စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

တစ်နေ့တာလှုပ်ရှားမှုတွေကို စိတ်လက်ကြည်ကြည်သာသာနဲ့လုပ်ချင်သူတွေအတွက် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေမယ့် အစားအသောက်ေလးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူတစ်ယောက်က အမြဲစိတ်ခံစားမှုကောင်းနေဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အခုပြောပြမယ့် အစားအစာတွေကတော့ စိတ်ဖိစီးမှု နဲ့ စိတ်ပူပန်မှုကိုလျော့ကျစေနိုင်ပြီး စိတ်ဓါတ်ကျမှုကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိ ပါတယ်။

ဘယ်အစားအစာတွေက စိတ်ခံစားမှုတွေကိုကောင်းမွန်စေနိုင်မှာလဲ

ရေ

ရေက ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေဖို့အတွက်တော်တော်လေးကို အရေးပါတာပါ။ ခန္ဓါကိုယ်မှာရေဓါတ်အနည်းငယ်ဆုံးရှုံးသွားတယ်ဆိုရင်တောင်မှ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာ အများကြီးထိခိုက်စေနိုင်ပါတယ်။ရေဓါတ်နည်းလာတဲ့အခါ အာရုံစိုက်နိုင်စွမ်းလျော့ကျလာနိုင်ပါတယ်။ ဒါကြောင့် အမြဲလိုလိုတက်တက်ကြွကြွနေနိုင်ဖို့အတွက်ရေလုံလောက်အောင်သောက်ပေးပါ။

ချောကလက်

ဒါကတော့ အရမ်းထူးဆန်းတာမဟုတ်ပါဘူး။ချောကလက်စားရင် စိတ်ခံစားမှုကောင်းတယ်ဆိုတာကို လူတိုင်းလိုလိုသိထားပြီးသားပါ။ သိပ္ပံနည်းကလေ့လာမှုတွေအရတော့ အနက်ရောင်ချောကလက်ကိုနေ့စဉ် စားသုံးပေးတာက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကို ကျဆင်းစေ စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ စိတ်ဖိစီးနေသလားချောကလက်စားပါ။

ငါး

အဆီများတဲ့ငါးတွေ၊ ကမာကောင်လိုမျိုး ပင်လယ်စာတွေကို စားသုံးမယ်ဆိုရင် ခန္ဓါကိုယ်ကနေ မထုတ်နိုင်တဲ့ဓါတ်တစ်မျိုးဖြစ်တဲ့ စိတ်ခံစားမှုကို ပိုကောင်းစေနိုင်တဲ့omega-3 fatty acid ကို ရရှိစေနိုင်တာကြောင့် စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အဆီများတဲ့ ငါးတွေကို စားသုံးတဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓါတ်ကျတာလိုမျိုး စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုလျော့ပါးသက်သာစေနိုင်သလို ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။

အုန်းသီး

စိတ်ဖိစီးတဲ့အခါ အုန်းသီးနည်းနည်းလောက်စားပေးလိုက်ပါ။ အုန်းသီးက စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ သဘာဝဆေးတစ်မျိုးပါ။ အုန်းသီးရဲ့ ရနံ့ကနှလုံးခုန်နှုန်းကိုနှေးစေပြီး စိတ်ခံစားမှုကိုကောင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပြီး စိတ်ဓါတ်ကျနေတာကို ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်လာစေမှာပါ။

ငှက်ပျောသီး

ငှက်ပျောသီးမှာပါတဲ့ ဗီတာမင် A၊ B6၊ C၊ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်၊phosphorous၊ သံဓါတ် နဲ့ ကာဗိုဟိုက်ဒရိတ် တို့ပါဝင်တာကြောင့် စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါသတဲ့။ ငှက်ပျောသီးက ညဘက်ကိုလည်းကောင်းစွာအိပ်ပျော်စေတာကြောင့် အိပ်မပျော်တာ၊ စိတ်ဓါတ်ကျတာ နဲ့ စိုးရိမ်ပူပန်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ တစ်နေ့ကို ငှက်ပျောသီး အရွယ်တော်တစ်လုံးစားသုံးပေးပါ။

ဟင်းနုနွယ်

ခန္ဓါကိုယ်မှာ ဗီတာမင် Bလျော့နည်းလာတဲ့အခါ စိတ်ဓါတ်ကျတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်မှာ ဗီတာမင် Bပြည့်ဝနေဖို့ကလည်း ဂရုစိုက်သင့်တဲ့အချက်တစ်ခုပါ။ ဒါကြောင့် ဗီတာမင် Bပြည့်ဝဖို့အတွက် ဟင်းနုနွယ်ရွက်လိုမျိုး အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေကို စားသုံးပေးပါ။ ပန်းဂေါ်ဖီစိမ်း စားပေးရင်လည်းရပါတယ်။

ကညွတ်

ခန္ဓါကိုယ်ထဲမှာfolate ပမာဏက ၅၀ ရာခိုင်နှုန်းအောက်ကျသွားပြီဆိုရင်စိတ်ဓါတ်ကျမှုကို ခံစားရနိုင်ခြေကတော်တော်လေးများသွားပါပြီ။ ဒီလိုအချိန်မှာ စိတ်ဓါတ်ကျမှုကို တိုက်ဖျက်နိုင်ဖို့အတွက်folateပြည့်ဝတဲ့ အစားအစာတစ်ခုခုကို စားသုံးဖို့လိုပါမယ်။ ဘာစားရမလဲလို့များတွေးနေလား။ ကညွတ်ကfolate ပမာဏပြည့်ဝစွာပါဝင်နေတဲ့ အစားအစာတစ်ခုပါ။

လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေးကြမ်းသောက်တာကသွေးတွင်းဂလူးကို့စ် ပမာဏကို ထိန်းညှိရာမှာအထောက်အကူပြုပေးပါတယ်။နေ့စဉ် လက်ဖက်စိမ်းရေနွေးကြမ်းကိုသောက်သုံးပေးမယ်ဆိုရင် တက်ကြွနေစေပြီးရေဓါတ်ပြည့်ဝစေနိုင်သလို အချိုစားချင်စိတ်ကိုလည်လျော့ကျစေနိုင်ပါတယ်။

ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာcholine ပါဝင်တာကြောင့် အာရုံကြောစနစ်ရဲ့ ဆဲလ်တွေကို ကျန်းမာစေနိုင်ပြီး စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ကြက်ဥဖြစ်ဖြစ်နေ့စဉ်စားသုံးပေးမယ်ဆိုရင် စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပြီး စိတ်ပျော်ရွှင်မှုကို ရရှိစေမှာသေချာပါတယ်။

အခုပြောပြခဲ့တဲ့ အစားအစာလေးတွေကိုစားသုံးပြီး စိတ်တက်ကြွလန်းဆန်းနေတဲ့နေ့လေးတစ်နေ့ကို ဖန်တီးလိုက်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇွန် 6, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 17, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။