backup og meta

နား သွေးခြည်ဥခြင်း


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နား သွေးခြည်ဥခြင်း

    တချို့သော အားကစားသမားတွေ၊ လက်ဝှေ့ထိုးတဲ့ သူတွေရဲ့ နား ကို သတိထားကြည့်ဖူးပါသလား။ ထူပိန်းပိန်းလေးနဲ့ နည်းနည်းလေး ပုံပျက်နေတယ်လေ။ ဒါအရင်က နားကို ထိခိုက်ဒဏ်ရာ ရဖူးလို့ ဒဏ်ဖြစ်သွားတာပါ။ ဆေးပညာ အရ Haematoma auris လို့ ခေါ်ပါတယ်။ နားက ပန်းဂေါ်ဖီပွင့်လို ကားထွက်နေလို့ Cauliflower ear လို့လည်း ခေါ်ပါတယ်။ အသက်အန္တရာယ်တော့ မရှိပေမယ့် သေချာမကုရင် ခဏခဏပြန်ဖြစ်တာ၊ အရှင်း မပျောက်တာ ဖြစ်တတ်ပါတယ်။ ဒီတော့ နားက ပုံပျက်နေတာပေါ့။ ဒါက ဘာကြောင့် ဖြစ်ရတာလဲ။ မတော်တဆများ ကိုယ်ကြုံခဲ့ရင် ဘာလုပ်နိုင်လဲဆိုတာကို ပြောပြပေးပါ့မယ်။

    ဘာကြောင့် နား သွေးခြည်ဥရတာလဲ။

    အဓိက အကြောင်းရင်းကတော့ နားကို တစ်ခုခုနဲ့ ရိုက်မိ ခိုက်မိလို့ပါပဲ။ အထူးသဖြင့် ထပ်ခါထပ်ခါ ထိခိုက်မိရင် ပိုဖြစ်တတ်ပါတယ်။ ဒီလို ထိခိုက်မိတဲ့ အတွက် နားမှာ ရှိတဲ့ အရိုးနုပြဲပြီး သွေးထွက်လာပါတယ်။ အပြင်ကို ထွက်လာတာ မဟုတ်ဘဲ အထဲမှာ သွေးခြည်ဥတာပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်း သွေးတွေ စုလာပြီး နားကို သွေးနဲ့ တခြား လိုအပ်တဲ့ အာဟာရတွေ မရအောင် တားဆီး လိုက်ပါတယ်။

    သွေးမရတဲ့ အခါကျတော့ ထိခိုက်ထားတဲ့ အရိုးနုက ပြန်ကောင်းဖို့ မဖြစ်နိုင်တော့ဘဲ တဖြည်းဖြည်း ပျက်စီးသွားပါလိမ့်မယ်။ ပြီးတော့ အနာရွတ်လိုမျိုး ဖြစ်ပြီး နားရွက်က ပုံပျက်လာတာပေါ့။ အချိန်ကြာလာလေလေ ပိုပြီး ပြင်ရခက်လေလေပါပဲ။ ကံကောင်းတာက ဒဏ်ရာရတိုင်း ဒီလို ပုံပျက်သွားတာ မဟုတ်ပါဘူး။ ပုံမပျက်အောင် ကြိုတင် ကာကွယ်လို့ ရပါတယ်။

    ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

    အဓိကကတော့ အားကစား လုပ်တဲ့ သူတွေပေါ့။ တွန်းတွန်းတိုက်တိုက် အားကစား လုပ်တဲ့သူတွေ (ဥပမာ- လက်ဝှေ့ထိုးတာ) မှာ ဖြစ်နိုင်ပါတယ်။ တခြားအကြောင်းတွေကတော့ နားကို မတော်တဆ ထိခိုက်ဒဏ်ရာရရင်လည်း ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါး နားကို အပေါက်ဖောက်ပြီး ပိုးဝင်ရင်လည်း ဖြစ်တတ်ပါတယ်။

    ဘာလက္ခဏာတွေ ပြမှာလဲ။

    ခေါင်းကို ထိခိုက်ဒဏ်ရာ ရရင်ပဲဖြစ်ဖြစ်၊ နားကို တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန် ဆောင့်မိရင်ပဲ ဖြစ်ဖြစ်  အရင်ဆုံး လုပ်ရမှာက နားမှာ ရောင်တာ၊ ဖောင်းလာတာ ရှိမရှိကို စစ်ဆေးရမှာပါ။ ဒါ့ပြင် နားပုံပျက်သွားလားဆိုတာပါ စစ်ဆေးရမှာပါ။ ဒါက ကိုယ့်ကိုယ်ကို မှန်ထောင်ကြည့်ပြီး စစ်ဆေးလို့ရပါတယ်။ ပြီးတော့ ဆောင့်မိ ခိုက်မိထားတဲ့ ဒဏ်ကြောင့် နာတာမျိုးလည်း ရှိနိုင်ပါတယ်။ နား သွေးခြည်ဥတာ သက်သက်နဲ့တော့ နာခဲပါတယ်။

    နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

    မကုဘဲ ထားမယ်ဆိုရင်တော့

    • နားလေးတာ
    • နားအူတာ
    • ခေါင်းကိုက်တာ
    • မျက်လုံးဝါးတာတွေ ဖြစ်လာနိုင်ပါတယ်။

    လေ့လာချက်တွေအရ နပန်းသမားခြင်း တူရင်တောင် နားမှာ သွေးခြည်ဥပြီး ပုံပျက်နေတဲ့ နပန်းသမားက ပိုပြီး နားလေးဖို့ အခွင့်အလမ်း များပါတယ်တဲ့။ ပြီးတော့ နားသွေးခြည်ဥတာက နောက်ပိုင်းမှာ ပိုးဝင်နိုင်ချေ များပါတယ်။ ဒါ့ပြင် ပုံပျက်နိုင်ချေလည်း များပါတယ်။

    နား သွေးခြည်ဥတာကို ဘယ်လို ကုသကြမလဲ။

    • အရင်ဆုံး တစ်ခုခုနဲ့ ထိခိုက်မိပြီး နားဖောင်းလာပြီ ဆိုတာနဲ့ ဆေးရုံသွားပြီး ကုသမှု ခံယူဖို့ လိုအပ်တယ်ဆိုတာ သိထားပါ။ ကိုယ့်ဘာကိုယ့် လွယ်လွယ်ကူကူ လုပ်နိုင်တာကတော့ ရေခဲကပ်တာပါ။ ရေခဲကို ၁၅မိနစ်လောက် ကပ်ထားပါ။ ဒါက နားရောင်တာကို သက်သာစေပြီး ပုံမပျက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတာနဲ့ ဆေးရုံသွားပါ။
    •  လိုအပ်ရင် နားမှာ သေးသေးလေး အရာပေးပြီး အထဲမှာ အောင်းနေတဲ့ သွေးတွေကို ဖယ်ပစ်ရမှာပါ။ ပြီးရင် နားကို သေချာ ဆေးထည့်ပြီး ပုံသွင်းထားရမှာပါ။ ဒါမှ ပုံမပျက်မှာပါ။ လိုအပ်ရင် ပိုးသတ်ဆေးတွေလည်း သောက်ရပါမယ်။
    • ကောင်းကောင်း ပြန်မကောင်းသရွေ့ နားကို ထိခိုက်စေမယ့် ဘယ်လို လှုပ်ရှားမှုမျိုးကိုမှ လုပ်လို့မဖြစ်ပါဘူး။
    • နောက်ပြီး ဒါက ပြန်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကောင်းသွားရင်တောင် ဆက်ပြီး စောင့်ကြည့်နေရမှာပါ။
    •  ပုံပျက်တာကို မကြိုက်ဘူးဆိုရင်တော့ ခွဲစိတ်ပြီး ပုံပြန်ပြင်လို့ ရပါတယ်။

    မဖြစ်အောင် ကာကွယ်လို့ရလား။

    အကောင်းဆုံး ကာကွယ်နည်းကတော့ နားကို မထိခိုက်မိအောင် နေတာပါပဲ။ ဥပမာပြောရရင်
    • နားကို ထိခိုက်နိုင်တဲ့ အားကစားလုပ်တဲ့အခါပဲ ဖြစ်ဖြစ်၊ လေ့ကျင့်တဲ့အခါပဲ ဖြစ်ဖြစ် နားကို မထိခိုက်အောင် ကာ ထားပါ။
    • နားကို အပေါက်ဖောက်မယ်ဆိုလည်း ပိုးမဝင်အောင် သန့်ရှင်းတဲ့ တစ်ခါသုံး ပစ္စည်းနဲ့ပဲ ဖောက်ပါ။
    • နားကို ထိခိုက်ဒဏ်ရာရတာနဲ့ ချက်ချင်း ဆေးရုံသွားဖို့ မမေ့ပါနဲ့။ စောစောကုနိုင်လေလေ ပုံပျက်ဖို့ အခွင့်အလမ်း နည်းလေပါပဲ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement