backup og meta

မျက်စိအောင့်တာမျိုး မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်စိအောင့်တာမျိုး မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

    မျက်စိအောင့်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။

    မျက်လုံးက ဖွင့်ထားနေတဲ့ အချိန်မှာ နာလာတာ၊ ပူစပ်လာတာ၊ မျက်ရည်ပူတွေ ကျလာတာမျိုး၊ အထဲကနေ အောင့်ပြီး ယားယံလာတာမျိုး စတဲ့ ခံစားချက်မျိုး ဖြစ်ဖူးကြမှာပါ။ အထူးသဖြင့် အိပ်ခါနီး အချိန်တွေ၊ ဖုန်းနဲ့ ကွန်ပျူတာကို အကြာကြီး စိုက်ကြည့်ပြီးလို့ မျက်လုံးခွာလိုက်တဲ့ အခါမျိုးမှာ ပိုတွေ့ရတတ်ပါတယ်။ မျက်စိကိုက်တာအပြင် မျက်ရိုးကိုက်တယ်လို့လည်း ခေါ်တတ်ကြပါတယ်။

    ဒီဘက်ခေတ်လို နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ဖုန်း၊ ကွန်ပျူတာ၊ အီလက်ထရောနစ် ပစ္စည်းတွေကို နေ့စဉ် အချိန်နာရီပေါင်းများစွာ အသုံးပြုလာကြပါတယ်။ ကောင်းတဲ့ အချက်တွေလည်း ရှိသလို ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဆိုးကျိုး ဖြစ်နိုင်တာတွေ တွေ့ရပါတယ်။ ဥပမာ အပေါ်မှာ ပြောထားခဲ့တဲ့ မျက်စိအောင့်တာမျိုး၊ အထိုင်များပြီး လှုပ်ရှားမှု နည်းသွားလို့ အဝလွန်လာတာ၊ ကယ်လိုရီ လောင်ကျွမ်းမှု နည်းသွားတာ၊ ကိုယ်ခန္ဓာထဲ သွေးစီးဆင်းမှု နည်းသွားပြီး လူက လေးလံ ထိုင်းမှိုင်းလာတာ၊ စွဲလမ်းမှု တစ်ခုလိုမျိုး ဖြစ်ပြီး တခြားအလုပ်တွေ မလုပ်ချင်တော့တာ စသဖြင့် ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

    ဒီဆောင်းပါးမှာတော့ ဒီဆိုးကျိုးတွေထဲကမှ မျက်စိအောင့်တာနဲ့ ပတ်သက်ပြီး ဘာတွေ ကာကွယ်သင့်လဲ၊ ဘယ်လို နေထိုင်သင့်လဲ စတာတွေကို ပြောပြပေးချင်ပါတယ်။

    မျက်စိအောင့်ခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်း

    ဖုန်း၊ ကွန်ပျူတာ အစရှိတဲ့ အီလက်ထရောနစ် ပစ္စည်းတွေရဲ့ မှန်သားပြင်ကနေ ပြန်လာတဲ့ လျှပ်စစ် အလင်းလှိုင်းတွေဟာ မျက်စိနဲ့ ထိတွေ့ဖန်များလာတာ၊ မျက်လုံးကို အရမ်း အားစိုက်ပြီး ကြည့်တာ၊ အချိန် ကြာမြင့်စွာ အသုံးပြုတာ၊ မျက်လုံးကို အနားမပေးတာတွေကြောင့် မျက်လုံးအောင့်တာ အရမ်း အဖြစ်များပါတယ်။ တခြား ဖြစ်နိုင်စေတဲ့ အကြောင်းရင်းတွေကတော့

    ခေါင်းကိုက်ခြင်း

    • နေပူရှိန် ပြင်းထန်ခြင်း

    အမြင်အာရုံ ဝေဝါးခြင်း

    • မျက်မှန်၊ မျက်ကပ်မှန် ပါဝါ အရမ်းများလွန်းခြင်း

    • မျက်စိယားယံပြီး ခြောက်သွေ့ခြင်း

    • လည်ပင်း၊ ပုခုံး၊ ကျောပြင်မှာ နာကျင်ခြင်း၊ ဒဏ်ဖြစ်ခြင်း

    • မျက်လုံးကို အနားမပေးဘဲ အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း၊ ကားမောင်းခြင်း၊ စာဖတ်ခြင်း

    • လင်းလွန်း၊ မှောင်လွန်းတဲ့ နေရာများတွင် မျက်လုံးကို အလုပ်လုပ်ခြင်း

    • ဖုန်း၊ ကွန်ပျူတာကို မျက်လုံးနား ကပ်ပြီး အသုံးပြုခြင်း၊ အသုံးပြုပုံ၊ နေထိုင်ပုံ မမှန်ကန်ခြင်း စတဲ့ အချက်တွေကြောင့် မျက်လုံးအောင့်နိုင်ပါတယ်။

    မျက်လုံးအောင့်ခြင်း မဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ၊ ဘာတွေ လုပ်သင့်လဲ။

    ၁။ ဖုန်း၊ ကွန်ပျူတာ အစရှိတဲ့ အီလက်ထရောနစ် ပစ္စည်းများကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်း ရှောင်ကြဉ်ပေးပါ။ အလုပ်အတွက်နဲ့ အသုံးပြုရတယ် ဆိုရင်လည်း နာရီဝက် အသုံးပြုပြီးတိုင်း ၁၀ မိနစ်ခန့် မျက်လုံးမှိတ်တာ၊ သဘာဝ အလင်းရောင်ကို ငေးကြည့်တာမျိုး လုပ်ပေးပါ။

    ၂။ လင်းလွန်းမှောင်လွန်းတဲ့ နေရာမျိုးမှာ ဖုန်း အသုံးပြုတာ၊ စာဖတ်တာမျိုး မလုပ်ပါနဲ့။

    ၃။ ဖုန်း၊ ကွန်ပျူတာ အသုံးပြုတဲ့အခါ မျက်လုံးနဲ့ ဝေးရာမှာ ထားပါ။ မျက်လုံးနဲ့ တစ်တန်းတည်း သို့မဟုတ် အောက် နည်းနည်း ရောက်အောင် ရွှေ့ပေးပါ။

    ၄။ အိပ်ခါနီးတိုင်း မျက်စဉ်း ခတ်ပေးပါ။ တစ်နေ့လုံး အလုပ်လုပ်၊ ဖန်သားပြင် ကြည့်နေရတဲ့ မျက်လုံးဟာ ခြောက်သွားတတ်ပါတယ်။ ဒီအတွက် မျက်လုံးကို အေးမြစေပြီး ဘက်တီးရီးယားပိုးတွေ သေစေနိုင်တဲ့ မျက်စဉ်းမျိုး ရွေးချယ် အသုံးပြုသင့်ပါတယ်။

    ၅။ လိုအပ်လာရင် မျက်မှန် တပ်ပါ။ မျက်လုံးမှုန်နေတယ်၊ မျက်စိအားနည်းနေရင် မျက်စိဆရာဝန်အနေနဲ့ မျက်မှန် တပ်ဖို့ အကြံပေးပါလိမ့်မယ်။ ပုံမှန်အချိန်မှာ မတပ်ရင်တောင် ဖုန်း၊ ကွန်ပျူတာ ကြည့်ရင်တော့ မျက်လုံးအတွက် အကာအကွယ်အနေနဲ့ တပ်ပေးသင့်ပါတယ်။

    ၆။ မျက်လုံးကို အရမ်း အားစိုက်ပြီး အလုပ်မခိုင်းပါနဲ့။ အနားယူသင့်တဲ့ အချိန် အနားယူပါ။ သို့မဟုတ် မျက်စိ အားစိုက်ထုတ်စရာ မလိုတဲ့ အလုပ် တစ်ခုခု ပြောင်းလုပ်တာ၊ အပြင်သွားတာမျိုး လုပ်ပေးလို့ ရပါတယ်။

    တစ်ခါတစ်လေ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကြောင့် မျက်စိအောင့်တာ ဖြစ်တတ်တာ သဘာဝပါ။ ဒါပေမယ့် ရက်ရှည်လများစွာ နေ့တိုင်းလိုလို ဖြစ်နေတယ်ဆိုရင်တော့ မျက်စိဆရာဝန်နဲ့ သေချာပြသစစ်ဆေးပြီး ကိုယ့်ရဲ့ မျက်ဝန်းမှာ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေး ပြဿနာများ ရှိနေနိုင်လားဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement