) ကို ခွာနိုင်ပါတယ်။ စစ်ဆေးချက် အဖြေရဖို့ ရက်သတ်မှတ်ပေးလိုက်ပါလိမ့်မယ်။ အဖြေရတဲ့ အခါ ဆရာဝန်က ဒီအဖြေက ဘာကိုဆိုလိုတယ်ဆိုတာ ရှင်းပြပါလိမ့်မယ်။ ဆရာဝန် ပြောတဲ့အတိုင်း လိုက်နာသင့်ပါတယ်။

ကိုလက်စထရော နဲ့ triglycerides စစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီး မေးစရာအချက်တွေ ရှိနေပါက ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

အဖြေကို သိနားလည်ခြင်း

စစ်ဆေးချက်အဖြေက ဘာကို ဆိုလိုပါသလဲ

အောက်မှာ ဖော်ပြမှာတွေက စစ်ဆေးပြီး ထွက်လာနိုင်တဲ့ အခြေခံ အုပ်စုအလိုက် triglycerides ပမာဏတွေကို မီလီဂရမ် per ဒက်ဆီလီတာနဲ့ ဖော်ပြထားပါတယ်။

  • အစာမစားထားဘဲ စစ်ဆေးခြင်း အတွက် ပုံမှန်အဖြေ – ၁၅၀ မီလီဂရမ်/ဒက်ဆီလီတာ
  • အနည်းငယ် များ – ၁၅၀ မှ ၁၉၉ မီလီဂရမ်/ဒက်ဆီလီတာ
  • ပမာဏများ – ၂၀၀ မှ ၄၉၉ မီလီဂရမ်/ဒက်ဆီလီတာ
  • ပမာဏ အလွန်များ – ၅၀၀ မီလီဂရမ်/ဒက်ဆီလီတာ ထက်ပိုများခြင်း။
  • Hypertriglyceridemia ဆိုတာဟာ Triglycerides များနေခြင်း အတွက် အသုံးပြုတဲ့ ဆေးပညာအရ အခေါ်အဝေါ် ဖြစ်ပါတယ်။

    ပုံမှန် လူတွေမှာတောင် အစာမစားထားဘဲ တိုင်းတဲ့ ပမာဏတွေက နေ့စဉ် ပြောင်းလဲနေတတ်ပါတယ်။ အစာမစားထားဘဲ တိုင်းတာထက် အစာစားထားတာက ၅ ဆ မှ ၁၀ ဆထိ မြင့်တက်စေနိုင်ပါတယ်။

    အစာမစားထားဘဲ တိုင်းတဲ့ ပမာဏတွေက ၁၀၀၀ မီလီဂရမ်/ဒက်ဆီလီတာ အထက်မှာ ရှိနေရင်တော့ မုန့်ချိုအိတ် ယောင်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ အဲဒီလို ၁၀၀၀ ကျော် နေပြီဆိုရင်တော့ Triglycerides ပမာဏ လျှော့ချဖို့ ကုသမှု အမြန်ဆုံး ခံယူသင့်နေပါပြီ။

    Triglycerides ပမာဏ များနေပြီ ဆိုရင် ကိုလက်စထရော ပမာဏလည်း များနေနိုင်ပါတယ်။ အဲဒီလို အခြေအနေကို hyperlipidemia (ခန္ဓါကိုယ်အတွင်း အဆီများနေခြင်း) လို့ ခေါ်ပါတယ်။

    ဓါတု စစ်ဆေးခန်းတွေနဲ့ ဆေးရုံတွေအပေါ် မူတည်ပြီး ကိုလက်စထရောနဲ့ triglycerides ပုံမှန်ပမာဏ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement