သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ

မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ

မျက်လုံးတွေကြည့်လို့မကောင်းဘူး၊ ရီဝေဝေနဲ့ရယ်။ စာဖတ်လို့လည်းအဆင်မပြေဘူး။ ကြည့်ရတာ အားမရဘူး ဆိုတာ မကြာခဏကြားရပါတယ်။ အကြောင်းရင်းတွေက အများကြီးရှိနိုင်တယ်နော်။ ဖြစ်နိုင်ခြေရှိတာတွေက –

မျက်မှန်လိုနေပြီ

မျက်စိအသုံးပြုရတာများလို့ အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် အဝေးမှုန်၊ အနီးမှုန် မျက်စိပါဝါတွေရှိလာတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်စိကျန်းမာရေးစစ်ဆေးပြီး မျက်မှန်လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

မျက်စိညောင်းနေတာဖြစ်နိုင်တယ်

တီဗီ၊ ကွန်ပျူတာ သို့မဟုတ် ဖုန်းကို အကြာကြီး ကြည့်နေတတ်တဲ့သူလား။ ဒီလိုကြည့်တဲ့အခါ မျက်တောင်ခတ်တာနည်းတတ်ပါတယ်။ မျက်တောင်တစ်ခါခတ်တိုင်းမှာ မျက်လုံးထဲမှာ မျက်ရည်တွေကဖြန့်ကြက်ပြီး အစိုဓါတ်ပေးနိုင်တယ်၊လန်းဆန်းစေတယ် ။ ဒါ့ကြောင့် မျက်စိမညောင်းရအောင် ဒီလိုအကြာကြီးကြည့်တဲ့အခါ မကြာခဏမျက်တောင်ခတ်ဖို့ကို မမေ့ပါနဲ့။

အသက်ကြီးလာလို့

အသက် ၄၀လောက်ရောက်တဲ့အခါ စာဖတ်တာကအစ အနီးကပ်အာရုံစိုက်ရအဆင်မပြေတော့တာ သတိထားမိလာပါလိမ့်မယ်။ ဒါဟာ အသက်ကြီးလာတဲ့ပုံမှန်လက္ခဏာတစ်ခုပါပဲ။ စာကြည့်မျက်မှန်တွေဖြစ်ဖြစ် ဆရာဝန်နဲ့တိုင်ပင်ပြီး အသုံးပြုသင့်ပါတယ်။

ဆီးချိုရှိနေတာများလား

သွေးတွင်းသကြားဓါတ်ကိုကောင်းကောင်းမထိန်းချုပ်နိုင်တဲ့အခါ မျက်စိမှန်ဘီလူးအတွင်းကို အရည်တွေစိမ့်ဝင်စေနိုင်ပြီးဖောင်းလာစေပါတယ်။ ဒါကို ကုသမှုမလုပ်မချင်း ဆက်ပြီးဖြစ်နေနိုင်တဲ့လက္ခဏာပါ။ သကြားဓါတ်ပမာဏပုံမှန်ဖြစ်မှ မှန်ဘီလူးလည်း ပုံမှန်ပြန်ဖြစ်မှာပါ။ ဆီးချိုရောဂါရှိတဲ့သူတွေမှာ retinopathy မျက်စိရောဂါဖြစ်နိုင်ခြေပိုများတာကြောင့် အမြင်အာရုံမှုန်ဝါးလာရင် ဆီးချိုကိုလည်းသတိပြုပါ။

မျက်လုံးက ရောင်နေတာ

မျက်လုံးမှာ ထိခိုက်ထားတာတစ်ခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။ မျက်ကပ်မှန်တပ်ရင်းအိပ်မိတာ၊သေချာမသန့်စင်တာ၊ သိမ်းဆည်းပုံမမှန်ကန်ဘဲပစ်ထားတာတွေက မျက်စိကိုရောဂါပိုးဝင်စေနိုင်ပါတယ်။ ဆိုရီရေးစစ်အရေပြားရောဂါ၊လေးဘက်နာအဆစ်ရောင်ရောဂါတို့လို ခန္ဓါကိုယ်တခြားအစိတ်အပိုင်းတွေမှာဖြစ်တဲ့ ကိုယ်ခံအားဆိုင်ရာရောဂါတွေကြောင့်လည်း မျက်စိကိုရောင်ရမ်းစေတတ်ပါတယ်။

သွေးပေါင်ကျေနတာ

အားနည်းပြီးခေါင်းမူးနေတာပါ ခံစားနေရလား။ရေဓါတ်ခန်းခြောက်တာကြောင့်သွေးပေါင်ကျနေနိုင်ပါတယ်။ သောက်သုံးနေရတဲ့ဆေးဝါးတချို့ကြောင့်၊ နှလုံးနဲ့ဆိုင်တဲ့ပြဿနာတချို့ကြောင့်၊ အာဟာရမပြည့်လို့၊ဟော်မုန်းမညီမျှမှုတို့ကြောင့်၊ အိပ်ရေးပျက်လို့ စတာတွေကသွေးပေါင်ကျပြီး အမြင်အာရုံဝေဝါးစေတဲ့အကြောင်းရင်းတွေထဲပါဝင်ပါတယ်။

မျက်လုံးထဲမှာ အရည်တွေစုလာတာ

ဒီလိုဖြစ်လာရင် မျက်စိအာရုံကြောမှာ ဖိအားဖြစ်စေပြီးထိခိုက်စေနိုင်ပါတယ်။ အလင်းရောင်ကိုကြည့်လိုက်တဲ့အခါ အပျောက်လေးတွေမြင်နေရတယ်ဆိုရင်၊ မျက်စိနီရဲနေပြီး နာကျင်လာတယ်ဆိုရင်၊ ပျို့အန်ချင်နေတယ်ဆိုရင်acute angle glaucomaဆိုတဲ့ ရေတိမ်အမျိးအစားဖြစ်နေနိုင်ပါတယ်။ရေတိမ်က ဆက်ဖြစ်လာတာမြန်လို့ မကုသရင် သိပ်မကြာခင်မှာပဲ အမြင်အာရုံကို ဆုံးရှုံးရနိုင်ပါတယ်။

အတွင်းတိမ်ြဖစ်နေတာ

ပုံမှန်ဆို ကြည်လင်နေရမယ့် မျက်စိမှန်ဘီလူးမှာ တခုခုပိတ်ကာနေသလိုခံစားရတာမျိုး။ အတွင်းတိမ်တွေက အသက် ၅၅ နှစ်နောက်ပိုင်းမှာ တဖြည်းဖြည်းချင်းဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် လူငယ်တွေမှာလည်း(ကလေးတွေမှာတောင်)ဖြစ်နိုင်ခြေရှိပါတယ်နော်။ မျက်စိထဲမှာ အရောင်တွေ မှိန်နေပြီး ညဘက်ဆို သိပ်မမြင်ရတော့ဘူး။ သင့်တော်တဲ့မျက်မှန်တပ်ပြီးကုသမှုခံယူလို့ရနိုင်ပေမယ့် လိုအပ်ရင် ခွဲစိတ်မှုလည်းလုပ်ရနိုင်ပါတယ်။

ဦးနှောက်ထဲက ပြဿနာ

ခေါင်းထိခိုက်လို့ သတိလစ်တာ ဒါမှမဟုတ် ဦးနှောက်ထိခိုက်မှုဖြစ်ထားရင် မျက်စိလုပ်ဆောင်ချက်တွေကိုထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်အကျိတ်ဆိုလည်းဖြစ်တဲ့နေရာ သို့မဟုတ် အရွယ်အစားကိုမူတည်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်တယ်။ အမြင်နှစ်ထပ်ဖြစ်ခြင်းက ဦးနှောက်ရောင်ရောဂါရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ အဖြစ်များတဲ့လက္ခဏာတစ်ခုမဟုတ်ပေမယ့် အမြင်အာရုံမှုန်ဝါးခြင်းကလေဖြတ်ခါနီးဖြစ်တတ်တာလည်း တချို့မှာတွေ့ရပါတယ်။

မြင်လွှာ ထိခိုက်ထားတာ

အစားအသောက်ကြောင့်၊ဆေးလိပ်သောက်ခြင်း၊ မျက်စိထိခိုက်မှုဖြစ်ဖူးခြင်း၊ မျက်စိရောဂါဖြစ်ဖူးခြင်း၊သွေးတိုး၊ကိုလက်စထရောများခြင်းနဲ့ ဆီးချိုရောဂါတို့ကြောင့်မြင်လွှာထိခိုက်မှုကိုဖြစ်စေနိုင်ပါတယ်။

ဒါတွေကဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေထဲက တချို့ကိုဖော်ပြထားတာဖြစ်လို့ တခြားအကြောင်းရင်းတွေလည်းရှိနိုင်ပါတယ်။ ကိုယ့်မျက်လုံးနဲ့အမြင်အာရုံမှာ ထူးခြားတဲ့၊ ပုံမှန်နဲ့မတူတဲ့ လက္ခဏာတွေရှိလာတာသတိထားမိတယ်ဆိုရင် ဆရာဝန်အမြန်ပြပြီး စစ်ဆေးမှုခံယူတာကောင်းပါတယ်။ မျက်လုံးဆိုတာ နုနယ်လွန်းတဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တာမို့ လက္ခဏာသေးသေးလေးလည်း ပေါ့ပေါ့ဆဆမနေသင့်ပါဘူးနော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။