Zecipox ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Zecipox Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Zecipox ကို ဘာအတွက်အသုံးပြုကြသလဲ

Zecipox ဟာ quinolone အုပ်စုဝင် ပဋိဇီဝပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး ဘက်တီးရီးယားပိုးမွှား ကူးစက်ခံရခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသရာမှာ အဓိကအသုံးပြုပါတယ်။ ဒီဆေးဝါးက ဘက်တီးရီးယားပိုးမွှား ပေါက်ပွားမှုကို တားဆီးပေးပါတယ်။

ဒီဆေးဝါးဟာ သာမန်အအေးမိအဖျားရောဂါ၊ တုပ်ကွေးရောဂါတို့လို ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ရောဂါတွေအပေါ် အာနိသင်သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။ ပဋိဇီဝပိုးသတ်ဆေးတွေကို မလိုအပ်ဘဲအသုံးပြုရင် ဆေးအာနိသင်လျော့ကျပြီး ဆေးယဉ်ပါးတဲ့ပြဿနာ ဖြစ်လာနိုင်ပါတယ်။

Zecipox ဘယ်လိုသောက်သုံးသင့်သလဲ

Zecipox ကို သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အစာနဲ့တွဲပြီးဖြစ်စေ ခြားပြီးဖြစ်စေ၊ နံနက်တစ်ကြိမ် ညနေတစ်ကြိမ်၊ တစ်နေ့ ၂ကြိမ် ပုံမှန်သောက်သုံးပါ။

ဆေးပြားကို ချိုးချေဝါးစားလိုက်တဲ့အခါ ခါးတဲ့အရသာ ထွက်လာနိုင်တဲ့အတွက် ဆေးပြားတစ်ပြားလုံး ရေနဲ့မျှောချသောက်သုံးဖို့ ဆေးဝါးထုတ်လုပ်သူတွေက တိုက်တွန်းထားပါတယ်။

သင့်ကျန်းမာရေးအခြေအနေနဲ့ ကုသမှုကိုတုန့်ပြန်မှုအပေါ် မူတည်ပြီး သောက်သုံးရမယ့်ဆေးပမာဏအချိုးအစားနဲ့ အချိန်ကာလကို သင့်ဆရာဝန်က လိုသလိုချိန်ဆပေးသွားမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က အခြားညွှန်ကြားထားခြင်းမရှိရင် ဆေးသောက်သုံးနေတဲ့ကာလတလျှောက် အရည်များများသောက်သင့်ပါတယ်။

ပဋိဇီဝပိုးသတ်ဆေးတွေ အသုံးပြုတိုင်း သင့်ခန္ဓာကိုယ်ထဲ ထိုက်သင့်တဲ့ပမာဏတစ်ခု အမြဲရှိနေအောင် ထိန်းထားနိုင်မှသာ ဆေးအာနိသင်အပြည့်အ၀ရရှိမှာ ဖြစ်တဲ့အတွက် ဆေးသောက်ချိန်တစ်ခုနဲ့တစ်ခုကြား အညီအမျှပိုင်းခြားသတ်မှတ်ပြီး မမေ့မလျော့သောက်သုံးဖို့ အလွန်အရေးကြီးပါတယ်။

ဆေးသောက်နေဆဲကာလမှာ ရောဂါဝေဒနာ သက်သာလာခဲ့ရင်တောင် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးသောက်ရက်နဲ့အကြိမ်ရေပြည့်တဲ့အထိ ဆက်လက်သောက်သုံးသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်လိုက်ရင် ပိုးပြန်ဝင်နိုင်တဲ့အန္တရာယ် ရှိပါတယ်။

Zecipox ဘယ်လိုသိမ်းဆည်းရမလဲ

Zecipoxကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Zecipoxကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Zecipox ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Zecipox ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zecipox အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးမသောက်သုံးခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ အသုံးမပြုသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအ၀င် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကို သင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Zecipoxသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓာတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း

ဒီဆေးဝါးကြောင့် QT prolongation ခေါ် နှလုံးကျန်းမာရေးပြဿနာတစ်မျိုး ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာဟာ ဖြစ်လေ့ဖြစ်ထနည်းပေမယ့် အခန့်မသင့်ရင် အသက်ဆုံးရှုံးရတဲ့အထိ အခြေအနေဆိုးရွားတတ်ပြီး နှလုံးခုန်စည်းချက်မမှန်ခြင်းနဲ့ အခြားလက္ခဏာတွေ (ဥပမာ ပြင်းပြင်းထန်ထန် မူးဝေခြင်း၊ သတိလစ်ခြင်း) ဖြစ်စေနိုင်ပါတယ်။

နို့၊ ဒိန်ချဉ်စတဲ့ နို့ထွက်ပစ္စည်းတွေအပါအ၀င် ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ၊ ဖျော်ရည်တွေက Zecipox ရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် zecipox ကို ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေချည်း သီးသန့်မစားခင် အနည်းဆုံး ၂နာရီ ဒါမှမဟုတ် စားပြီး အနည်းဆုံး ၆နာရီကြာမှ သောက်သုံးသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ကယ်လ်ဆီယမ်ပါဝင်မှုနည်းတဲ့ အခြားအစားအစာတွေနဲ့ တွဲပြီးစားမယ်ဆိုရင်တော့ ၄င်းအစားအစာတွေက ကယ်လ်ဆီယမ်ပေါင်းစည်းမှုကို လျော့နည်းစေတဲ့အတွက် အစာနဲ့ဝေးဝေး ဆေးသောက်စရာ မလိုပါဘူး။

ဒီဆေးဝါးဟာ သင့်ကို မူးဝေစေတဲ့အတွက် ဆေးသောက်သုံးပြီး ကိုယ့်အခြေအနေကိုယ် မသိရသေးသရွေ့ သတိကြီးကြီးထားပြီး နိုးနိုးကြားကြားလုပ်ဆောင်ရမယ့် တာဝန်နဲ့လှုပ်ရှားမှုတွေ (ဥပမာ ကားမောင်းခြင်း၊ စက်ယန္တရားအသုံးပြုခြင်း) မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ဒါ့အပြင် ဆေးသောက်နေစဉ်အတောအတွင်း အရက်သေစာသောက်စားမှုကို တတ်နိုင်သမျှကန့်သတ်ဖို့ လိုအပ်ပါတယ်။

ဒီဆေးဝါးဟာ နေရောင်ဒဏ်ခံနိုင်ရည်ကို လျော့ကျစေတဲ့အတွက် ဆေးအသုံးပြုနေတဲ့ အချိန်ကာလအတွင်း နေရောင်ခြည်နဲ့ ထိတွေ့မှုကို တတ်နိုင်သမျှ လျော့ချပါ။ Tanning booth နဲ့ sunlamp များ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။ အပြင်ထွက်တိုင်း နေရောင်ကာလိမ်းဆေးလိမ်းပါ။ အ၀တ်အစားလုံလုံခြုံခြုံဝတ်ပါ။ Tretinoin-mequinol လို ဆေးဝါးတွေကလည်း နေရောင်ဒဏ်ခံနိုင်ရည် ကျဆင်းစေတယ်ဆိုတာ သတိပြုပါ။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။

Zecipox ကအူရောင်ငန်းဖျားရောဂါ ကာကွယ်ဆေးလိုမျိုး ဘက်တီးရီးယားပိုးအရှင်ပါဝင်တဲ့ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီဆေးသောက်သုံးနေတဲ့ ကာလတလျှောက် ဆရာဝန်ခွင့်မပြုဘဲ ကာကွယ်ဆေးလုံးဝမထိုးသင့်ပါဘူး။

အခြားသူတွေနဲ့ယှဉ်ရင် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းအဖိုးအဖွားတွေဟာ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးဒဏ် (အထူးသဖြင့် အဆစ်အမျက်၊ အရွတ်ပြဿနာအမျိုးမျိုးနဲ့ QT prolongation) ကို ပိုမိုခံစားရလေ့ရှိတဲ့အတွက် သတိနဲ့ယှဉ်ပြီး အသုံးပြုသင့်ပါတယ်။ Prednisone၊ hydrocortisone တို့လို ကော်တီကိုစတီးရွိုက်ဆေးဝါးတွေ အသုံးပြုနေရသူတွေမှာ ဘေးထွက်ဆိုးကျိုးဖြစ်ဖို့အလားအလာ ပိုများပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zecipox ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် သောက်သုံးလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Zecipox ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Zecipox ကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ပျို့ခြင်း
  • ၀မ်းလျှောခြင်း
  • မူးဝေခြင်း
  • ခေါင်းထဲရီတီတီဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း

ဆေးသောက်သုံးပြီး အောက်ဖော်ပြပါလက္ခဏာတွေ ဖြစ်လာခဲ့ရင် သင့်ဆရာဝန်ကို ချက်ချင်းအသိပေးပါ

  • အရေပြားနေလောင်လွယ်ခြင်း (နေရောင်ဒဏ်မခံနိုင်ခြင်း)
  • ပုံမှန်မဟုတ်ဘဲ အညိုမဲစွဲခြင်း၊ သွေးယိုခြင်း
  • ပိုးဝင်သည့်လက္ခဏာများ – အဖျားဝင်ခြင်း/ အဖျားမကျခြင်း၊ လည်ချောင်းနာမပျောက်နိုင်ခြင်း
  • ကျောက်ကပ်ထိခိုက်သည့် လက္ခဏာများ – သွားနေကျဆီးပမာဏ ပြောင်းလဲခြင်း၊ ဆီးအရောင်နီခြင်း/ ပန်းရောင်ဖြစ်နေခြင်း
  • အသည်းထိခိုက်သည့် လက္ခဏာများ – ခါတိုင်းနှင့်မတူအောင် ပင်ပန်းနွမ်းနယ်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အမြဲပျို့နေအန်နေခြင်း၊ မျက်စိဝါခြင်း၊ အသားဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း
  • ဆိုးဆိုးဝါးဝါး မူးဝေခြင်း
  • သတိလစ်ခြင်း
  • နှလုံးခုန်မြန်ခြင်း/ မူမမှန်ခြင်း
  • ပြင်းထန်သည့် အူလမ်းကြောင်းဆိုင်ရာပြဿနာများ

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Zecipox နဲ့ ဓာတ်ပြုနိုင်သလဲ

Zecipoxဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Zecipox နဲ့ သက်ရောက်ဓာတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

  • သွေးကျဲဆေးများ (ဥပမာ acenocoumarol, warfarin)
  • Strontium
  • Norfloxacin
  • Gemifloxacin
  • Levofloxacin
  • Moxifloxacin
  • Ofloxacin
  • Duloxetine
  • Pirfenidone
  • Tasimelteon
  • Tizanidine
  • Amiodarone
  • Dofetilide
  • Quinidine
  • Procainamide
  • Sotalol
  • သန္ဓေတားဆေးများ

အစားအသောက်တွေနဲ့ အရက်က Zecipox နဲ့ ဓာတ်ပြုနိုင်သလား

Zecipoxက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zecipox နဲ့ ဓာတ်ပြုနိုင်သလဲ

Zecipoxဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

အထူးသဖြင့် သင့်မှာ အောက်ဖော်ပြပါ ရောဂါတစ်ခုခုရှိနေရင် သင့်ဆရာဝန်ကို မဖြစ်မနေအသိပေးပါ။

  • သွေးချိုဆီးချိုရောဂါ
  • နှလုံးရောဂါအမျိုးမျိုး (ဥပမာ လတ်တလော နှလုံးထိခိုက်ထားခြင်း)
  • အဆစ်အမျက်နှင့် အရွတ်ပြဿနာအမျိုးမျိုး (ဥပမာ အရွတ်ရောင်ခြင်း၊ အဆစ်အနီးတ၀ိုက်ရှိ အရည်အိတ်များ ရောင်ရမ်းခြင်း)
  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • Myasthenia gravis ခေါ် ကိုယ်ခံအားတုန့်ပြန်မှုဆိုင်ရာ နာတာရှည် အာရုံကြောနှင့်ကြွက်သားရောဂါတစ်မျိုး
  • အာရုံကြောပြဿနာများ (ဥပမာ ခြေလက်အာရုံကြောများ အားနည်းခြင်း)
  • အတက်ရောဂါ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zecipox ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရေပြားနှင့် ဆက်စပ်အင်္ဂါများ ပိုးဝင်ခြင်း

၅၀၀ မီလီဂရမ်မှ ၇၅၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၇ရက်မှ ၁၄ရက်

အရိုးအဆစ်များ ပိုးဝင်ခြင်း

၅၀၀ မီလီဂရမ်မှ ၇၅၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၄ပတ်မှ ၈ပတ်

နောက်ဆက်တွဲပြဿနာရှိသည့် ၀မ်းဗိုက်တွင်းပိုးဝင်ခြင်း

၅၀၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၇ရက်မှ ၁၄ရက်

ကူးစက်ဝမ်းရောဂါ

၅၀၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၅ရက်မှ ၇ရက်

အူရောင်ငန်းဖျားရောဂါ

၅၀၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၁၀ရက်

နောက်ဆက်တွဲပြဿနာမရှိသည့် ဆီးလမ်းကြောင်းနှင့် သားအိမ်ခေါင်း ဆီးပူညောင်းကျပိုးဝင်ခြင်း

၂၅၀ မီလီဂရမ်၊ တစ်ကြိမ်သာအသုံးပြုရန်

အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်တတ်သည့် ဒေါင့်သန်းရောဂါ အမှတ် ၃ (ရောဂါပိုးရှိသူနှင့် ထိတွေ့မိပြီးချိန်တွင် အသုံးပြုရန်)

၅၀၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ရက် ၆၀

ပလိပ်ရောဂါ အမှတ် ၃

၅၀၀ မီလီဂရမ်မှ ၇၅၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၁၄ရက်

ဘက်တီးရီးယားပိုးမွှားကြောင့်ဖြစ်သည့် နာတာရှည် ဆီးကျိတ်ရောင်ရောဂါ

၅၀၀ မီလီဂရမ်မှ ၇၅၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၂၈ရက်

အသက်ရှူလမ်းကြောင်းအောက်ပိုင်း ပိုးဝင်ခြင်း

၅၀၀ မီလီဂရမ်မှ ၇၅၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၇ရက်မှ ၁၄ရက်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

၂၅၀ မီလီဂရမ်မှ ၅၀၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၇ရက်မှ ၁၄ရက်

နောက်ဆက်တွဲပြဿနာမရှိသည့် ဆီးအိမ်ပိုးဝင်ခြင်း

၂၅၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၃ရက်

လတ်တလောဖြစ်သည့် ထိပ်ကပ်နာ (မျက်နှာတ၀ိုက်ရှိ လေအိတ်ငယ်များ ပိုးဝင်ရောင်ရမ်းခြင်း)

၅၀၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၁၀ရက်

 

ကလေးတွေအတွက် Zecipox ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

နောက်ဆက်တွဲပြဿနာရှိသည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း သို့မဟုတ် ကျောက်ကပ်ပိုးဝင်ခြင်း (လူနာအသက် ၁နှစ်မှ ၁၇နှစ်အထိ)

ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဆေး ၁၀မီလီဂရမ်မှ ၂၀မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၁၀ရက်မှ ၂၁ရက်

အများဆုံးအသုံးပြုနိုင်သည့်ပမာဏ – တစ်ကြိမ်လျှင် ၇၅၀မီလီဂရမ် (ကိုယ်အလေးချိန် ၅၁ ကီလိုဂရမ်ထက်ကျော်တဲ့ ကလေးတွေမှာတောင် ဒီပမာဏထက် မကျော်လွန်သင့်ပါဘူး)

အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်တတ်သည့် ဒေါင့်သန်းရောဂါ အမှတ် ၂ (ရောဂါပိုးရှိသူနှင့် ထိတွေ့မိပြီးချိန်တွင် အသုံးပြုရန်)

ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဆေး ၁၅မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ရက် ၆၀

အများဆုံးအသုံးပြုနိုင်သည့်ပမာဏ – တစ်ကြိမ်လျှင် ၅၀၀မီလီဂရမ်

ပလိပ်ရောဂါ အမှတ် ၂နှင့် ၃

ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဆေး ၁၅မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ်၊ ၁၀ရက်မှ ၂၁ရက်

အများဆုံးအသုံးပြုနိုင်သည့်ပမာဏ – တစ်ကြိမ်လျှင် ၅၀၀မီလီဂရမ်

 

Zecipox ကိုဘယ်လိုရရှိနိုင်သလဲ

Zecipox ကို

  • ၅၀၀ မီလီဂရမ်၊ ၇၅၀ မီလီဂရမ်၊ ၁၀၀၀ မီလီဂရမ် ပါဝင်တဲ့ ဆေးပြား
  • ထိုးဆေးရည်

ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zecipox ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဧပွီ 26, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ