backup og meta

သိုင်းရွိုက်ရောဂါများ (၂) - Radioiodine Therapy (အိုင်အိုဒင်းဓါတ်ရောင်ခြည်ဆေးကုထုံး)


Poe Ei Win မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိုင်းရွိုက်ရောဂါများ (၂) - Radioiodine Therapy (အိုင်အိုဒင်းဓါတ်ရောင်ခြည်ဆေးကုထုံး)

    သိုင်းရွိုက်ရောဂါများ (၂) – Radioiodine Therapy (အိုင်အိုဒင်းဓါတ်ရောင်ခြည်ဆေးကုထုံး)

    Radioiodine Therapy ဆိုတာဘာလဲ

    Radioiodine therapy ဆိုတာ သိုင်းရွိုက်ဂလင်းမူမမှန်ခြင်း (Toxic multinodular goitre) ဖြစ်နေတဲ့ လည်ပင်းကြီးရောဂါခံစားနေရသူတွေ သို့မဟုတ် Graves’ disease ပြန်ပေါ်တဲ့ဝေဒနာရှင်တွေကို ကုသလေ့ရှိတဲ့ ကုထုံးဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းက အစားအသောက်တွေထဲက ရရှိတဲ့ အိုင်အိုဒင်းကို အသုံးပြုပြီး ဟော်မုန်းထုတ်လုပ်ပေးတာဖြစ်ပါတယ်။ Radioiodine therapy မှာ ရေဒီယိုသတ္တိကြွအာနိသင်ရှိတဲ့ အိုင်အိုဒင်းအမျိုးအစားကိုသုံးတာဖြစ်ပါတယ်။ အဲဒီအိုင်အိုဒင်းက သိုင်းရွိုက်ဟော်မုန်းတွေထုတ်လုပ်မှုနည်းစေဖို့ သိုင်းရွိုက်ဂလင်းထဲမှာစုစည်းပြီး သိုင်းရွိုက်တစ်ရှူးရဲ့တစ်စိတ်တစ်ပိုင်းကိုဖျက်ဆီးပေးပါတယ်။ မြန်မာနိုင်ငံမှာတော့ လူနာအများစုက ” ရေဒီယိုသတ္တိကြွ ” ဒါမှမဟုတ် “ဓါတ်ရောင်ခြည်”ဆိုတာကြားလိုက်တာနဲ့ ကုသမှုခံယူဖို့ စိုးရွံ့ကြောက်လန့်တတ်ကြပါတယ်။

    အမှန်တော့ ဒီကုထုံးဟာ အသုံးများတဲ့အပြင် အများကလက်ခံထားပြီးသားကုသမှုပုံစံတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်တည်းက လူနာသန်းပေါင်းများစွာအတွက် အသုံးပြုလာတာပါ။ Radioiodine ကို ဆေးတောင့်ပုံစံ သို့မဟုတ် ဆေးရည်ပုံစံနဲ့ ပေးတာဖြစ်ပြီး ဆေးဒဏ်သိပ်ပြင်းလေ့မရှိတဲ့အတွက် ခံစားရအဆင်မပြေတာတွေမဖြစ်စေနိုင်ပါဘူး။

    ကုထုံးခံယူဖို့ သင့်တော်ခြင်းရှိမရှိ

    Radioiodine ကို အသက် ၁၅ နှစ်-၁၆ နှစ်အထက်ရှိသူ ဘယ်သူ့ကိုမဆို ပေးနိုင်ပါတယ်။ အချက်အလက်တွေအရ ကလေးတွေမှာ ဒီဆေးသုံးတာအရမ်းတွေ့ရခဲပါတယ်။ Radioiodine ကို အသက် ၁၂ နှစ်နဲ့အောက်အရွယ်တွေမှာ အသုံးမပြုရပါဘူး။

    ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင် – Radioiodine က မမွေးဖွားသေးတဲ့သန္ဓေသားနဲ့ မိခင်နို့သောက်သုံးနေဆဲ ကလေးတွေကိုထိခိုက်စေနိုင်တာကြောင့် မိခင်လောင်းတွေနဲ့နို့တိုက်မိခင်တွေ ကုသမှုမခံယူရပါ။

    ကုထုံးမခံယူခင် ဘာတွေလုပ်ဖို့လိုအပ်သလဲ

    ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကို ဂရုတစိုက်ဖတ်ရှု၊နားထောင်ဖို့အရေးကြီးပါတယ်။ ကုထုံးခံယူပြီးနောက်ပိုင်း ကိုယ့်ရဲ့မိသားစု၊သူငယ်ချင်းမိတ်ဆွေ၊နဲ့အပြင်လူတွေကို ဓါတ်ရောင်ခြည်ထိတွေ့မှုလျော့နည်းစေဖို့ လိုက်နာရမယ့် ကြိုတင်သတိပေးချက်တွေအများကြီးရှိပါတယ်။ Radioiodine ကုထုံးမခယူခင် တစ်ပတ်အလိုမှာ သိုင်းရွိုက်ဆေးဝါးတွေ ရပ်ထားဖို့ ဆရာဝန်က အကြံပြုပါလိမ့်မယ်။

    ကုထုံးခံယူပြီးနောက်ပိုင်း ဘာတွေလုပ်ဖို့လိုသလဲ

    ၁။ ပထမ ၁ရက် – ၂ရက်အတွင်း သိုင်းရွိုက်မှာ Radioiodine တွေစုလာပါလိမ့်မယ်။ ကျန်တာတွေကိုတော့ ခန္ဓါကိုယ်ထဲကနေ ဆီးကတဆင့် အများဆုံးစွန့်ထုတ်မှာဖြစ်ပြီး တံတွေးနဲ့ချွေးကနေ နည်းနည်းစီစွန့်ထုတ်ပါမယ်။ ဒါ့ကြောင့် သိုင်းရွိုက်ထဲမှာ အိုင်အိုဒင်းတွေကို ဖယ်ရှားနိုင်ဖို့ ပထမနှစ်ရက်တာအတွင်း ရေ/အရည်များများသောက်ပေးသင့်ပါတယ်။

    ၂။ ကိုယ်တိုင်ဆင်ခြင်သတိထားဖို့-

    • အိမ်သာရေ တက်ပြီးတိုင်း ရေနှစ်ခါလောင်းပါ။
    • လက်ဆေးရင် နှစ်ကြိမ်ဆေးပါ။
    • သွားပွတ်တံ၊ တဘက်၊ ပန်းကန်၊ဇွန်း စတဲ့ အသုံးအဆောင်တွေကို သူများတွေနဲ့မျှမသုံးပါနဲ့
    • အမျိုးသားတွေ ဆီးသွားတဲ့အခါ မတ်တပ်မစွန့်ဘဲ ထိုင်ပြီးဆီးသွားသင့်ပါတယ်။

    ၃။ အစားအသောက်တွေ ပြင်ဆင်တာ ဝင်မလုပ်ပါနဲ့။

    ၄။ နမ်းရှုပ်တာ၊ ပွတ်သီးပွတ်သပ်နေတာတွေ ရှောင်ပါ။

    ၅။ ကုသမှုခံယူတဲ့နေ့မှာ အိမ်ပြန်လာတဲ့အခါ လူအများနဲ့ဘတ်စ်ကားမစီးပါနဲ့။

    ၆။ ပထမနှစ်ရက်အတွင်း လူစည်တဲ့နေရာတွေကိုသွားလာခြင်းရှောင်ပါ။ ဥပမာ ကျောင်း၊ ရုပ်ရှင်ရုံ။

    ၇။ ၂ ပတ် – ၃ ပတ်လောက်အတွင်း သီးခြားအိပ်ပါ။

    ၈။ ၁ ပတ်-၃ပတ်အတွင်းမှာ ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နီးနီးကပ်ကပ်၊ ကြာရှည်စွာမနေပါနဲ့( အနည်းဆုံး လက်တစ်ကမ်းအကွာမှာနေပါ)

    ၉။ အလုပ်ခွင် – အလုပ်အနေအထားကိုမူတည်ပြီး ၁ ပတ်ကနေ ၃ ပတ်အတွင်း ခွင့်ယူထားဖို့စီစဉ်သင့်ပါတယ်။

    ၁၀။ ကလေးယူဖို့ – ကုသမှုခံယူထားတဲ့ အမျိုးသားတွေဟာ ကုထုံးနောက်ပိုင်းလေးလအတွင်း သားသမီးမယူသင့်သေးပါဘူး။ အမျိုးသမီးတွေကတော့ ကုသမှုခံယူပြီးနောက်ပိုင်း ခြောက်လအတွင်း ကိုယ်ဝန်မဆောင်သင့်ပါ။

    ၁၁။ ခရီးသွားခြင်း – ကုသမှုခံယူပြီးနောက်ပိုင်း ပြည်ပခရီးသွားလို့ရတယ်ဆိုပေမယ့် ၂ပတ်-၃ပတ်တော့စောင့်သင့်တယ်လို့ အကြံပြုကြလေ့ရှိပါတယ်။ လေဆိပ်တွေမှာ ရေဒီယိုသတ္တိကြွစစ်ဆေးရေးနဲ့ပတ်သက်ပြီးပြဿနာဖြစ်နိုင်တဲ့အတွက် Radioiodine ကုသမှုခံယူထားကြောင့် ဆရာဝန်ရဲ့သက်သေခံချက်ကိုယူသွားသင့်ပါတယ်။

    ရေရှည်မှာဖြစ်လာနိုင်တဲ့ Radioiodine ရဲ့ အကျိုးဆက်

    Radioiodine က ဟော်မုန်းနည်းတဲ့ လည်ပင်းကြီးရောဂါ (hypothyroidism)ဖြစ်လာစေနိုင်ပါတယ်။ ဒီအခြေအနေက ကုသမှုခံယူပြီး လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ်အတွင်းမှာတောင် ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့သိုင်းရွိုက်လုပ်ဆောင်ချက်တွေကို အမြဲသိရှိနိုင်ဖို့အတွက် ပုံမှန်သွေးစစ်မှုတွေ ပြုလုပ်ဖို့အရေးကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Poe Ei Win မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement