Zalcitabine ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Zalcitabine Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Zalcitabine ကို ဘာအတွက်အသုံးပြုကြသလဲ

အိတ်ခ်ျအိုင်ဗီရောဂါပိုးကူးစက်ခံရသူတွေကိုကုသမှုပေးရာမှာ zalcitabine ကို အခြားဆေးဝါးတွေနဲ့တွဲပြီး အဓိကအသုံးပြုပါတယ်။

ဒီဆေးဝါးဟာ nucleoside reverse transcriptase inhibitor အုပ်စုဝင်ဖြစ်ပြီးအိတ်ခ်ျအိုင်ဗီပိုးပေါက်ပွားမှုကိုဟန့်တားပေးပါတယ်။

Zalcitabine ဘယ်လိုသောက်သုံးသင့်သလဲ

Zalcitabineကိုသင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာအသုံးပြုပါ။ ဆေးညွှန်းမှာပါဝင်တဲ့ အချက်အလက်များကိုသေသေချာချာဖတ်ရှုပါ။

ဒီဆေးဝါးကို အစားမစားခင် ၁နာရီ ဒါမှမဟုတ် အစာစားပြီး ၂နာရီကြာမှ သောက်သုံးပါ။

ထိရောက်တဲ့ကုသမှု ရရှိစေဖို့ အခြားအိတ်ခ်ျအိုင်ဗီဆေးဝါးတွေနဲ့ တွဲပြီးသောက်သုံးပါ။

မဂ္ဂနီဆီယမ် သို့မဟုတ် အလူမီနီယမ်ပါဝင်တဲ့ အစာချေအက်ဆစ်ဓာတ်ပြယ်ဆေးတွေနဲ့ တွဲမသောက်ပါနဲ့။

ဆေးသောက်သုံးပြီး ရောဂါဝေဒနာသက်သာလာရင်တောင် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးသောက်ရက်နဲ့အကြိမ်ရေပြည့်အောင် မပျက်မကွက်သောက်သုံးပါ။

Zalcitabine ဘယ်လိုသိမ်းဆည်းရမလဲ

Zalcitabineကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Zalcitabineကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Zalcitabineဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Zalcitabineကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zalcitabine အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးမသောက်သုံးခင်သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲအသုံးမပြုသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအ၀င် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Zalcitabineသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓာတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း
  • အာရုံကြောရောဂါ (ဥပမာခြေလက်အာရုံကြောများအားနည်းခြင်း)၊အသည်းရောင်ဘီ အပါအ၀င် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါ (ဥပမာ နှလုံးကြွက်သားများပုံမမှန်ခြင်း၊ နှလုံးအလုပ်မလုပ်နိုင်ခြင်း)၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ သွေးတွင်း triglyceride အဆီဓာတ်များ မြင့်တက်ခြင်းသို့မဟုတ် မုန့်ချိုအိတ်ရောင်ရမ်းသည့်ရောဂါ ခံစားနေရခြင်း
  • ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းခြင်းသို့မဟုတ် မြင့်တက်ခြင်း၊ သွေးစစ်ချက်အဖြေများပုံမှန်မဟုတ်ခြင်း (ဥပမာသွေးတွင်း amylase ပမာဏ မြင့်တက်ခြင်း၊ CD4 ကိုယ်ခံအားဆဲလ်အရေအတွက် အလွန်ကျဆင်းနေခြင်း) သို့မဟုတ် အရက်သေစာပုံမှန်သောက်စားခြင်း

Zalcitabine ကို ဆရာဝန်မညွှန်ကြားဘဲကိုယ့်သဘောနဲ့ကိုယ် ပမာဏတိုးမသောက်သင့်ပါဘူး။ ဒီလိုတိုးသောက်တာကအကျိုးမရှိတဲ့အပြင် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်နိုင်တဲ့အန္တရာယ် ပိုများလာမှာဖြစ်ပါတယ်။

ဘယ်လောက်ပဲအချိန်ကာလတိုတောင်းသည်ဖြစ်စေဆေးပုံမှန်သောက်သုံးဖို့ ပျက်ကွက်ခဲ့ရင် ဆေးယဉ်ပါးတဲ့ပြဿနာဖြစ်လာပြီးရောဂါကုသရတာပိုမိုခက်ခဲလာနိုင်တဲ့အတွက် လက်ကျန်ဆေးနည်းနေပြီဆိုတာနဲ့ သင့်ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ဆီမှာဆေးထပ်မံရယူဖို့ လိုအပ်ပါတယ်။

ဆေးသောက်နေစဉ်အတောအတွင်းခြေလက်တွေထုံကျင်လာခဲ့ရင် ဒါမှမဟုတ် နာကျင်လာခဲ့ရင် သင့်ဆရာဝန်ကို အမြန်ဆုံးအသိပေးပါ။ အကယ်၍ သင့်ကလေးငယ်က zalcitabine သောက်သုံးနေရတယ်ဆိုရင်လည်းအဆိုပါလက္ခဏာတွေ ခံစားနေရခြင်းရှိမရှိဂရုတစိုက်စောင့်ကြည့်ပြီးလိုအပ်ရင် သက်ဆိုင်ရာဆရာဝန်ဆီ အမြန်ဆုံးသွားရောက်ပြသပါ။

ဆေးသောက်သုံးပြီး ပြင်းပြင်းထန်ထန် ပျို့အန်မယ်၊ အစာအိမ်အောင့်မယ်ဆိုရင်လည်းသင့်ဆရာဝန်ကို အကြောင်းကြားပါ။

ဒီဆေးဝါးဟာ အိတ်ခ်ျအိုင်ဗီရောဂါပိုး လုံးဝကင်းစင်အောင် ကုသနိုင်တဲ့ဆေးဝါး မဟုတ်တဲ့အတွက် ဆေးသောက်နေရင်းအိတ်ခ်ျအိုင်ဗီနဲ့ဆက်စပ်တဲ့ အခြားရောဂါတွေ ၀င်လာနိုင်သလို အခြားရောဂါပိုးတွေလည်းထပ်ဆင့်ကူးစက်နိုင်ပါတယ်။

ဒါ့အပြင် ဆေးသောက်ရုံနဲ့ လိင်ကတဆင့်ဖြစ်စေ၊ သွေးကတဆင့်ဖြစ်စေလူတစ်ယောက်ကနေတစ်ယောက် အိတ်ခ်ျအိုင်ဗီပိုးမကူးစက်အောင် မကာကွယ်နိုင်တဲ့အတွက် ပိုးရှိသူအားလုံးလိင်ဆက်ဆံတိုင်းအကာအကွယ် (ဥပမာကွန်ဒုံး) မဖြစ်မနေသုံးသင့်ပါတယ်။

နောက်ထပ်သတိပြုရမယ့်အချက်ကဆေးသောက်နေတုန်းမှာ ခန္ဓာကိုယ်ရဲ့ အဆီစုဝေးမှုပုံစံတွေ ပြောင်းလဲတတ်ပါတယ် (ဥပမာဂုတ်ပိုးနဲ့ အစာအိမ်တ၀ိုက် အဆီစုလာခြင်း၊ ခြေလက်တွေမှာအဆီနည်းလာခြင်း)။အဆိုပါပြောင်းလဲမှုတွေရဲ့ ရေရှည်အကျိုးသက်ရောက်မှုကိုတိတိကျကျမသိရသေးတဲ့အတွက် zalcitabine ကြောင့်ရလာမယ့် ကောင်းကျိုးဆိုးပြစ်တွေအပြင် ၄င်းရဲ့ဘေးထွက်ဆိုးကျိုးတွေကို ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် ဘယ်လိုလျော့ချနိုင်မလဲဆိုတာသင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးသောက်နေစဉ် ကာလတလျှောက် သင့်ကျန်းမာရေးတိုးတက်မှု/ဆုတ်ယုတ်မှုအခြေအနေကိုသိရှိနိုင်အောင် ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဓာတ်ခွဲစစ်ဆေးမှုပုံမှန်ပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။

ဒါ့အပြင် ဆေးသောက်နေတုန်းမှာ ထိရောက်တဲ့သန္ဓေတားနည်းလမ်း အသုံးပြုတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zalcitabine ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် သောက်သုံးလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Zalcitabine ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Zalcitabine ရဲ့ အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးတွေကတော့

  • ၀မ်းချုပ်ခြင်း
  • ၀မ်းလျှောခြင်း
  • ခြေကုန်လက်ပန်းကျခြင်း
  • ခေါင်းကိုက်ခြင်း
  • ယားယံခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • ပျို့ခြင်း
  • အစာအိမ်နှင့် ဂုတ်ပိုးတစ်ဝိုက် အဆီစုခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း

ဆေးသောက်သုံးပြီးအောက်ဖော်ပြပါလက္ခဏာတစ်စုံတစ်ရာဖြစ်လာခဲ့ရင် ဆေးကုသမှုအမြန်ဆုံးခံယူပါ။

  • ဓာတ်မတည့်တုန့်ပြန်မှုလက္ခဏာများ – ခန္ဓာကိုယ်မှာအဖုအပိမ့်အနီကွက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ကြပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ ပါးစပ်၊ လျှာစသည်တို့ ရောင်ရမ်းခြင်း
  • တက်ခြင်း
  • အသက်ရှူမြန်ပြီးအပေါ်ယံရှပ်ရှူရခြင်း
  • ချမ်းနေသလိုခံစားရခြင်း
  • နှလုံးပြဿနာအမျိုးမျိုး
  • သွေးတွင်းလက်တစ်အက်ဆစ်ပမာဏမမျှတခြင်း (နှလုံးခုန်နှေးခြင်း၊ နှလုံးခုန်မူမမှန်ခြင်း၊ မူးဝေခြင်း၊ ခေါင်းထဲရီတီတီဖြစ်ခြင်း)
  • အသည်းရောင်ခြင်း (အသည်းနေရာကိုထိမိလျှင် နာကျင်ခြင်း၊ အားနည်းခြင်း၊ ခြေကုန်လက်ပမ်းကျခြင်း)
  • ခြေလက်များထုံကျင်ခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း၊ ချွန်ထက်သည့်အရာနှင့် ထိုးနေသလိုစူးစူးရှရှ နာကျင်ခြင်း
  • အစာ/ရေမျိုချတိုင်းနာကျင်ခြင်း
  • အချိန်ကြာကြာသို့မဟုတ် ဆိုးဆိုးဝါးဝါး ပျို့ချင်အန်ချင်ဖြစ်ခြင်း
  • ဆိုးဆိုးဝါးဝါး ကြွက်သားနာခြင်း၊ ကြွက်တက်ခြင်း
  • ခံတွင်းထဲသို့မဟုတ် လည်ချောင်းထဲအနာပေါက်ခြင်း
  • အစာအိမ်အောင့်ခြင်း
  • ခြေလက်များဖောရောင်ခြင်း
  • အော့အန်ခြင်း
  • အားအင်ကုန်ခမ်းခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Zalcitabine နဲ့ ဓာတ်ပြုနိုင်သလဲ

Zalcitabineဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Zalcitabineနဲ့ သက်ရောက်ဓာတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

  • Pentamidine သို့မဟုတ် zidovudine – မုန့်ချိုအိတ်ရောင်ရမ်းခြင်းလိုမျိုးဘေးထွက်ဆိုးကျိုးတွေပိုဆိုးလာနိုင်ပါတယ်
  • Lamivudine – zalcitabine ရဲ့ အာနိသင်ထိရောက်မှု ကျဆင်းနိုင်ပါတယ်
  • Chloramphenicol, cisplatin, dapsone, disulfiram, ethionamide, glutethimide, gold ပါဝင်သည့်ဆေးဝါးများ (ဥပမာ gold sodium thiomalate)၊အခြား nucleoside analog များ (ဥပမာdidanosine)၊ phenytoin, ribavirin, vincristine, hydralazine, iodoquinol, isoniazid, metronidazole, nitrofurantoin – ပြင်းထန်တဲ့ အာရုံကြောပြဿနာတွေပိုဆိုးလာနိုင်ပါတယ်

Aminoglycoside အုပ်စုဝင်ဆေးဝါးများ (ဥပမာgentamicin)၊ amphotericin, cimetidine, မဂ္ဂနီဆီယမ် သို့မဟုတ် အလူမီနီယမ် ပါဝင်သည့်အစာချေအက်ဆစ်ဓာတ်ပြယ်ဆေးများ၊ probenecid – ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေဒါမှမဟုတ်အဆိပ်အတောက်ဖြစ်နိုင်ချေ ပိုမြင့်လာနိုင်ပါတယ်

အစားအသောက်တွေနဲ့ အရက်က Zalcitabine နဲ့ ဓာတ်ပြုနိုင်သလား

Zalcitabineက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zalcitabine နဲ့ ဓာတ်ပြုနိုင်သလဲ

Zalcitabineဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zalcitabine ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသေးစိတ်သိရှိလိုပါကသင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကလေးတွေအတွက် Zalcitabine ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် အသုံးပြုရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Zalcitabine ကိုဘယ်လိုရရှိနိုင်သလဲ

Zalcitabine ကိုဆေးပြားပုံစံနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zalcitabineကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဧပွီ 30, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ