backup og meta

လည်ချောင်းနာနေရင် ဒီအချက် (၉)ချက်ကို လုပ်ကြည့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ချောင်းနာနေရင် ဒီအချက် (၉)ချက်ကို လုပ်ကြည့်ပါ

    ရာသီဥတု အပူအအေးမမျှတာနဲ့ လည်ချောင်းကနာလာတော့တာပဲနော်။ တစ်ခါတလေကိုယ်တိုင်ကတောင် သတိမထားမိချိန်မှာ လည်ချောင်းကနာနေပြီလေ။ လည်ချောင်းနာတဲ့အခါ ခေါင်းကိုက်တာ၊ အသံဝင်တာတွေက တဆက်တည်းကို ဖြစ်လာပါတော့တယ်။ လည်ချောင်းနာ၊ ခေါင်းကိုက်ဖြစ်ပြီဆိုရင်တော့ အလုပ်တွေကို အာရုံစိုက်နိုင်ဖို့ကတော်တော်လေးခက်ပြီလေ။ ဒီလိုစိတ်ညစ်စရာအခြေအနေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေရှိပါတယ်။ လည်ချောင်းနာနေရင် ဒီအချက် တွေကို လုပ်ဆောင်ကြည့်ပါ။

    လည်ချောင်းနာနေရင် ဒီအချက် (၉)ချက်ကို လုပ်ကြည့်ပါ

    လည်ချောင်းနာတာကို ဘဝတစ်လျှောက်မှာ တစ်ခါလောက်တော့ကြုံဖူးမှာပါ။ လည်ချောင်းနာတဲ့အခါ လည်ချောင်းထဲက ယားသလိုလို နာသလိုလိုဖြစ်မယ်၊ အရမ်းပြင်းထန်တဲ့အခါ တံထွေးတောင် မျိုချလို့မရအောင် နာတာမျိုးရှိနိုင်ပါတယ်။ လည်ချောင်းနာတဲ့အခါ ခန္ဓာကိုယ်မှာ အဖျားဝင်တာပါ တွဲလာတတ်တယ်။

    လည်ချောင်းနာတာက ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတာပါ။ လည်ချောင်းနာတာက ပုံမှန်အားဖြင့် အလိုလိုသက်သာသွားတတ်ပေမယ့် မြန်မြန်သက်သာချင်ရင်တော့ အခုပြောတဲ့နည်းလမ်းလေးတွေအတိုင်းလုပ်ကြည့်နိုင်ပါတယ်။

    လည်ချောင်းနာနေရင် ဒီအချက် တွေကို လုပ်ကြည့်ပါ

    • ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ
    • ငုံဆေးငုံပါ
    • ပျားရည်စားသုံးပေးပါ
    • ရေဓာတ်ပြည့်အောင်နေပါ
    • အစိုဓါတ်ထိန်းစက် (humidifier) လေးဖွင့်ထားပေးပါ
    • ကြက်သွန်ဖြူစားသုံးပေးပါ
    • ပန်းသီးရှာလကာရည်နဲ့ ပလုပ်ကျင်းပေးပါ
    • အနားယူပေးပါ
    • ခံတွင်းသန့်ဆေးရည် အသုံးပြုပေးပါ။

    ဘယ်လိုထိရောက်မှုတွေရှိစေမှာလဲ

    ဆားရည်နဲ့ ပလုပ်ကျင်းပေးခြင်း- ရေနွေး ခပ်နွေးနွေးလေးထဲမှာ ဆားခပ်ပြီး ပလုပ်ကျင်းပေးပါ။ ဆားက လည်ချောင်းထဲမှာရှိတဲ့ ချွဲတွေကိုပျော်စေပြီး၊ လည်ချောင်းအတွင်းပိုင်းက တစ်ရှူးတွေကို ကျန်းမာလာအောင် လှုံ့ဆော်ပေးတာကြောင့် လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။

    ငုံဆေးငုံခြင်း- ပရုတ်ပါတဲ့ငုံဆေး ငုံပေးတာက လည်ချောင်းထဲက တစ်ရှူးတွေကို အာရုံခံစားမှုလျော့သွားအောင် လုပ်ဆောင်ပေးပြီး ယာယီတော့ သက်သာမှုရရှိစေမှာဖြစ်ပါတယ်။ ငုံဆေးငုံပေးတာက တံထွေးထွက်ရှိမှုကို တိုးစေပြီး စိုစွတ်စေတဲ့အတွက် လည်ချောင်းနာတာကို သက်သာအောင် အထောက်အကူပေးနိုင်ပါတယ်။

    ပျားရည်စားသုံးခြင်း –ရေနွေးကြက်သီးနွေးလေးထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး သောက်ပေးရင်လည်း လည်ချောင်းနာသက်သာစေနိုင်ပါတယ်။ရေနွေးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးပြီး လည်ချောင်းနာတာကို မြန်မြန်သက်သာအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ ပျားရည်ထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် လည်ချောင်းအတွင်းပိုင်းရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

    ရေဓာတ်ပြည့်ဝစေခြင်း –ရေဓာတ်ပြည့်ဝအောင်နေတာက လည်ချောင်းနာတာကို သက်သာအောင် လုပ်ဆောင်ရာမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝတဲ့အခါ လည်ချောင်းထဲမှာ တံထွေးအလုံအလောက်မရရှိတာမျိုးဖြစ်ပြီး လည်ချောင်းနာတာကို ပိုဆိုးစေနိုင်ပါတယ်။

    ရေသောက်ဆိုတဲ့နေရာမှာလည်း ကဖင်းတို့ အယ်လ်ကိုဟောတို့ ပါဝင်မှုမရှိတဲ့ ရိုးရိုးရေ ဒါမှမဟုတ် အသီးဖျော်ရည်တွေကို သောက်သုံးရမှာဖြစ်ပါတယ်။

    အစိုထိန်းစက်အသုံးပြုခြင်း– အစိုဓာတ် ပါဝင်နေတဲ့လေထုက လည်ချောင်းနဲ့ နှာခေါင်းအတွင်းပိုင်းက ရောင်ရမ်းနေတဲ့ တစ်ရှူးတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မိမိနေထိုင်ရာပတ်ဝန်းကျင်မှာ အစိုဓာတ်ထိန်းတဲ့စက်လေး ဖွင့်ထားပေးပါ။ ရေနွေးငွေ့ခံပေးလို့လည်း ရပါတယ်။ ရေနွေးနွေးလေးကို ဇလုံထဲမှာထည့်ပြီး ခေါင်းမှာ တဘက်အုပ်ရင်း ရေနွေးငွေ့ခံပေးတာကလည်း လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။

    ကြက်သွန်ဖြူစားပေးခြင်း – ကြက်သွန်ဖြူက သဘာဝအတိုင်းကို antibacterial အာနိသင်ရှိတာပါ။ ကြက်သွန်ဖြူမှာ ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ allicinဒြပ်ပေါင်းပါဝင်နေပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါ ကြက်သွန်ဖြူကို ဟင်းခါးချက်သောက်တာဖြစ်ဖြစ် မီးကင်စားတာဖြစ်ဖြစ်စားပေးပါ။ ကြက်သွန်ဖြူက အနာကျက်စေနိုင်စွမ်းလည်းရှိတာကြောင့် လည်ချောင်းအတွင်းပိုင်းတစ်ရှူးတွေ ရောင်ရမ်းတာကို သက်သာစေမှာဖြစ်ပါတယ်။

    ပန်းသီးရှာလကာရည်နဲ့ ပလုပ်ကျင်းပေးခြင်း –ပန်းသီးရှာလကာရည်ကလည်း ပိုးမွှားတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ လေ့လာမှုတွေအရ ပန်းသီးရှာလကာရည်က ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တယ်လို့သိခဲ့ရပါတယ်။ လည်ချောင်းထဲက ချွဲတွေကိပျော်စေပြီး ဘက်တီးရီးယားတွေ ပြန့်နှံ့မှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ လည်ချောင်းနာနေတယ်ဆိုရင် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၂ ဇွန်းစာကို ရေတစ်ခွက်စာနဲ့ရောစပ်ပြီး ပလုပ်ကျင်းပေးလိုက်ပါ။ ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။

    ပြည့်ပြည့်ဝဝအနားယူပေးခြင်း– အနားယူတာက လည်ချောင်းနာတာကိုသက်သာစေမယ့် အကောင်းဆုံးသောနည်းလမ်းတစ်ခုလို့ပြောလို့ရပါတယ်။ ခန္ဓာကိုယ်က ကောင်းကောင်းအနားယူလိုက်တဲ့အခါ အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

    ခံတွင်းသန့်ဆေးရည် အသုံးပြုပေးပါ – ဒါတွေအပြင် လည်ချောင်းနာတာကို သက်သာစေနိုင်မယ့်နောက်ထပ်နည်းလမ်းတစ်ခုက ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းတာပါ။ ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပေးတာက ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်မှာဖြစ်ပါသလို ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့် နောက်ထပ်လည်ချောင်းနာတာမျိုး အဖျားဝင်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

    လည်ချောင်းနာဝေဒနာကို ဒီလိုကာကွယ်လို့ရပါတယ်

    လည်ချောင်းနာတာ မဖြစ်စေဖို့အတွက် မဖြစ်မနေလုပ်ရမယ့်နည်းလမ်းတစ်ခုက ရောဂါပိုးတွေမကူးစက်အောင် နေတာပါ။ နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မှာ မျက်စိမမြင်နိုင်တဲ့ ပိုးမွှားတွေ တော်တော်လေးများပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့် ရောဂါပိုးကူးစက်တာမျိုး မဖြစ်စေဖို့အတွက်က လက်ကို သန့်ရှင်းအောင် ထားဖို့ လိုပါတယ်။

    အများသုံးပစ္စည်းတွေကိုင်ပြီးတဲ့အခါမျိုး၊ ဘတ်စ်ကားစီးပြီးတဲ့အခါတိုင်းမှာ လက်ကို သန့်စင်ဆေးကြောပါ။ သွားလေရာကို ရေမလိုလက်သန့်ဆေး ယူသွားဖို့ မမေ့ပါနဲ့။ နေ့စဉ်ကောင်းကောင်းအိပ်စက်အနားယူပြီး အာဟာရပြည့်ဝအောင် စားသုံးပေးဖို့လည်း မမေ့ပါနဲ့။ နေ့စဉ်ကိုယ်လက် လှုပ်ရှားမှု လုပ်ဆောင်ဖို့လည်း မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement