backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Zanamivir


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Zanamivir ကို ဘာအတွက်အသုံးပြုကြသလဲ

Zanamivir ကိုတုပ်ကွေးရောဂါကာကွယ်ကုသရာမှာအဓိကအသုံးပြုပါတယ်။

ဒီဆေးဝါးဟာ neuraminidase inhibitor အမျိုးအစားဖြစ်ပြီးတုပ်ကွေးပျောက်ဆေး၊ ဗိုင်းရပ်စ်ပိုးမွှားတွေကိုဆန့်ကျင်တိုက်ခိုက်တဲ့ဆေးအဖြစ်လည်းလူသိများပါတယ်။

Zanamivir ကိုယေဘုယျအားဖြင့် တုပ်ကွေးရောဂါလက္ခဏာစဖြစ်ဖြစ်ချင်းအသုံးပြုသင့်ပေမယ့်တုပ်ကွေးရောဂါရှိသူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခြေအနေတွေမှာရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့လည်းအသုံးပြုနိုင်ပါတယ်။ Neuraminidase inhibitor တွေဟာလူ့ခန္ဓါကိုယ်အတွင်းတုပ်ကွေးရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကိုကာကွယ်ထိန်းချုပ်ပေးတဲ့အတွက် ရှိပြီးသားရောဂါလက္ခဏာတွေ လျော့ပါးသက်သာအောင် ကုသရာမှာ၊ သူတစ်ပါးဆီကရောဂါမကူးစက်အောင် ကာကွယ်ရာမှာအထောက်အကူပြုနိုင်ပါတယ်။

ဒီဆေးဝါးကို အသုံးပြုခြင်းအားဖြင့် တုပ်ကွေးရောဂါခံစားရတဲ့ ကြာချိန်ကို ၁ရက်ခွဲအထိ လျော့ချနိုင်တဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်ချေကိုလည်းလျော့နည်းစေမှာဖြစ်ပါတယ်။

Zanamivir ကိုအများဆုံးအသုံးပြုကြတာကတော့

  • တုပ်ကွေးရောဂါပျံ့နှံ့နေတဲ့ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာနေထိုင်ရင်းတုပ်ကွေးလက္ခဏာပြလာတဲ့လူနာတွေမှာရောဂါလက္ခဏာစတင်ဖြစ်ပေါ်ပြီး ၃၆ နာရီကနေ ၄၈ နာရီအတွင်းအသုံးပြုနိုင်ပါတယ်။
  • တုပ်ကွေးရောဂါပျံ့နှံ့နေတဲ့ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာနေထိုင်ရင်းတုပ်ကွေးရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့ဆက်ဆံမိတဲ့လူတွေမှာရောဂါကူးစက်မခံရအောင် ကြိုတင်ကာကွယ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ (ကာကွယ်ဆေးအာနိသင်မတိုးတဲ့ ဗိုင်းရပ်စ်မျိုးသစ်တွေ ကူးစက်ခံရတဲ့အခြေအနေ၊ ဒေသတစ်ခွင်လုံးတုပ်ကွေးကပ်ရောဂါ ကျရောက်နေတဲ့ အခြေအနေတွေမှာလည်းအသုံးပြုနိုင်ပါတယ်)

Zanamivir ဘယ်လိုသောက်သုံးသင့်သလဲ

Zaminivirကို ရှူဆေးအဖြစ် တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ် အသုံးပြုပါ။

ဆေးအာနိသင်အပြည့်အဝရရှိစေဖို့ ဆေးကိုအချိန်မှန်အသုံးပြုပါ။

သင့်ဆရာဝန်က အထူးတလည် ညွှန်ကြားထားခြင်းမရှိရင် ဆေးရှူချိန် သတ်သတ်မှတ်မှတ်ထားပြီးမမေ့မလျော့ရှူပေးပါ။

ဆေးအာနိသင်အပြည့်အဝရရှိဖို့ ရက်အနည်းငယ်စောင့်ရနိုင်ပါတယ်။

အချို့အခြေအနေတွေမှာအသုံးပြုရမယ့် ဆေးပမာဏအချိုးအစားမတူညီနိုင်တဲ့အတွက် သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိတိကျကျ လိုက်နာအသုံးပြုသင့်ပါတယ်။

Zanamivir ဘယ်လိုသိမ်းဆည်းရမလဲ

Zanamivir ကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Zanamivirကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Zanamivirဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Zanamivirကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zanamivir အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင်ဟာzanamivir ဒါမှမဟုတ် အခြား antiviral ဆေးတစ်မျိုးမျိုးဒါမှမဟုတ် အခြားအရာတစ်ခုခုနဲ့ ဓါတ်မတည့်ဘူးဆိုရင် ဒီဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးပါ။

ဒီဆေးအသုံးမပြုခင် သင့်ကျန်းမာရေးရာဇဝင်အကြောင်း သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်သိအောင် ပြောပြထားပါ။ အထူးသဖြင့် သင့်မှာအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဒါမှမဟုတ် အဆုတ်ရောဂါ (ဥပမာပန်းနာရင်ကြပ်၊ နာတာရှည်အဆုတ်ရောဂါ၊ နာတာရှည် လေပြွန်ရောင်ရမ်းခြင်း) တစ်ခုခုရှိနေခဲ့ရင် သင့်ဆရာဝန်ကို မဖြစ်မနေအသိပေးပါ။

ခွဲစိတ်ကုသမှု၊ သွားဘက်ဆိုင်ရာကုသမှု မခံယူခင် သက်ဆိုင်ရာဆရာဝန်ကို သင် zanamivir အသုံးပြုနေတဲ့အကြောင်းပြောပြထားပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zanamivir ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးအသုံးမပြုမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Zanamivir ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Zanamivir ရဲ့ အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးတွေကတော့

  • ခေါင်းကိုက်ခြင်း
  • ဝမ်းလျှောခြင်း
  • ပျို့ခြင်း
  • ချောင်းဆိုးခြင်း
  • အော့အန်ခြင်း
  • ကိုယ်အပူချိန်မမှန်ခြင်း
  • မူးဝေခြင်း

အခြားအရေးကြီးတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • အစာစားချင်စိတ် မြင့်တက်ခြင်းသို့မဟုတ် လျော့နည်းခြင်း
  • ဖျားနာခြင်း
  • ချမ်းတုန်ခြင်း
  • အားနည်းခြင်း
  • ဦးခေါင်းခွံအတွင်းရှိလေလမ်းကြောင်းများရောင်ရမ်းခြင်း
  • နှာခေါင်း၊ နားနှင့် လည်ချောင်း ပိုးဝင်ခြင်း
  • အရေပြားတုန့်ပြန်မှုများ ဖြစ်ပေါ်ခြင်း
  • ကြွက်သားနှင့် အဆစ်များနာကျင်ကိုက်ခဲခြင်း
  • ဓါတ်မတည့်ခြင်း
  • လေပြွန်ကျုံ့ခြင်း
  • အပြုအမူပြောင်းလဲခြင်း

အသက်ရှူလမ်းကြောင်းရောဂါရှိသူတွေ zanamivir ရှူဆေးအသုံးပြုတဲ့အခါ လေပြွန်တွေထဲဆေးအမှုန်တွေကပ်ပြီးအသက်ရှူရခက်တဲ့ပြဿနာအမျိုးမျိုးပေါ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ zanamivir ဆက်မသုံးတော့ဘဲရပ်ပစ်လိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အမှုန်အမွှားတွေရှူရှိုက်မိရင် ရောဂါဖောက်လာနိုင်တဲ့ ပန်းနာရင်ကြပ်ဝေဒနာရှင်တွေ၊ အခြားအသက်ရှူလမ်းကြောင်းရောဂါဝေဒနာရှင်တွေ zanamivir ရှူဖို့ လိုအပ်လာခဲ့ရင် အရေးပေါ်အသုံးပြုနိုင်အောင် အာနိသင်သက်ရောက်မှုမြန်တဲ့ လေပြွန်ကျယ်ရှူဆေးဗူးဆောင်ထားသင့်ပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Zanamivir နဲ့ ဓါတ်ပြုနိုင်သလဲ

Zanamivirဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Zamanivirဟာဗိုင်းရပ်စ်ပိုးပွားများမှုကိုဟန့်တားနိုင်တဲ့အတွက် ဗိုင်းရပ်စ်ပိုးအရှင်ပါဝင်တဲ့ တုပ်ကွေးကာကွယ်ဆေးတွေရဲ့အာနိသင်ကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဲဒီအမျိုးအစားတုပ်ကွေးကာကွယ်ဆေးကို zanamivir အသုံးမပြုမီအနည်းဆုံး ၂ပတ်အလို ဒါမှမဟုတ် အသုံးပြုပြီးအနည်းဆုံး ၄၈နာရီကြာမှ ထိုးသင့်ပါတယ်။ ပိုးအရှင်မပါဝင်တဲ့ သုံးမျိုးစပ် တုပ်ကွေးကာကွယ်ဆေးကိုတော့ zanamivir အသုံးပြုနေစဉ်အတောအတွင်းထိုးလို့ရပါတယ်။

အစားအသောက်တွေနဲ့ အရက်က Zanamivir နဲ့ ဓါတ်ပြုနိုင်သလား

Zanamivirက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zanamivir နဲ့ ဓါတ်ပြုနိုင်သလဲ

Zanamivir ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zanamivir ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Zanamivir ကိုတစ်ကြိမ်ရှူလျှင် နှစ်ရှိုက် (တစ်ရှိုက်လျှင် ၅ မီလီဂရမ်) နှုန်းဖြင့်၊ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ၁၂နာရီခြားပြီး တစ်နေ့ ၂ကြိမ်၊ ၅ရက် အသုံးပြုနိုင်ပါတယ်။ အကောင်းဆုံးရလဒ် ရရှိစေဖို့ တုပ်ကွေးရောဂါလက္ခဏာပြပြချင်းမှာအမြန်ဆုံးအသုံးပြုသင့်ပါတယ်။

တစ်အိမ်ထဲအတူနေတဲ့ မိသားစုဝင်တစ်ယောက်ယောက်ဆီကနေတုပ်ကွေးရောဂါကူးစက်မခံရအောင် ကာကွယ်ဖို့ အသုံးပြုသင့်တဲ့ ပမာဏအချိုးအစားကတော့ တစ်နေ့လျှင် ၁၀မီလီဂရမ်၊ ၁၀ရက် ဖြစ်ပါတယ်။

တုပ်ကွေးရောဂါပျံ့နှံ့နေတဲ့ လူမှုပတ်ဝန်းကျင်ကနေ ရောဂါကူးစက်မခံရအောင် ကာကွယ်ဖို့ အသုံးပြုရမယ့် ပမာဏအချိုးအစားကတော့ တစ်နေ့လျှင် ၁၀မီလီဂရမ်၊ ၂၈ရက်ပဲ ဖြစ်ပါတယ်။

ကလေးတွေအတွက် Zanamivir ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် အသုံးပြုရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Zanamivir ကိုဘယ်လိုရရှိနိုင်သလဲ

Zanamivir ကို ရှူဆေးမှုန့်ပုံစံနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zanamivir ကိုအသုံးပြုဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးအသုံးပြုပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးရှူရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲရှူလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement