backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မျက်လုံးခြောက်ရတဲ့ အကြောင်းရင်းကို အဖြေရှာကြမယ်


Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မျက်လုံးခြောက်ရတဲ့ အကြောင်းရင်းကို အဖြေရှာကြမယ်

မျက်လုံးခြောက်တာ ဘယ်လိုမျိုးလဲ။

ကြည်လင်ဝင်းပတဲ့ မျက်ဝန်း တစ်စုံကို ရရှိဖို့ မျက်ရည်ထဲမှာ ရေ၊ အချွဲ၊ အဆီ ပမာဏ မျှတစွာ ရှိနေဖို့ လိုအပ်ပါတယ်။ ဒီပမာဏ မျှခြေ ပျက်ယွင်းသွားရင်၊ ခမ်းခြောက်နေရင်တော့ မျက်လုံးခြောက်တာမျိုး ဖြစ်တတ်ပါတယ်။ မျက်လုံးခြောက်နေပြီဆိုတာ သိနိုင်မယ့် လက္ခဏာတွေကတော့

မျက်မှန် တပ်လိုက်တဲ့အခါ မျက်လုံးက ကြည့်လို့ သိပ်အဆင်မပြေတာ၊ အထဲက ယားသလိုလို နေရခက်သလို ဖြစ်လာတာ

အမြင်အာရုံ ဝေဝါးလာတာ၊ တစ်ခုခု ဖုံးနေတယ်လို့ ခံစားရတာ

• မျက်ရည် ခဏခဏ ထွက်တာ၊ သို့မဟုတ် မျက်ရည် လုံးဝ မထွက်နိုင်တော့တာ

• မျက်လုံးက ယားယံပြီး နီရဲနေတာ

• စပ်ဖျဉ်းဖျဉ်း ဖြစ်နေတာ

မျက်လုံးထဲ တစ်ခုခု ဝင်သွားလိုမျိုး ခံစားချက်မျိုး အမြဲ ရနေတာ

• မျက်လုံးက ပင်ပန်းပြီး ညောင်းကိုက်နေတာ၊ လေးလံနေတာ

ကွန်ပျူတာ၊ ဖုန်းမှန်သားပြင်ကနေ စာဖတ်တဲ့အခါ အခက်အခဲ ဖြစ်ခြင်း စတဲ့ လက္ခဏာမျိုးတွေ တွေ့ရနိုင်ပါတယ်။

မျက်လုံးခြောက်တာမှာ တစ်ခါတစ်ရံ ဖြစ်တာနဲ့ အမြဲ ဖြစ်တာဆိုပြီး ၂ မျိုး ခွဲလို့ ရပါတယ်။ တစ်ခါတစ်ရံ မျက်လုံးခြောက်တာက ပျောက်ဖို့လည်း မြန်သလို ဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းရင်း ရှာတဲ့အခါလည်း ပိုလွယ်ပါတယ်။ အဓိက ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို အနည်းငယ် ပြောင်းလဲလိုက်ရင် သက်သာသွားနိုင်ပါတယ်။ အမြဲ မျက်လုံးခြောက်တဲ့သူတွေမှာတော့ တခြား ကျန်းမာရေး ပြဿနာများ ရှိနေနိုင်တဲ့အတွက် သေချာ စစ်ဆေးမှု ခံယူဖို့ လိုအပ်ပါတယ်။ အပေါ်မှာ ပြောထားခဲ့တဲ့ လက္ခဏာတွေ တစ်ခုထက် မက တွေ့နေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြတာ ပိုကောင်းမှာပါ။

မျက်လုံးခြောက်စေတဲ့ အကြောင်းရင်း

ဖြစ်စေနိုင်တဲ့ အကြောင်းရင်း အများကြီးထဲမှာမှ အဖြစ်အများဆုံး တရားခံ ပြဿနာတွေကတော့

၁။ မျက်နှာပေါ်မှာ အသုံးပြုတဲ့ အလှကုန် ပစ္စည်းတွေကြောင့်

တစ်ခါတလေ ကိုယ် အသုံးပြုလုပ်တဲ့ မိတ်ကပ်၊ ပေါင်ဒါက အမှုန်တွေဟာ မျက်လုံးထဲကို ဝင်သွားပြီး မျက်လုံး အရည်ထဲမှာ ရှိနေတဲ့ အဆီတွေကို ပါးသွားစေတယ်။ မျက်လုံးကို ခြောက်ပြီးတော့လည်း ယားယံလာစေပါတယ်။ ဒီအတွက် မိတ်ကပ်၊ ပေါင်ဒါရိုက်တဲ့အခါ မျက်လုံးကို သေချာမှိတ်ထားဖို့ လိုသလို အကြောင်းရင်း မရှိဘဲ မျက်လုံးကို ပွတ်တာမျိုးလည်း မလုပ်သင့်ပါဘူး။

၂။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကြောင့်

ပတ်ဝန်းကျင်မှာ လေအရမ်း တိုက်တဲ့အခါ၊ ဖုန်ထူထပ်တဲ့အခါ၊ လေထုက ခြောက်သွေ့နေရင်လည်း မျက်လုံးက ရေဓာတ် ခန်းခြောက်သွားတတ်ပါတယ်။ ဒီအတွက် ဖုန်ထူတဲ့ နေရာကို ရောက်ရင် တတ်နိုင်သလောက် မျက်လုံးကို မှိတ်ထားပါ သို့မဟုတ် မျက်လုံးကို အနည်းငယ် မှေးထားပါ။ အိမ်မှာဆိုရင် လေထု အစိုဓာတ် ထိန်းစက် (Humidifier) တပ်ပေးထားပါ။

၃။ အီလက်ထရောနစ် ပစ္စည်းများကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်း

ကွန်ပျူတာနဲ့ နေ့စဉ် အလုပ်လုပ်နေရသူတွေ၊ ဖုန်းကို အကြာကြီး သုံးနေသူတွေ၊ မျက်လုံးကို အားအရမ်း စိုက်ထုတ်ပြီး ကြည့်ခြင်း၊ မျက်လုံးကို အနားမပေးခြင်းကြောင့်လည်း မျက်လုံးကို ခြောက်သွားတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ ကွန်ပျူတာ၊ ဖုန်း အသုံးပြုတဲ့အခါ နာရီဝက် တစ်ခါ မျက်လုံးကို အနားပေးပါ။ အသုံးပြုနေစဉ်မှာ မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်ပေးပါ။ ညအမှောင်ထဲမှာ ဖုန်း အသုံးမပြုပါနဲ့။

၄။ ကိုယ် သောက်နေတဲ့ ဆေးဝါးတွေကြောင့်

ဓာတ်မတည့် လက္ခဏာပျောက်ဆေး၊ အိပ်ဆေး၊ သွေးတိုးကျဆေး၊ စိတ်ပူပန်တာကို လျော့နည်းစေတဲ့ ဆေး၊ အကိုက်အခဲပျောက်ဆေးတွေဟာ မျက်လုံးထဲမှာ ရှိတဲ့ အချွဲတွေကို ခန်းခြောက်သွားစေလို့ မျက်လုံးခြောက်တာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ် ပြနေကျ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပြီး ဆေးရပ်သင့်၊ မရပ်သင့်၊ ဆေးပြောင်း သောက်ဖို့ကို အကြံဉာဏ်တောင်းပါ။

၅။ ခန္ဓာကိုယ်တွင်း အပြောင်းအလဲများ

အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဉ်၊ မီးဖွားနေစဉ်၊ သွေးဆုံးနေချိန်ကာလတွေ၊ ဟော်မုန်း အပြောင်းအလဲများ၊ အသက်အရွယ် ကြီးရင့်လာခြင်း စတဲ့ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုတွေကြောင့်လည်း မျက်လုံးခြောက်တဲ့ လက္ခဏာမျိုး တွေ့ရနိုင်ပါတယ်။ သူ့အလိုလို ပျောက်သွားတတ်တာမျိုးလည်း ရှိသလို ဆရာဝန်နဲ့ သေချာပြပြီး စစ်ဆေးကုသမှု ခံယူရနိုင်တဲ့ အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။

၆။ ကျန်းမာရေး ပြဿနာများ

ဆီးချိုရောဂါ၊ သိုင်းရွိုက် ပြဿနာများ၊ ဗီတာမင် ဒီဓာတ် ချို့တဲ့ခြင်း၊ မျက်ရည် ထွက်စေတဲ့ ဂလန်းများ ထိခိုက်မိခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့နေရစဉ်မှာ မျက်လုံးခြောက်တတ်ပါတယ်။

နောက်ဆုံး ပြောချင်တာကတော့ မျက်လုံးခြောက်ခြင်းဟာ ပုံမှန်အားဖြင့် သိပ်ပြီး စိုးရိမ်ရတဲ့ ပြဿနာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ တစ်နေ့တာမှာ နေရထိုင်ရခက်စေနိုင်တာကြောင့် ဒီအတိုင်း ပစ်ထားလိုက်တာထက် ရေများများ သောက်ပေးတာ၊ မျက်စဉ်းခတ်ပေးတာ၊ အစာအာဟာရကို ဂရုစိုက်ပြီး စားသုံးတာ၊ အီလက်ထရောနစ် ပစ္စည်း သုံးစွဲချိန်ကို လျှော့ချတာမျိုး လုပ်ပေးလို့ ရပါတယ်။ မျက်စိဆရာဝန်နဲ့လည်း ၆လ သို့မဟုတ် တစ်နှစ် တစ်ကြိမ်လောက် ပုံမှန်ပြပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement