Zaditor ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Zaditor Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Zaditor ကို ဘာအတွက်အသုံးပြုကြသလဲ

Zaditor ကို မျက်စိယားယံနီရဲ ကျိန်းစပ်ခြင်း သက်သာပျောက်ကင်းအောင် ကုသရာမှာ အဓိကအသုံးပြုပါတယ်။

Zaditor ဘယ်လိုသောက်သုံးသင့်သလဲ

Zaditor (ketotifen) ကို သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာအသုံးပြုပါ။ ဆေးညွှန်းမှာပါဝင်တဲ့ အချက်အလက်များကို သေသေချာချာဖတ်ရှုပါ။ အောက်ဖော်ပြပါ ညွှန်ကြားချက်အားလုံးကို တိတိကျကျလိုက်နာပါ။

  • Zaditor ကို မျက်စဉ်းဆေးအဖြစ်သာ အသုံးပြုပါ
  • မျက်စဉ်းမခပ်မီနဲ့ ခပ်ပြီးချိန်တွေမှာ လက်ကိုစင်ကြယ်အောင် ဆေးကြောပါ
  • ဆေးရည်အရောင်နောက်နေရင်၊ အနည်ထနေရင်၊ ယိုစိမ့်ထွက်နေရင် ၄င်းဆေးပုလင်းကို အသုံးမပြုပါနဲ့
  • ဆေးရည်အရောင်ပြောင်းနေရင်လည်း ဆက်လက်အသုံးမပြုပါနဲ့
  • မျက်ကပ်မှန်တပ်ထားခဲ့ရင် မျက်စဉ်းမခပ်မီ မျက်ကပ်မှန်ချွတ်ပါ။ မျက်စဉ်းခပ်ပြီး ၁၀ မိနစ်အကြာမှ ပြန်တပ်ပါ။ အကယ်၍ မျက်လုံးကျိန်းစပ်နီရဲနေခဲ့ရင် ဒါမှမဟုတ် ပိုးဝင်နေရင် မျက်ကပ်မှန်မတပ်ပါနဲ့
  • ဆေးပုလင်းထိပ်ဖျားကို မျက်လုံး၊ မျက်ခွံ၊ အရေပြား ဘယ်အရာနဲ့မှ မထိတွေ့မိပါစေနဲ့
  • မျက်စဉ်းခပ်တဲ့အခါ ခေါင်းကိုနောက်သို့လှန်ပြီး မျက်လုံးထဲကို ဆေးစက်ချပါ
  • ဆေးစက်ချပြီး မျက်စိမှိတ်ထားပါ။ မျက်လုံးအတွင်းထောင့်ကို ၁မိနစ် ၂မိနစ်ခန့် အသာအယာဖိပေးပါ
  • အသုံးပြုပြီးတိုင်း ဆေးပုလင်းကို အဖုံးပြန်ပိတ်ပါ

Zaditor ဘယ်လိုသိမ်းဆည်းရမလဲ

Zaditor (ketotifen)ကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Zaditor (ketotifen)ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Zaditor (ketotifen)ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Zaditor (ketotifen)ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zaditor အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ အသုံးမပြုသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအ၀င် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကို သင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Zaditor သို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓာတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း

သင့်ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်ပညာရှင်၊ သွားဆရာဝန် စတဲ့ ကျန်းမာရေးစောင့်ရှောက်သူအားလုံးကို သင် Zaditor အသုံးပြုနေကြောင်း ကြိုတင်အသိပေးထားပါ။

မျက်ကပ်မှန်ကြောင့်ဖြစ်တဲ့ မျက်စိယားယံနီရဲကျိန်းစပ်မှုအတွက် ဒီဆေးဝါးကို အသုံးမပြုသင့်ပါဘူး။

ဒီဆေးဝါးကို မျက်စဉ်းဆေးအဖြစ်သာအသုံးပြုပါ။ ပါးစပ်ထဲမ၀င်ပါစေနဲ့။ ပါးစပ်ထဲဝင်သွားခဲ့ရင် သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

Zaditor အသုံးပြုနေစဉ်အတောအတွင်း ကိုယ်ဝန်ရလာခဲ့ရင် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိလာခဲ့ရင် ဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ချိန်ဆနိုင်အောင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

အကယ်၍ သင်က နို့တိုက်မိခင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်လည်း ဒီဆေးဝါးကြောင့် သင့်ရင်သွေးမှာ ဘေးဥပါဒ်ဖြစ်လာနိုင်ချေရှိမရှိ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zaditor ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးအသုံးမပြုမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Zaditor ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Zaditor အသုံးပြုပြီး အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ဖြစ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူပါ။

  • ဓာတ်မတည့်တုန့်ပြန်မှုလက္ခဏာများ – ခန္ဓာကိုယ်မှာ အဖုအပိမ့်အနီကွက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ အရေပြားနီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ကြည်ဖုထခြင်း၊ အဖျားရှိသည်ဖြစ်စေ မရှိဘဲဖြစ်စေ အရေခွံကွာခြင်း၊ အသက်ရှူသံရွှီရွှီဲမြည်ခြင်း၊ ရင်ကြပ်ခြင်း၊ လည်ချောင်းထဲတစ်ဆို့နေခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ စကားပြောရခက်ခဲခြင်း၊ အသံသြခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ ပါးစပ်၊ နှာခေါင်း၊ လျှာ၊ လည်ချောင်းတို့ ရောင်ရမ်းခြင်း
  • အမြင်အာရုံပြောင်းလဲခြင်း၊ မျက်စိနာခြင်း၊ မျက်စိအလွန်ယားယံကျိန်းစပ်ခြင်း
  • မျက်စိနီရဲခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Zaditor နဲ့ ဓာတ်ပြုနိုင်သလဲ

Zaditor (ketotifen)ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Zaditor နဲ့ ဓာတ်ပြုနိုင်သလား

Zaditor (ketotifen) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zaditor နဲ့ ဓာတ်ပြုနိုင်သလဲ

Zaditor (ketotifen)ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zaditor ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

တစ်ကြိမ်ခပ်လျှင် မျက်စဉ်းတစ်စက်၊ တစ်ကြိမ်နှင့်တစ်ကြိမ် ၈နာရီမှ ၁၂နာရီခြားပြီး တစ်နေ့ ၂ကြိမ်ခပ်ရန်

ကလေးတွေအတွက် Zaditor ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် အသုံးပြုရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Zaditor ကိုဘယ်လိုရရှိနိုင်သလဲ

Zaditor ကို ၀.၀၂၅% ပါဝင်တဲ့ မျက်စဉ်းဆေးရည်ပုံစံနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zaditor မျက်စဉ်းခပ်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးခပ်လိုက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ်အသုံးပြုရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သုံးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဧပွီ 30, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ