backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး)


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး) ကို ဘာအတွက်အသုံးပြုကြသလဲ

Yellow Fever ကာကွယ်ဆေးကိုဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ Yellow Fever ခေါ် အသားဝါရောဂါတစ်မျိုး ကူးစက်ခံရခြင်းမှ ကာကွယ်ဖို့အတွက် အသုံးပြုပါတယ်။

Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး) ဘယ်လိုသောက်သုံးသင့်သလဲ

Yellow Fever ကာကွယ်ဆေးကိုအရေပြားအောက် အဆီပြင်ထဲသို့မဟုတ် ကြွက်သားထဲထိုးနှံရတာဖြစ်ပါတယ်။ ဒီဆေးဝါးကို သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိတိကျကျလိုက်နာအသုံးပြုပါ။ ဆေးညွှန်းမှာပါဝင်တဲ့ အချက်အလက်တွေကိုသေသေချာချာဖတ်ရှုလေ့လာပါ။

Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး) ဘယ်လိုသိမ်းဆည်းရမလဲ

Yellow Fever ကာကွယ်ဆေးကိုအပူချိန် ၂ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီစင်တီဂရီတ် (၃၅ ဒီဂရီဖာရင်ဟိုက်မှ ၄၆ ဒီဂရီဖာရင်ဟိုက်) မှာသိမ်းဆည်းပါ။ လုံးဝရေမခဲပါစေနဲ့။ ရက်လွန်နေတဲ့ဆေးတွေကိုဆက်လက်အသုံးမပြုပါနဲ့။ ဒီဆေးဝါးမှာ ကြာရှည်ခံစေတဲ့ပစ္စည်း မပါဝင်ပါဘူး။

အောက်ဖော်ပြပါ အချက်အလက်တွေဟာ ဆေးဝါးသိမ်းဆည်းဖို့ လုံလောက်တဲ့ cold chain မရှိတဲ့နိုင်ငံတွေ၊ ပုံမှန်ထက်လွန်ကဲတဲ့ အပူချိန်နဲ့ အမှတ်မထင် ထိတွေ့မိနိုင်ချေများတဲ့ နိုင်ငံတွေအတွက် အဓိကရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ၃၅ ဒီဂရီစင်တီဂရိတ်ကနေ ၃၇ ဒီဂရီစင်တီဂရိတ်ကြားအပူချိန်နဲ့ ထိတွေ့မိရင် ခန့်မှန်းချေ ၁၄ရက်အကြာမှာ ဆေးသက်တမ်းထက်ဝက်ကုန်ဆုံးမှာဖြစ်ပြီး၄၅ ဒီဂရီစင်တီဂရိတ်ကနေ၄၇ ဒီဂရီစင်တီဂရိတ်ကြားအပူချိန်နဲ့ ထိတွေ့မိရင်တော့ ၃ရက်ကနေ ၄ရက်ခွဲအတွင်း ဆေးသက်တမ်း ထက်ဝက်ကုန်ဆုံးမှာ ဖြစ်ပါတယ်။

Yellow Fever ကာကွယ်ဆေးကိုရေခဲသေတ္တာထဲသိမ်းဆည်းတာကအကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ ဒီဆေးဝါးကို ရေခဲအောင်သိမ်းဆည်းတာမျိုးမပြုလုပ်ပါနဲ့။Yellow Fever ကာကွယ်ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Yellow Fever ကာကွယ်ဆေးကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးမထိုးခင်သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

  • Yellow fever ကာကွယ်ဆေးသို့မဟုတ် ၎င်း၏ ပါဝင်ဖက်ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
  • ဥများနှင့်ဓါတ်မတည့်ခြင်း
  • Yellow fever ကာကွယ်ဆေးနှင့် အလားတူဆေးဝါး သို့မဟုတ် အခြားဆေးဝါး၊ အစားအစာ၊ အရာဝတ္ထုတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း – ခန္ဓါကိုယ်မှာအဖုအပိမ့်အနီကွက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူသံရွှီရွှီမြည်ခြင်း၊ ချောင်းဆိုးခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့ ရောင်ရမ်းခြင်းစတဲ့ သင်ဖြစ်ဖူးသမျှ လက္ခဏာတွေအကြောင်းသင့်ဆရာဝန်ကို အသိပေးပါ
  • ကိုယ်ခံအားနည်းခြင်းသို့မဟုတ် ကိုယ်ခံအားကျဆင်းစေသည့် ရောဂါဝေဒနာတစ်ခုခု (ဥပမာ HIV) ခံစားနေရခြင်း
  • ကိုယ်ခံအားကျဆင်းစေသည့် ဆေးဝါးမျာ သောက်သုံးနေရခြင်း (ဥပမာ prednisone ကဲ့သို့ စတီးရွိုက်များ) – ကိုယ်ခံအားကျဆင်းစေတဲ့ဆေးဝါး အများအပြားရှိတဲ့အတွက် အသေးစိတ်သိရှိလိုပါကသင့်ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းပါ
  • ဓါတ်ရောင်ခြည်ကုထုံးခံယူနေရခြင်း
  • နို့တိုက်မိခင်ဖြစ်နေခြင်းသို့မဟုတ်မိမိရင်သွေးမှာအသက် ၉လအောက် ဖြစ်နေခြင်း – Yellow Fever ကာကွယ်ဆေးထိုးထားသူတွေအနေနဲ့ မိမိရင်သွေးကအသက် ၉လအောက် ဖြစ်နေခဲ့ရင်မိခင်နို့မတိုက်သင့်ပါဘူး
  • အသက် ၉လအောက် ကလေးငယ်ဖြစ်နေခြင်း – အသက် ၉လအောက် ကလေးငယ်တွေကို Yellow Fever ကာကွယ်ဆေးမထိုးပေးသင့်ပါဘူး

သင့်ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်ပညာရှင်၊ သွားဆရာဝန် စတဲ့ ကျန်းမာရေးစောင့်ရှောက်သူအားလုံးကိုသင် Yellow Fever ကာကွယ်ဆေးထိုးထားကြောင်းကြိုတင်အသိပေးပါ။

ဒီဆေးဝါးဟာ ဆေးထိုးသမျှလူတိုင်းကို Yellow Fever ကူးစက်မခံရအောင် ရာနှုန်းပြည့်မကာကွယ်ပေးနိုင်ဘူးဆိုတဲ့အချက်ကိုတော့ သတိပြုသင့်ပါတယ်။

အကယ်၍ ခရီးမသွားခင် ကာကွယ်ဆေးကြိုထိုးခဲ့ရင် ဆေးထိုးထားကြောင်းသက်သေအထောက်အထားတစ်ပါတည်းယူဆောင်သွားဖို့ လိုအပ်နိုင်ပါတယ်။ အကြောင်းအရာအသေးစိတ်ကိုသင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။

သက်ကြီးပိုင်းရောက်လာလေဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးဒဏ်ကိုခံစားရနိုင်ချေ ပိုများလေ ဖြစ်တဲ့အတွက် အသက် ၆၀အထက်အဖိုးအဖွားအားလုံးသတိနဲ့ယှဉ်ပြီးအသုံးပြုသင့်ပါတယ်။

Yellow Fever ကာကွယ်ဆေးထိုးပြီးနောက် ကိုယ်ဝန်ရလာခဲ့ရင် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိလာခဲ့ရင် ဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုချိန်ဆနိုင်အောင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

အကယ်၍ သင်က နို့တိုက်မိခင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်လည်း ဒီဆေးဝါးကြောင့် သင့်ရင်သွေးမှာဘေးဥပါဒ်ဖြစ်လာနိုင်ချေရှိမရှိ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမထိုးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Yellow Fever ကာကွယ်ဆေးထိုးပြီးအောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ဖြစ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူပါ။

  • ဓါတ်မတည့်တုန့်ပြန်မှုလက္ခဏာများ – ခန္ဓါကိုယ်မှာအဖုအပိမ့်အနီကွက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ အရေပြားနီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ကြည်ဖုထခြင်း၊ အဖျားရှိသည်ဖြစ်စေမရှိဘဲဖြစ်စေအရေခွံကွာခြင်း၊ အသက်ရှူသံရွှီရွှီဲမြည်ခြင်း၊ ရင်ကြပ်ခြင်း၊ လည်ချောင်းထဲတစ်ဆို့နေခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ စကားပြောရခက်ခဲခြင်း၊ အသံသြခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ ပါးစပ်၊ နှာခေါင်း၊ လျှာ၊ လည်ချောင်းတို့ ရောင်ရမ်းခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • မျက်နှာကြွက်သားများကောင်းကောင်းမလှုပ်ရှားနိုင်ခြင်း
  • တစ်ကိုယ်လုံးထုံသလို၊ ကျင်သလို၊ စပ်ဖျင်းဖျင်းဖြစ်သလိုခံစားရခြင်း
  • ခန္ဓါကိုယ်လှုပ်ရှားမှုများကိုထိန်းချုပ်ရန်ခက်ခဲခြင်း
  • ဆိုးဆိုးဝါးဝါး မူးဝေခြင်း၊ သတိလစ်ခြင်း
  • တက်ခြင်း

ရှားရှားပါးပါးဆိုသလို ဒီဆေးဝါးကြောင့် အသက်သေစေနိုင်လောက်တဲ့အထိ ဆိုးဝါးပြင်းထန်တဲ့ ကိုယ်တွင်းအင်္ဂါထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဆေးထိုးပြီးအောက်ဖော်ပြပါလက္ခဏာတွေ ဖြစ်လာခဲ့ရင် သင့်ဆရာဝန်ကို အမြန်ဆုံးအကြောင်းကြားပါ။

  • ဆိုးဆိုးဝါးဝါး ကြွက်သားနာကျင်ခြင်းသို့မဟုတ် ခေါင်းကိုက်ခြင်း
  • အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း
  • အသက်ရှူရခက်ခြင်း
  • အသည်းပျက်စီးသည့်လက္ခဏာများ – ဆီးအရောင်ရင့်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဝမ်းအရောင်ဖျော့ဖျော့သွားခြင်း၊ မျက်စိဝါခြင်း၊ အသားဝါခြင်း
  • အကြောင်းရင်းမရှိဘဲအညိုမဲစွဲခြင်း၊ သွေးယိုခြင်း
  • ကျောက်ကပ်ပျက်စီးသည့်လက္ခဏာများ – ဆီးမသွားနိုင်ခြင်း၊ သွားနေကျ ဆီးပမာဏပြောင်းလဲခြင်း
  • ဆေးဝါးတိုင်းမှာ ဘေးထွက်ဆိုးကျိုးကိုယ်စီရှိကြပေမယ့် အချိုကလူတွေကတော့ ဘေးထွက်ဆိုးကျိုးဒဏ် လုံးဝခံစားရလေ့မရှိဘဲ အချို့က အပျော့စားဘေးထွက်ဆိုးကျိုးအနည်းငယ်ကိုသာခံစားရတတ်ပါတယ်။ အကယ်၍ သင့်မှာ

  • ခေါင်းကိုက်ခြင်း
  • ကြွက်သားနာခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း
  • ငွေ့ငွေ့ဖျားခြင်း
  • ဆေးထိုးသည့်နေရာတွင် နီရဲနေခြင်းသို့မဟုတ် ရောင်ရမ်းနေခြင်း
  • ဆေးထိုးသည့်နေရာတွင် နာကျင်နေခြင်း
  • အဆိုပါလက္ခဏာတစ်ခုခု ဖြစ်လာခဲ့ပြီးအချိန်ကြာတဲ့အထိမသက်သာခဲ့ရင် သင့်ဆရာဝန်ထံ အကြောင်းကြားသင့်ပါတယ်။

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး) နဲ့ ဓါတ်ပြုနိုင်သလဲ

    Yellow Fever ကာကွယ်ဆေးဟာသင်အခုလောလောဆယ်အသုံးပြုနေတဲ့ တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

    Yellow Fever ကာကွယ်ဆေးမထိုးခင် လတ်တလောထိုးထားတဲ့ ကာကွယ်ဆေးတွေအကြောင်းသင့်ဆရာဝန်ကို အသိပေးပါ။

    အောက်ပါဆေးဝါးများအပါအဝင် ကိုယ်ခံအားကျဆင်းစေတဲ့ ဆေးဝါးတစ်မျိုးမျိုး လတ်တလောအသုံးပြုထားရင်လည်းသင့်ဆရာဝန်ကို ကြိုတင်အသိပေးပါ။

    • စတီးရွိုက် သောက်ဆေး၊ ရှူဆေး၊ ထိုးဆေးများ
    • Psoriasis အရေပြားရောဂါ၊ သွေးလေးဖက်နာနဲ့အခြားကိုယ်ခံအားတုန့်ပြန်မှုဆိုင်ရာရောဂါအမျိုးမျိုးကုသရာမှာသုံးတဲ့ ဆေးဝါးများ
    • အစားထိုးထည့်သွင်းလိုက်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ခန္ဓါကိုယ်က ပြန်လည်တိုက်ခိုက်ခြင်းမရှိအောင် ကာကွယ်တဲ့ဆေးဝါးများ

    အစားအသောက်တွေနဲ့ အရက်က Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး) နဲ့ ဓါတ်ပြုနိုင်သလား

    Yellow Fever ကာကွယ်ဆေးကအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး) နဲ့ ဓါတ်ပြုနိုင်သလဲ

    Yellow Fever ကာကွယ်ဆေးဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    Yellow Fever ကာကွယ်ဆေးကို ကြွက်သားထဲထိုးနှံရမှာ ဖြစ်ပါတယ်။

    ရောဂါကူးစက်ခံရနိုင်ချေ မြင့်သူတွေမှာ ၁၀နှစ်တစ်ကြိမ် ထိုးပေးရမှာဖြစ်ပြီးအသက် ၉လပြည့်ပြီးတာနဲ့ ပထမဆုံးအကြိမ် စထိုးနိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် ဆေးထိုးရမယ့်အချိန်ဇယားချင်းမတူညီနိုင်တဲ့အတွက် သင့်ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းဒါမှမဟုတ် ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (CDC) က ထုတ်ပြန်ထားတဲ့ လမ်းညွှန်အချိန်ဇယားအတိုင်းလိုက်နာသင့်ပါတယ်။

    ဆေးထိုးပြီးတဲ့အခါ သက်ဆိုင်ရာဆေးရုံဆေးခန်းကနေ International Certificate of Vaccination (yellow card) ခေါ် ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ထုတ်ပေးမှာဖြစ်ပါတယ်။ အခြားနိုင်ငံတွေဆီခရီးသွားတဲ့အခါ Yellow Fever ကာကွယ်ဆေးထိုးပြီးကြောင်းအထောက်အထားအဖြစ် အဆိုပါလက်မှတ်ကိုယူဆောင်သွားဖို့ လိုအပ်ပါတယ်။ လက်မှတ်သက်တမ်းကတော့ ဆေးထိုးပြီး ၁၀ရက်နေ နောက်ထပ် ၁၀နှစ်အထိ ဖြစ်ပါတယ်။

    Yellow Fever ကာကွယ်ဆေးထိုးထားသူတွေကိုသွေးစစ်ပြီးသွေးလွန်တုပ်ကွေးရောဂါပိုးဒါမှမဟုတ် ဂျပန်ဦးနှောက်အမြှေးယောင်ရောဂါပိုးစစ်ဆေးတဲ့အခါ ပိုးရှိတယ်လို့ အဖြေထွက်လာတတ်ပါတယ်။ ဒါကြောင့် သွေးမစစ်ဆေးခင် ၄ပတ်ကနေ ၆ပတ်အတွင်း ကာကွယ်ဆေးထိုးထားခဲ့ရင် သင့်ဆရာဝန်ကို အသိပေးဖို့ လိုပါလိမ့်မယ်။

    Yellow Fever ရောဂါဟာ ခြင်ကတဆင့် ကူးစက်တာဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးရုံသာမက ခြင်မကိုက်အောင် အဝတ်အစား လုံလုံခြုံခြုံဝတ်ဆင်ဖို့၊ ခြင်နိုင်ဆေးအသုံးပြုဖို့နဲ့ ခြင်ထောင်ထောင်အိပ်ဖို့လည်းလိုအပ်ပါတယ်။

    အကယ်၍သင်က Yellow fever အဖြစ်များတဲ့ဒေသမှာနေထိုင်သူဖြစ်ရင် ဒါမှမဟုတ် ၎င်းဒေသတွေဆီ မကြာခဏခရီးသွားလာနေရရင် ၁၀နှစ်တစ်ကြိမ် ကာကွယ်ဆေးပုံမှန်ထိုးဖို့ အရေးကြီးပါတယ်။

    ဆေးထိုးပြီး ၁၀ရက်မပြည့်ခင် ခရီးသွားဖို့ အကြောင်းပေါ်လာခဲ့ရင်လည်းသင့်ဆရာဝန်ကို ကြိုတင်အသိပေးသင့်ပါတယ်။

    ကလေးတွေအတွက် Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် အသုံးပြုရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

    Yellow Fever Vaccine (Yellow Fever ကာကွယ်ဆေး) ကိုဘယ်လိုရရှိနိုင်သလဲ

    Yellow Fever ကာကွယ်ဆေးကိုထိုးဆေးပုံစံနဲ့ ရရှိနိုင်ပါတယ်။

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Yellow Fever ကာကွယ်ဆေးထိုးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးလိုက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးထိုးတာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement