backup og meta

မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ

    မျက်ခမ်းမှာ အနီရောင်အဖုလေးပေါက်ပြီး ကြည့်ရခက်နေပြီဆိုရင်တော့ မျက်စိစွံနေတာ ဖြစ်နိုင်ပါတယ်။ ဒါက ပြဿနာကြီးကြီးမားမားမဟုတ်ဘူးဆိုပေမယ့်  မျက်လုံးကြည့်ရခက်သလို တစ်နေ့တာလုပ်ဆောင်မှုတွေကို ထိခိုက်စေတာ အမှန်ပါ။ ဒီတော့ မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ ကို အဖြေလေးတွေနဲ့ တကွ လေ့လာလိုက်ပါဦးနော်။

    မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ

    မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ ကတော့

    မျက်စိစွံတယ်ဆိုတာ ဘာလဲ….

    မျက်စိစွံတယ်ဆိုတာက မျက်ခမ်းသားမှာ နီရဲနေတဲ့ အဖုလေးဖြစ်တာပါ။ မျက်တောင်နားမှာဖြစ်တာဖြစ်ပြီး မျက်ခွံအောက်နားနဲ့ မျက်ခွံအတွင်းထဲမှာလည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာက ကြီးကြီးမားမားမဟုတ်ပေမယ့် ခံစားရသူအရေအတွက်က မနည်းလှပါဘူး။ မျက်စိစွံတာက ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် နေရခက်စေပြီး နာကျင်မှုကို ခံစားရစေပါတယ်။

    မျက်စိစွံတဲ့ အမျိုးအစားဘယ်နှစ်မျိုးရှိလဲ…………

    မျက်စိစွံတာက ဖြစ်တဲ့နေရာကိုလိုက်ပြီး အမျိုးအစားကွဲပြားနိုင်ပါတယ်။

    • ပြင်ပမှာ ဖြစ်တဲ့ မျက်စိစွံခြင်း – မျက်ခွံအောက်ဘက် မျက်ခမ်းသားနားက မျက်တောင်မွေး မွေးညှင်းအိတ်လေးတွေနားမှာဖြစ်တာပါ။
    • အတွင်းမှာ ဖြစ်တဲ့ မျက်စိစွံခြင်း – မျက်ခွံအောက်ဘက်ခြမ်းနဲ့ အတွင်းဘက်က အဆီဂလင်းတွေမှာဖြစ်တတ်တဲ့ မျက်စိစွံခြင်းတစ်မျိုးပါ။

    ဘာကြောင့် မျက်စိစွံတာလဲ……..

    မျက်စိစွံတာက လူတိုင်းမှာဖြစ်နိုင်သလို အများစုက အိမ်မှာပဲ အလွယ်တကူကုသလို့ရပါတယ်။ မျက်စိစွံတယ်ဆိုတာက မျက်ခွံမှာရှိတဲ့ မျက်တောင်မွေး မွေးညှင်းအိတ်ကလေးတွေထဲကို ပိုးဝင်ကူးစက်မှုတွေကြောင့်ဖြစ်ရတာပါ။ အဆီဂလင်းလေးတွေကို ဖုန်မှုန့်တွေ ပိတ်ဆို့တာကြောင့်လည်း မျက်စိစွံနိုင်ပါတယ်။

    မျက်စိစွံတာက လူတိုင်းမှာဖြစ်နိုင်တယ်ဆိုပေမယ့် ဒီလိုလူတွေမှာတော့ မျက်စိစွံနိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်။

    • မျက်စိစွံဖူးတဲ့သူ
    • အရေပြားပြဿနာ ခံစားနေရသူ
    • ဆီးချိုရောဂါရှိသူ
    • မျက်ခွံရောင်ရမ်းမှုဝေဒနာ ခံစားရလေ့ရှိသူ
    • အဆီထွက်နှုန်းများတဲ့သူတွေ
    • မိတ်ကပ်ကို သေချာမဖြတ်သူတွေ
    • ဒိတ်လွန်နေတဲ့ မိတ်ကပ်ကို လိမ်းနေသူတွေမှာ မျက်စိစွံနိုင်ခြေက အခြားသူတွေထက် ပိုများနေပါတယ်။

    မျက်စိစွံနေပြီလား ….

    မျက်စိစွံနေတဲ့အခါ အခုလို လက္ခဏာတွေတွေ့ရနိုင်ပါတယ်။

    • မျက်ခမ်းသားမှာ အနီရောင်ဖုလေးဖြစ်နေမယ်။
    • အဖုလေးရဲ့ အလယ်မှာ အဝါရောင်ပြည်လိုအဖုလေးရှိနေမယ်
    • မျက်လုံးထဲမှာ တစ်ခုခုရှိနေသလို ခံစားရမယ်
    • မျက်လုံးက ကျိန်းစပ်စပ်ဖြစ်နေမယ်
    • မျက်လုံးက အလင်းဒဏ်မခံနိုင်ဘဲဖြစ်နေမယ်
    • မျက်ဝတ်တွေ ထွက်နေမယ်
    • မျက်ရည်ပူတွေကျနေမယ် ဆိုရင်တော့ မျက်စိစွံတော့မှာပါ။

    မျက်စိမစွံအောင် ကာကွယ်လို့ရလား……….

    • မျက်စိစွံနေတဲ့သူတွေ အသုံးပြုထားတဲ့ အရာတွေကို ကိုင်တွယ်တာကနေတဆင့် ဘက်တီးရီးယားတွေ ကူးစက်ပြီး မျက်စိစွံတာ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အသုံးအဆောင်တွေကို အခြားသူတွေနဲ့ မျှဝေအသုံးပြုတာမျိုး ရှောင်ပါ။
    • လက်တွေကို သန့်စင်အောင်ထားပါ။
    • မျက်လုံးတဝိုက်ကို ရေနွေးနွေးလေးနဲ့ သန့်စင်ပေးပါ။
    • အိပ်ရာ မဝင်ခင် မိတ်ကပ်တွေ ဖျက်ပါ။

    မျက်စိစွံတာက ဘယ်လောက်ကြာနိုင်လဲ……….

    မျက်စိစွံတာက ပုံမှန် အားဖြင့်တော့ ၃ ရက်လောက်ကြာတတ်ပါတယ်။ ပြီးရင် မျက်စိစွံတဲ့ အဖုလေးက တဖြည်းဖြည်းချင်း ပေါက်ထွက်သွားပြီး ပြည်တွေ ထွက်လာပါလိမ့်မယ်။ ပြည်တွေ ပေါက်ထွက်သွားပြီးရင်တော့ အနာကျက်ဖို့က ၇ ရက်ကနေ ၁၀ ရက်လောက်အထိ ကြာမြင့်နိုင်ပါတယ်။

    ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နဲ့ ပြသမလဲ……

    မျက်စိစွံတာက

    • မျက်ခွံ အတွင်းပိုင်းမှာ ဖြစ်မယ်
    • အရမ်း ကြီးနေမယ်
    • အထိမခံနိုင်အောင် နာနေမယ်
    • ရက်တော်တော်ကြာတဲ့အထိ မသက်သာဘူး ဖြစ်နေမယ်
    • အမြင်အာရုံတွေ ဝေဝါးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြဖို့ ပြောပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement