Zocor (ဇိုကော) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Zocor (ဇိုကော) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Zocor (ဇိုကော) ကို ဘာအတွက်အသုံးပြုကြသလဲ

Zocor® သည် HMG CoA reductase inhibitors သို့မဟုတ် statins ဟုခေါ်သော ဆေးအုပ်စုတွင် ပါဝင်သည်။ Simvastatin သည် သွေးတွင်းရှိ မကောင်းသော ကိုလက် စထရော ( low-density lipoprotein or LDL) နှင့် triglycerides ကို နည်းစေပြီး ကောင်းသော ကိုလက်စထရော ( high-density lipoprotein or HDL) ကို များစေသည်။

Zocor® ကို သွေးတွင်းရှိ ကိုလက်စထရော နှင့် triglycerides ( အဆီ အမျိုးအစားများ) နည်းစေရန် သုံးသည်။

၎င်းကို ဆီးချိုသွေးချို၊ နှလုံး သွေးလွှတ်ကြော ရောဂါ သို့မဟုတ် အခြား ဘေးအန္တရာယ် ရှိသော လူများတွင် လေဖြတ်ခြင်း၊ နှလုံးသွေးကြော ရုတ်တရက် ကျဉ်းခြင်းနှင့် အခြား နှလုံးဆိုးကျိုးများ မဖြစ်အောင် သုံးသည်။

Zocor® ကို လူကြီးများနှင့် အနည်းဆုံး အသက် ၁၀ နှစ် ပြည့်သော ကလေးများတွင် သုံးသည်။

Zocor® ကို ဤဆေးလမ်းညွှန်တွင် ဖော်ပြမထားသော ရည်ရွယ်ချက်များ အတွက်လည်း သုံးနိုင်သည်။

Zocor (ဇိုကော) ဘယ်လိုသောက်သုံးသင့်သလဲ

Zocor® ကို ညွှန်ကြားထားသည့်အတိုင်း တိကျစွာ သောက်ပါ။ ဆေးစာတွင်ပါသော လမ်းညွှန်ချက်အားလုံးကို လိုက်နာပါ။ ဤဆေးကို ညွှန်ကြားထားသည်ထက် ပိုများစွာ သို့မဟုတ် ပို၍ ကြာရှည်စွာ မသောက်ပါနှင့်။ ဤဆေးကို အလွန်အကျွံ သောက်ခြင်းသည် ပြင်းထန်သော၊ အသက် အန္တရာယ် စိုးရိမ်ရသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေ နိုင်သည်။

Zocor® ကို များသောအားဖြင့် အိပ်ယာဝင်ချိန်တွင် သို့မဟုတ် ညစာနှင့်အတူ သောက်နိုင်သည်။ သင်သည် ဤဆေးကို တစ်နေ့ တစ်ကြိမ်ထက် ပိုသောက်ပါက အစာဖြင့် တွဲသောက်ပါ။ သင့်အတွက် အကောင်းဆုံး ရလဒ်ရစေရန် ဆရာဝန်သည် ဆေးပမာဏကို ပြောင်းလဲနိုင်သည်။

Zocor® သောက်နေစဉ် ဆရာဝန်၏ ရုံးခန်း၌ မကြာခဏ သွေးစစ်ရန် လိုအပ်သည်။

ကိုလက်စထရော များခြင်းကို ကုသရန်အတွက် သင်သည် Zocor® ကို အချိန်ကြာရှည်စွာ သောက်ရန် လိုအပ်နိုင်သည်။ သင်သည် ခွဲစိတ်မှု သို့မဟုတ် ကျန်းမာရေး အရေးပေါ်ကိစ္စ ရှိပါက ဤဆေးကို ခဏတာ ဖြတ်ထားနိုင်သည်။ ဆရာဝန်က ရပ်ပါဟု မပြောမချင်း ဤဆေး သောက်ခြင်းကို မရပ်ပါနှင့်။

Zocor® သည် ကုသမှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း သာ ဖြစ်သည်။ ကုသမှု အစီအစဉ်တွင် စားသောက်ပုံ၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန် ထိန်းချုပ်မှု စသည်တို့လည်း ပါဝင်သည်။ သင်၏ စားသောက်ပုံ၊ ဆေး နှင့် လေ့ကျင့်ခန်း ကိစ္စများကို သေချာ လိုက်နာပါ။

Zocor (ဇိုကော) ဘယ်လိုသိမ်းဆည်းရမလဲ

Zocor® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Zocor® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Zocor® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Zocor® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zocor (ဇိုကော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Zocor® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။

သင်သည် simvastatin နှင့် ဓာတ်မတည့်ပါက၊ ကိုယ်ဝန်ရှိပါက၊ ကလေးနို့တိုက်နေပါက သို့မဟုတ် အသည်းရောဂါ ရှိပါက Zocor® ကို မသောက်သင့်ပါ။

အောက်ပါဆေးများကို Zocor® နှင့် တွဲသောက်ပါက ပြင်းထန်သော ကြွက်သား ပြဿနာများ ပိုဖြစ်နိုင်သည်။ ဤဆေးများကို Zocor® သောက်နေစဉ်တွင် မသောက်သင့်ပါ။

  • Cyclosporine
  • Danazol
  • Gemfibrozil
  • Nefazodone
  • ပဋိဇီဝဆေး –clarithromycin, erythromycin, telithromycin
  • မှိုပျောက်ဆေး –itraconazole, ketoconazole, posaconazole, voriconazole
  • အသည်းရောင် အသားဝါ ရောဂါ စီ ဆေးများ–boceprevir, telaprevir
  • HIV/AIDS ဆေး –atazanavir, cobicistat (Stribild, Tybost), darunavir, fosamprenavir, indinavir, nelfinavir, ritonavir, saquinavir, tipranavir

Zocor® မသောက်မီ သင်သည် အောက်ပါ ဆေးများကို သုံးနေပါက ဆရာဝန်အား ပြောပါ။

  • Lomitapide
  • နှလုံးဆေးများ — amiodarone, amlodipine, diltiazem, dronedarone, ranolazine, verapamil

Zocor® သည် ကြွက်သား တစ်ရှူးများကို ပျက်စီးစေသည်။ ကျောက်ကပ်ကို ပျက်စီးစေသည်။ ထိုအခြေအနေသည် အသက်ကြီးသော လူများနှင့် ကျောက်ကပ်ရောဂါ ရှိသူများ၊ hypothyroidism ကို ကောင်းစွာ မထိန်းချုပ်သော လူများတွင် ပိုပြီး ဖြစ်နိုင်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zocor (ဇိုကော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Zocor® သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Zocor® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Zocor® သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် X ရှိသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Zocor (ဇိုကော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

  သင်သည် Zocor® နှင့် ဓာတ်မတည့်သော လက္ခဏာများ ဖြစ်လာပါက အရေးပေါ် ကျန်းမာရေး အကူအညီ ရယူပါ။ ဥပမာ အင်ပျဉ်၊ အသက်ရှူရ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း။

Zocor သည် ကြွက်သား တစ်ရှူးများကို ပျက်စီးစေပြီး ကျောက်ကပ်ပျက်စေသည်။ သင့်တွင် ရှင်းမပြနိုင်သော ကြွက်သား နာကျင်ခြင်း၊ အားနည်းခြင်း ရှိပါက သို့မဟုတ် အထူးသဖြင့် သင်သည် ဖျားနာခြင်း၊ ပုံမှန်မဟုတ်ဘဲ မောပန်းခြင်း၊ ဆီးအရောင် မည်းခြင်းတို့ ဖြစ်ပါက ဆရာဝန်အား ချက်ချင်းခေါ်ပါ။

သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ချက်ချင်း ခေါ်ပါ။

  • ကျောက်ကပ် ပြဿနာ၏ လက္ခဏာများ။ ဆီး အနည်းငယ်သာ ထွက်ခြင်း၊ ဆီးမထွက်ခြင်း၊ ဆီးသွားရာတွင် နာကျင်ခြင်း၊ ဆီးသွားရ ခက်ခြင်း၊ ခြေထောက် သို့မဟုတ် ခြေကျင်းဝတ်တွင် ရောင်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူ မြန်ခြင်း
  • အသည်း ပြဿနာများ။ မအီမသာ ဖြစ်ခြင်း၊ အစာအိမ် အပေါ်ပိုင်း နာခြင်း၊ ယားယံခြင်း၊ မောပန်းခြင်း၊ အစာ စားချင်စိတ် မရှိခြင်း၊ ဆီးအရောင် မည်းခြင်း၊ ဝမ်း အရောင်ဖျော့ခြင်း၊ jaundice ( အရေပြား သို့မဟုတ် မျက်လုံး ဝါခြင်း)

Zocor® ၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ

  • ခေါင်းကိုက်ခြင်း
  • ဝမ်းချုပ်ခြင်း၊ မအီမသာ ဖြစ်ခြင်း၊ အစာအိမ် အောင့်ခြင်း
  • အအေးမိ လက္ခဏာများ ဥပမာ နှာပိတ်ခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Zocor (ဇိုကော) နဲ့ ဓာတ်ပြုနိုင်သလဲ

  Zocor® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ဤဆေးနှင့် ဓာတ်ပြုနိုင်သော ဆေးများမှာ

  • Delavirdine
  • Fenofibrate
  • Fluconazole

အစားအသောက်တွေနဲ့ အရက်က Zocor (ဇိုကော) နဲ့ ဓာတ်ပြုနိုင်သလား

  Zocor® သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zocor (ဇိုကော) နဲ့ ဓာတ်ပြုနိုင်သလဲ

  Zocor® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

ဤဆေးနှင့် ဓာတ်ပြုနိုင်သော ကျန်းမာရေး အခြေအနေ များမှာ

  • အသည်းရောဂါ ရာဇဝင်
  • ကျောက်ကပ်ရောဂါ ရာဇဝင်
  • ဆီးချိုသွေးချို
  • သိုင်းရွိုက်ရောဂါ
  • နေ့စဉ် အရက် ၂ ခွက်ထက် ပိုသောက်ပါက

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zocor (ဇိုကော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

နှလုံးနှင့် သွေးကြောရောဂါ ကာကွယ်ရန်အတွက် ပုံမှန် လူကြီး ပမာဏ

ပုံမှန် ဆေးညွှန်း။ သောက်ဆေး 5-40 mg တစ်နေ့ တစ်ကြိမ် ညနေပိုင်းတွင်

နှလုံး သွေးလွှတ်ကြော ရောဂါ (CHD) ရှိသော သို့မဟုတ် CHD ဖြစ်နိုင်ချေ မြင့်သော လူနာများ

  • အစပိုင်း ပမာဏ။ သောက်ဆေး 10-20 mg တစ်နေ့ တစ်ကြိမ် ညနေပိုင်းတွင်။ စားသောက်ပုံ၊ လေ့ကျင့်ခန်း နှင့်အတူ တပြိုင်တည်း စတင်ပါ။

ရှိပြီးသော CHD, ဆီးချိုသွေးချို၊ အနားစွန်း သွေးကြော ရောဂါ၊ လေဖြတ်ခြင်းနှင့် အခြား ဦးနှောက်သွေးကြော ရောဂါ ရာဇဝင် ကြောင့် CHD ဖြစ်နိုင်ချေမြင့်သော လူနာများ။

  • အစပိုင်း ပမာဏ။ သောက်ဆေး 40 mg တစ်နေ့ တစ်ကြိမ် ညနေပိုင်းတွင်

နှလုံးနှင့် သွေးကြော အန္တရာယ် လျော့ချရန်အတွက် ပုံမှန် လူကြီးပမာဏ

ပုံမှန် ဆေးညွှန်း။ သောက်ဆေး 5-40 mg တစ်နေ့ တစ်ကြိမ် ညနေပိုင်းတွင်

နှလုံး သွေးလွှတ်ကြော ရောဂါ (CHD) ရှိသော သို့မဟုတ် CHD ဖြစ်နိုင်ချေ မြင့်သော လူနာများ

  • အစပိုင်း ပမာဏ။ သောက်ဆေး 10-20 mg တစ်နေ့ တစ်ကြိမ် ညနေပိုင်းတွင်။ စားသောက်ပုံ၊ လေ့ကျင့်ခန်း နှင့်အတူ တပြိုင်တည်း စတင်ပါ။

ရှိပြီးသော CHD, ဆီးချိုသွေးချို၊ အနားစွန်း သွေးကြော ရောဂါ၊ လေဖြတ်ခြင်းနှင့် အခြား ဦးနှောက်သွေးကြော ရောဂါ ရာဇဝင် ကြောင့် CHD ဖြစ်နိုင်ချေမြင့်သော လူနာများ။

  • အစပိုင်း ပမာဏ။ သောက်ဆေး 40 mg တစ်နေ့ တစ်ကြိမ် ညနေပိုင်းတွင်

Homozygous Familial Hypercholesterolemia အတွက် ပုံမှန်လူကြီး ပမာဏ

ထောက်ခံထားသော ပမာဏ။ သောက်ဆေး 40 mg တစ်နေ့ တစ်ကြိမ် ညနေပိုင်းတွင်

ကလေးတွေအတွက် Zocor (ဇိုကော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Homozygous Familial Hypercholesterolemia အတွက် ပုံမှန်ကလေး ပမာဏ

အသက် ၁၀ နှစ်အောက်။ မထောက်ခံပါ။

အသက် ၁၀ နှစ် နှင့်အထက်။

  • အစပိုင်း ပမာဏ။ သောက်ဆေး 10 mg တစ်နေ့ တစ်ကြိမ် ညနေပိုင်းတွင်
  • ဆက်ပေးသော ပမာဏ။ သောက်ဆေး 10-40 mg တစ်နေ့ တစ်ကြိမ် ညနေပိုင်းတွင်
  • အများဆုံး ပမာဏ။ သောက်ဆေး 40 mg တစ်နေ့ တစ်ကြိမ် ညနေပိုင်းတွင်

Zocor (ဇိုကော) ကိုဘယ်လိုရရှိနိုင်သလဲ

  Zocor®  ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • အလွှာပါး အုပ်ထားသော ဆေးပြား။ simvastatin 5 mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zocor® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 31, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 31, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။