Zonisamide (ဇိုနီစမိုက်ဒ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Zonisamide (ဇိုနီစမိုက်ဒ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Zonisamide (ဇိုနီစမိုက်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Zonisamide ကို တက်ခြင်းအား ကုသရန် သုံးသည်။ ၎င်းကို အခြား အကြောင်းရင်းများအတွက် လည်း သုံးနိုင်သည်။ ဆရာဝန်နှင့် တိုင်ပင်ပါ။

Zonisamide (ဇိုနီစမိုက်ဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

Zonisamide ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ပါ။ ပေးထားသော အချက်အလက်အားလုံးကို ဖတ်ရှုပါ။ လမ်းညွှန်ချက်အားလုံးကို သေချာ လိုက်နာပါ။ အစာဖြင့် သို့မဟုတ် အစာမပါဘဲ သောက်နိုင်သည်။

တစ်ခုလုံးကို မျိုချပါ။ ဝါးမစားပါနှင့်။ မချိုးဖဲ့ပါနှင့်။ မကြိတ်ချေပါနှင့်။

ဆရာဝန်က အရည် နည်းနည်းသောက်ရန် မပြောပါက caffeine မပါသော အရည်များကို များများသောက်ပါ။

ဆရာဝန်အား မခေါ်ဘဲ ဤဆေးကို ရုတ်တရက် ဖြတ် မပစ်ပါနှင့်။ ပိုပြီး တက်နိုင်သည်။ သင်သည် ဤဆေးကို ဖြတ်ရန် လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဖြည်းညင်းစွာ ဖြတ်ပါ။

အကျိုးကျေးဇူး အများဆုံး ရရှိရန် ဆေးကို ပုံမှန်သောက်ပါ။

သင်သည် ကောင်းမွန်လာသောအခါ တွင်ပင် ဆရာဝန် ပြောသည့်အတိုင်း Zonisamide ကို ဆက်သောက်ပါ။

Zonisamide (ဇိုနီစမိုက်ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

Zonisamide ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Zonisamide ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Zonisamide တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Zonisamide ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zonisamide (ဇိုနီစမိုက်ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Zonisamide သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
  • သင်သည် sulfa (sulfonamide) နှင့် ဓာတ်မတည့်ပါက ဆရာဝန်နှင့် ဆွေးနွေးပါ။
  • သင့်တွင် ကျောက်ကပ် ရောဂါ ရှိပါက

သင်သည် ဤဆေး သောက်ထားကြောင်းကို ကျန်းမာရေး စောင့်ရှောက်မှု ပေးသူအားလုံးကို ပြောပြပါ။ ၎င်းတွင် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် သွားဆရာဝန်များ ပါဝင်သည်။

သင်သည် tartrazine နှင့် ဓာတ်မတည့်ပါက ဆရာဝန်အား ပြောပါ။ အချို့ဆေးများတွင် tartrazine ပါဝင်သည်။

Zonisamide သည် သင့်ကို ဘယ်လို သက်ရောက်သလဲ မသိမချင်း ကားမမောင်းပါနှင့်။ နှိုးကြားမှု လိုသော အခြား အလုပ်များ မလုပ်ပါနှင့်။ ဆရာဝန် ညွှန်ကြားသည့်အတိုင်း သွေးပေါင်ချိန်ကို စစ်ဆေးပါ။ ဆရာဝန်နှင့် တိုင်ပင်ပါ။

အဓိကအားဖြင့် ကလေးများတွင် ဤဆေးကြောင့် ချွေးထွက် နည်းနိုင်သည်။ တစ်ခါတစ်ရံ အပူရှပ်ပြီး ဆေးရုံတက်ရ နိုင်သည်။ ဆရာဝန်နှင့် တိုင်ပင်ပါ။

ပူအိုက်သော ရာသီဥတုတွင် သို့မဟုတ် လှုပ်ရှားနေသော အခါ သတိထားပါ။ အရည် ဆုံးရှုံးမှု မဖြစ်အောင် အရည်များများ သောက်ပါ။

ဤဆေးသည် သွေးတွင်း အက်စစ်ဓာတ် ပြဿနာ (metabolic acidosis) ကို ဖြစ်စေနိုင်သည်။ ကလေးငယ်များ၊ ကျောက်ကပ် ပြဿနာ၊ အသက်ရှူ ပြဿနာ ရှိသူများ သို့မဟုတ် ဝမ်းလျှောနေသူများတွင် ဖြစ်နိုင်ချေ ပိုများသည်။ အချို့ဆေးများ သောက်နေပါက၊ ခွဲစိတ်ထားပါက သို့မဟုတ် ketogenic စားသောက်ပုံ ရှိပါက ဖြစ်နိုင်ချေသည် ပိုများသည်။ အချိန်ကြာလာသောအခါ metabolic acidosis သည် ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ အရိုး ပြဿနာများ၊ ကလေးများတွင် ကြီးထွားမှု ပြဿနာများကို ဖြစ်စေသည်။ ဆရာဝန်နှင့် တိုင်ပင်ပါ။

ဤဆေးကဲ့သို့ sulfa (sulfonamide) ဆေးများသည် အလွန်ဆိုးရွားသော၊ သေစေနိုင်သော သက်ရောက်မှုများ ဖြစ်စေသည်။ ထိုသက်ရောက်မှုများတွင် အသည်း ပြဿနာများ၊ သွေး ပြဿနာများ၊ အလွန်ဆိုးရွားသော အရေပြား တုံ့ပြန်မှုများ (Stevens-Johnson syndrome/toxic epidermal necrolysis) ပါဝင်သည်။ အဖုအပိမ့်များ၊ အရေပြား နီရဲပြီး ရောင်ရမ်းခြင်း၊ ဖောင်းကြွခြင်း၊ အလွှာကွာခြင်း၊ မျက်လုံးများ နီရဲခြင်း၊ ကျိန်းစိပ်ခြင်း၊ ပါးစပ်၊ လည်ချောင်း၊ နှာခေါင်း သို့မဟုတ် မျက်လုံးတွင် အနာများ၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အလွန် မောပန်းခြင်း၊ အားနည်းခြင်း၊ အညိုမည်း စွဲခြင်း၊ သွေးထွက်ခြင်း၊ အသည်း ပြဿနာ၏ လက္ခဏာများ ဥပမာ ဆီးအရောင် မည်းခြင်း၊ မောပန်းခြင်း၊ မဆာလောင်ခြင်း၊ အစာအိမ် အောင့်ခြင်း၊ ဝမ်းအရောင် ဖျော့ခြင်း၊ ထိုးအန်ခြင်း၊ အရေပြား သို့မဟုတ် မျက်လုံး ဝါခြင်း စသည်တို့ တွေ့ရပါက ဆရာဝန်အား ချက်ချင်းခေါ်ပါ။

Zonisamide သည် အလွန်ဆိုးရွားသော သေစေနိုင်သော တုံ့ပြန်မှုများကို ဖြစ်စေသည်။ ထို တုံ့ပြန်မှု၏ လက္ခဏာများမှာ အဖျားတက်ခြင်း၊ အဖုအပိမ့်၊ ဂလန်းများ ရောင်ခြင်း၊ ကိုယ်အင်္ဂါများ ဥပမာ အသည်း၊ ကျောက်ကပ်၊ သွေး၊ နှလုံး၊ ကြွက်သား၊ အဆစ် နှင့် အဆုတ်တွင် ပြဿနာများ ပါဝင်သည်။ ဆရာဝန်နှင့် တိုင်ပင်ပါ။

အရက်မသောက်ခင် သို့မဟုတ် အခြားဆေးများ၊ သဘာဝ ထုတ်ကုန်များ မသုံးခင် ဆရာဝန်အား ပြောပါ။

ဤဆေးကို အသက် ၁၆ နှစ်အောက် ကလေးများတွင် သုံးစွဲရန် မထောက်ခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်စဉ် ဤဆေးကို သောက်ပါက မမွေးသေးသော ကလေးငယ်ကို အန္တရာယ် ဖြစ်စေနိုင်သည်။

ဤဆေး သုံးနေစဉ် ကိုယ်ဝန်တားရန် သင်ယုံကြည်သော ကိုယ်ဝန်တားဆေးကို သုံးပါ။ Zonisamide သုံးနေစဉ် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကိုယ်ဝန်ရလာပါက ဆရာဝန်အား ချက်ချင်းခေါ်ပါ။ သင်သည် ကိုယ်ဝန်ဆောင်နေစဉ် ဤဆေးကို သုံးပါက ဆရာဝန်အား ပြောပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zonisamide (ဇိုနီစမိုက်ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Zonisamide သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Zonisamide မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Zonisamide သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Zonisamide (ဇိုနီစမိုက်ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

  သင့်တွင် အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်အား ချက်ချင်းပြောပါ သို့မဟုတ် ကျန်းမာရေး အကူအညီ ချက်ချင်း ရယူပါ။ အောက်ပါ လက္ခဏာများသည် အလွန်ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများနှင့် ဆက်စပ် နိုင်သည်။

  • ဓာတ်မတည့်မှု၏ လက္ခဏာများ။ အဖုအပိမ့်များ၊ အင်ပျဉ်၊ ယားယံခြင်း၊ အရေပြား နီရဲပြီး ရောင်ရမ်းခြင်း၊ ဖောင်းကြွခြင်း၊ အလွှာလိုက် ကွာခြင်း၊ ဖျားခြင်း၊ အသက်ရှူရာတွင် တဝီဝီမြည်ခြင်း၊ ရင်ဘတ် သို့မဟုတ် လည်ချောင်း ကြပ်ခြင်း၊ အသက်ရှူရ ခက်ခြင်း၊ စကားပြောရ ခက်ခြင်း၊ ပုံမမှန်သော အသံအက်ကွဲခြင်း၊ ပါးစပ်၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း။
  • သွေးတွင်း အက်စစ် အလွန်များခြင်း၏ လက္ခဏာများ ဥပမာ စိတ်ရှုပ်ထွေးခြင်း၊ အသက်ရှူ မြန်ခြင်း၊ နှလုံး ခုန်သံ မြန်ခြင်း၊ နှလုံးခုန်သံ ပုံမှန်မဟုတ်ခြင်း၊ အလွန်ဆိုးရွားသော အစာအိမ်အောင့်ခြင်း၊ ထိုးအန်ခြင်း၊ အလွန် အိပ်ငိုက်ခြင်း၊ အလွန်မောပန်ခြင်း၊ အားနည်းခြင်း
  • ကျောက်ကပ် ပြဿနာ၏ လက္ခဏာများ ဥပမာ ဆီးမသွားနိုင်ခြင်း၊ ဆီး သွားသော ပမာဏ ပြောင်းလဲခြင်း၊ ဆီးတွင် သွေးပါခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း
  • အလွန်ဆိုးရွားသော မူးဝေခြင်း၊ သတိလစ်ခြင်း
  • မျှခြေ ပြောင်းလဲခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • လှုပ်ရှားသွားလာနေစဉ် သို့မဟုတ် ပူသော အပူချိန်တွင် ချွေးမထွက်ခြင်း
  • အဖျားတက်ခြင်း၊ အဖျားကျသွားပြီး ပြန်ဖျားခြင်း၊ အချိန်ကြာရှည်စွာ ဖျားခြင်း
  • တက်ခြင်းသည် ပိုဆိုးလာပါက သို့မဟုတ် ဤဆေး သောက်ပြီးနောက် အရင်နှင့်မတူတော့ပါက
  • အာရုံမစိုက်နိုင်ခြင်း
  • စကားပြောရာတွင် ခက်ခဲခြင်း
  • ပုံမှန်မဟုတ်သော ပူလောင်ခြင်း၊ ထုံကျဉ်ခြင်း၊ တရွရွ ခံစားရခြင်း
  • မျက်လုံး လှုပ်ရှားမှုများကို မထိန်းနိုင်ခြင်း
  • မျက်လုံးအမြင် ပြောင်းလဲခြင်း
  • မှတ်ညဏ် ပြဿနာများ၊ မှတ်ညဏ် ဆုံးရှုံးခြင်း
  • အရိုး နာခြင်း
  • အလွန်ဆိုးသော ကြွက်သား နာကျင်ခြင်း၊ အားနည်းခြင်း
  • လက်မောင်း သို့မဟုတ် ခြေထောက်တွင် ရောင်ရမ်းခြင်း
  • တုန်ခါခြင်း၊ လှုပ်ရှားရာတွင် ခက်ခဲခြင်း၊ တောင့်တင်းခြင်း
  • Zonisamide သောက်သော လူနာများသည် မိမိကိုယ်ကို သေကြောင်းကြံသော အတွေးအခေါ်များ၊ လုပ်ဆောင်မှုများ ပိုရှိနိုင်သည်။ အရင်က ထို အတွေးအခေါ်များ၊ လုပ်ဆောင်မှုများ ရှိခဲ့ဖူးသူများတွင် ဖြစ်နိုင်ချေ ပိုများသည်။ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ဂဏာမငြိမ်ခြင်း၊ သုန်မှုန်ခြင်း၊ ရုတ်တရက် ထိတ်လန့်ခြင်း၊ စိတ်နေစိတ်ထား ပြောင်းလဲခြင်း စသည့် လက္ခဏာများ ဖြစ်ပါက ဆရာဝန်အား ချက်ချင်းခေါ်ပါ။ မိမိကိုယ်ကို သေကြောင်းကြံသော အတွေးအခေါ်များ၊ လုပ်ဆောင်မှုများ ဖြစ်လာပါက ဆရာဝန်အား ချက်ချင်းခေါ်ပါ။

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Zonisamide (ဇိုနီစမိုက်ဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

  Zonisamide သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Zonisamide (ဇိုနီစမိုက်ဒ်) နဲ့ ဓာတ်ပြုနိုင်သလား

  Zonisamide သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zonisamide (ဇိုနီစမိုက်ဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

  Zonisamide သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zonisamide (ဇိုနီစမိုက်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

တက်ခြင်းအတွက် ပုံမှန် လူကြီးပမာဏ

အသက် ၁၆ နှစ်နှင့်အထက်။

  • အစပိုင်း ပမာဏ။ သောက်ဆေး 100 mg တစ်နေ့ တစ်ကြိမ်
  • Titration : 100 mg/day ဖြင့် 2 ပတ် ကြာပြီးနောက် ဆေးပမာဏကို 200 mg/day သို့ တိုးနိုင်သည်။ တစ်ခါသောက် သို့မဟုတ် ခွဲခြမ်းပြီး (သောက်ဆေး 100 mg ကို တစ်နေ့ 2 ကြိမ်) ပေးနိုင်သည်။ အနည်းဆုံး 2 ပတ်ပေးပါ။ ထို့နောက် ဆေးပမာဏကို 300 mg/day အထိ တိုးနိုင်သည်။ ထို့နောက် 400 mg/day ကို တစ်ခါသောက် သို့မဟုတ် နှစ်ကြိမ်ခွဲပြီး ပေးနိုင်သည်။ ဆေးပမာဏကို အနည်းဆုံး 2 ပတ် လောက် တူညီအောင်ထားပါ။
  • ဆက်ပေးသော ပမာဏ 400 mg/day
  • အများဆုံး ပေးနိုင်သော ပမာဏ 600 mg/day

ကလေးတွေအတွက် Zonisamide (ဇိုနီစမိုက်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဆေး၏ ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Zonisamide (ဇိုနီစမိုက်ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

  Zonisamide ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zonisamide သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 2, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။