backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Zopiclone (ဇိုပီကလုန်း)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Zopiclone (ဇိုပီကလုန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Zopiclone ဆေးပြားများသည် အိပ်ဆေးများ ဖြစ်သည်။ ဦးနှောက်ပေါ်တွင် သက်ရောက်ပြီး အိပ်စက်စေသည်။ ၎င်းတို့ကို အိပ်စက်ရ ခက်ခဲခြင်း၊ ညဘက် သို့မဟုတ် မနက်စောစော နိုးနေခြင်း၊ အဖြစ်အပျက်များ၊ အခြေအနေများ သို့မဟုတ် စိတ်မကျန်းမာခြင်းကြောင့် အိပ်စက်ရ ခက်ခဲခြင်း စသည်တို့ကို ယာယီကုသရန် သုံးသည်။

Zopiclone (ဇိုပီကလုန်း) ဘယ်လိုသောက်သုံးသင့်သလဲ

Zopiclone ဆေးပြားများကို ဆရာဝန် ညွှန်ကြားသည့် အတိုင်း တိကျစွာ သောက်ပါ။ မသေချာပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူ အား မေးမြန်းသင့်သည်။

ဆေးကို အိပ်ယာမဝင်ခင် အရည်ဖြင့် တွဲသောက်သင့်သည်။

Zopiclone (ဇိုပီကလုန်း) ဘယ်လိုသိမ်းဆည်းရမလဲ

Zopiclone ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Zopiclone ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Zopiclone တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Zopiclone ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zopiclone (ဇိုပီကလုန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Zopiclone သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
  • သင့်တွင် ကျောက်ကပ် သို့မဟုတ် အသည်း ပြဿနာများ ရှိပါက
  • သင်သည် မပြင်းထန်သော အသက်ရှူ ပြဿနာများ ခံစားနေရပါက
  • Zopiclone သို့မဟုတ် အလားတူဆေးများကို 4 ပတ်ထက် ပိုပြီး သောက်ထားပါက
  • သင့်တွင် စိတ်မကျန်းမာခြင်း ရာဇဝင် ရှိပါက
  • သင်သည် အရက် သို့မဟုတ် ဆေး စွဲခြင်း ရာဇဝင်ရှိပါက၊ ပင်ကိုယ်စရိုက် ပြဿနာများ ရှိဖူးပါက။ Zopiclone ဆေး စွဲနိုင်ချေ ( ဆေးကို ဆက်သောက်ရန် လှုံ့ဆော်မှု) သည် ထိုလူနာများတွင် ပိုများသည်။ ဆေး ပမာဏနှင့် ကုသမှု ကြာချိန်အပေါ် မူတည်ပြီး များသည်။

သင့်တွင် အောက်ပါတို့ ရှိပါက Zopiclone မသောက်ပါနှင့်။

  • Zopiclone သို့မဟုတ် ဆေးတွင် ပါဝင်သော အခြား ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။ ဓါတ်မတည့်သော တုံ့ပြန်မှုတွင် အဖုအပိမ့်၊ ယားယံခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လည်ချောင်း သို့မဟုတ် လျှာ ရောင်ရမ်းခြင်းတို့ ပါဝင်သည်။
  • ဆိုးရွားသော အသည်းပြဿနာများ ရှိပါက
  • အိပ်စက်စဉ် အသက်ရှူ ပြဿနာများ (Sleep Apnoea Syndrome) ခံစားရပါက
  • ဆိုးရွားသော ကြွက်သားအားနည်းမှု (myasthenia gravis) ခံစားရပါက
  • ဆိုးရွားသော အသက်ရှူ ပြဿနာများ ရှိပါက
  • အသက် ၁၈ နှစ်အောက် ဖြစ်ပါက။ ဘေးကင်းမှု နှင့် အကျိုးသက်ရောက်မှုကို အတည်ပြုမထားပါ။

အိပ်စက်မှု ပြဿနာအတွက် သုံးသော အခြားဆေးများ ကဲ့သို့ပင် Zopiclone သည် သင်၏ ပုံမှန် ဦးနှောက် လုပ်ငန်းကို နှေးသွားစေသည်။ သင်သည် အောက်ပါတို့ ဆောင်ရွက်ပါက psychomotor ပျက်ပြားမှု ပိုဖြစ်နိုင်သည်။

  • သင်သည် နိုးကြားမှု လိုအပ်သော အလုပ်များ လုပ်နေစဉ် ၁၂ နာရီအတွင်း Zopiclone သောက်ပါက
  • သင်သည် Zopiclone ကို ထောက်ခံထားသော ပမာဏထက် ပိုသောက်ပါက
  • သင်သည် ဗဟိုအာရုံကြော စနစ်ကို နှိမ့်ချပေးသော အခြားဆေးများ သို့မဟုတ် သင်၏ သွေးတွင်းတွင် Zopiclone ပမာဏကို များစေသော အခြားဆေးများ သောက်ထားစဉ် Zopiclone သောက်ပါက။ အရက်သောက်ထားစဉ် Zopiclone သောက်ပါက။

Zopiclone သောက်ပြီးနောက် အထူးသဖြင့် ဆေးသောက်ပြီးနောက် ၁၂ နာရီအတွင်း စိတ်ပိုင်းဆိုင်ရာ နိုးကြားမှု အပြည့် လိုအပ်သော အန္တရာယ်ရှိသော အလုပ်များ ကို မလုပ်ပါနှင့်။ ဥပမာ ကားမောင်းခြင်း၊ စက်ပစ္စည်းများ သုံးခြင်း။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zopiclone (ဇိုပီကလုန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးနို့တိုက်စဉ်တွင် Zopiclone သုံးခြင်းသည် ဘေးကင်းသလားကို သေချာ မသိရှိပါ။ Zopiclone မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်များကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Zopiclone (ဇိုပီကလုန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဓါတ်မတည့်သော တုံ့ပြန်မှု ဖြစ်လာပါက Zopiclone သောက်ခြင်းကို ချက်ချင်း ရပ်ပြီး ဆရာဝန် သွားပြပါ သို့မဟုတ် ဆေးရုံ သွားပြပါ။ လက္ခဏာများမှာ အဖုအပိမ့်၊ မျိုချရ ခက်ခဲခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ နှုတ်ခမ်း၊ မျက်နှာ၊ လည်ချောင်း သို့မဟုတ် လျှာ ရောင်ရမ်းခြင်းတို့ ဖြစ်သည်။

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ

  • ပါးစပ်ထဲတွင် အနည်းငယ် ခါးသော အရသာ သို့မဟုတ် သတ္ထု အရသာ ရခြင်း၊ ပါးစပ် ခြောက်ခြင်း
  • ငိုက်မျဉ်းခြင်း
  • ပါးစပ် ခြောက်ခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Zopiclone (ဇိုပီကလုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Zopiclone သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ဤဆေးနှင့် ဓါတ်ပြုနိုင်သော ဆေးများမှာ

  • စိတ်မကျန်းမာမှု ကို ကုသသော ဆေးများ
  • စိတ်ဓါတ်ကျခြင်းကို ကုသော ဆေးများ
  • အခြား အိပ်ဆေးများ
  • စိုးရိမ်ပူပန်ခြင်းကို ကုသော ဆေးများ နှင့် အခြား စိတ်ငြိမ်ဆေးများ
  • ထုံထိုင်းစေသော ဆေးများ ( အားပြင်းသော နာကျင်မှု သက်သာစေသော ဆေးများ) ဥပမာ codeine, morphine
  • တက်ခြင်းကို ကုသသော ဆေးများ
  • မေ့ဆေးများ ( ခွဲစိတ်မှုတွင် သုံးသည်)
  • အိပ်စေသော antihistamine ဆေးများ
  • အသည်း အင်ဇိုင်းများကို ပိတ်သော ဆေးများ ဥပမာ cimetidine, allopurinol, propranolol. ဘယ်ဆေးတွင် ဤသက်ရောက်မှု ရှိသလဲကို ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်အား မေးပါ။
  • Erythromycin ( ရောဂါပိုးကူးစက်မှုကို ကုသသော ပဋိဇီဝဆေး တစ်မျိုး)

အစားအသောက်တွေနဲ့ အရက်က Zopiclone (ဇိုပီကလုန်း) နဲ့ ဓါတ်ပြုနိုင်သလား

Zopiclone သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zopiclone (ဇိုပီကလုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Zopiclone သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zopiclone (ဇိုပီကလုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီး သူများ။ အိပ်ယာမဝင်ခင် 7.5 mg

အသက်ကြီးသူများ။ အစပိုင်းတွင် 3.75 mg သုံးနိုင်သည်။ ထိုပမာဏကို 7.5 mg အထိ တိုးမြှင့်နိုင်သည်။

အသည်းရောဂါ ရှိသော လူနာများ။ ညပိုင်းတွင် 3.75 mg ပေးပါ။ 7.5 mg အထိ တိုးပေးနိုင်သည်။

ကျောက်ကပ်ရောဂါ ရှိသော လူနာများ။ ကုသမှုကို 3.75 mg ပမာဏဖြင့် စတင်သင့်သည်။

ကလေးငယ်များ။ မထောက်ခံပါ။

ကလေးတွေအတွက် Zopiclone (ဇိုပီကလုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဆေး၏ ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Zopiclone (ဇိုပီကလုန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Zopiclone ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zopiclone သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement