Generic Name: Vancomycin (ဗန်ကိုမိုင်စင်) Brand Name(s): Vancomycin (ဗန်ကိုမိုင်စင်).

အသုံးပြုပုံများ

Vancomycin (ဗန်ကိုမိုင်စင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Vancomycin သည် ပြင်းထန်သော ဘက်တီးရီးယားပိုးဝင်ခြင်းအတွက် အသုံးပြုသော ပဋိဇီဝပိုးသတ်ဆေးဖြစ်သည်။၎င်းသည် ဘက်တီးရီးယားများ၏ ပေါက်ပွားကြီးထွားခြင်းကို တားဆီးပေးသည်။
Vancomycin ကို အကြောထိုးဆေးအဖြစ်အဓိက အသုံးပြုသည်။သို့သော် Clostridium difficile ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော ဝမ်းလျှောဝမ်းပျက် ရောဂါအတွက်မူ အူလမ်းကြောင်းကို ကုသရန် သောက်ဆေးအဖြစ်ပေးနိုင်သည်။ပိုးသတ်ဆေးတမျိုးမျိုး သောက်ပြီးနောက် အူလမ်းကြောင်းထဲတွင် ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိသော ဘက်တီရီးယားများ ကျန်ခဲ့ရာမှ ပြင်းထန်သော ဝမ်းပျက်ရောဂါ ဖြစ်စေနိုင်သည့် ရှားရှားပါးပါး အခြေအနေမျိုးဖြစ်သည်။Vancomycinကို ပါးစပ်မှ သောက်ဆေး အဖြစ်သောက်လျှင် ၎င်းကိုခန္တာကိုယ်မှ မစုပ်ယူနိုင်ဘဲ အူလမ်းကြောင်းတွင် ဆက်လက်ရှိနေပြီး ထိုနေရာတွင်ရှိသော ဘက်တီးရီးယားများ ကြီးထွားပေါက်ပွါးခြင်းကို တားဆီးပေးသည်။

Vancomycin (ဗန်ကိုမိုင်စင်) ဘယ်လိုသောက်သုံးသင့်သလဲ

Vancomycinကို ယေဘုယျအားဖြင့် အကြောထိုးဆေးအဖြစ် တနေ့လျှင် ၁ကြိမ် သို့မဟုတ် ၂ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ထိုးပေးရသည်။ထိုးသွင်းရာတွင် တနာရီမှ နှစ်နာရီခန့်အထိ ကြာအောင် ဖြည်းညင်းစွာ ထိုးရသည်။ သင်၏ ကျန်းမာရေးအခြေအနေ၊ကိုယ်အလေးချိန်၊ကျောက်ကပ် အလုပ်လုပ်မှု အတိုင်းအတာ နှင့် ဆေးအပေါ်တုန့်ပြန်မှုတို့အပေါ် မူတည်ပြီး ဆေးပမာကို ချိန်ဆပေးရသည်။အကယ်၍ သင်သည် အိမ်တွင်မိမိဖာသာ Vancomycin ကို အသုံးပြုမည်ဆိုပါက သင့်ဆရာဝန်ထံမှ လမ်းညွှန်ချက်များ နှင့် အသုံးပြုပုံ အားလုံးကို တိကျစွာနားထောင်လိုက်နာပါ။ဆေးကို အသုံးမပြုခင်တိုင်းတွင် ဆေး၏ အရောင် သို့မဟုတ် အမှုန်များ ပါမပါကို သေချာစွာ စစ်ဆေးပါ။ဆေးအရောင်ပြောင်းခြင်း၊ အမှုန်ပါဝင်ခြင်းများရှိပါက အသုံးမပြုပါနှင့်။ ဆေးကိုမည်ကဲ့သို့ လုံခြုံစွာ သိမ်းဆည်းမည် ၊စွန့်ပစ်မည် စသည်ကို လေ့လာပါ။

သောက်ဆေးအဖြစ် အသုံးပြုပါက မသောက်မီ ဆေးကိုအနည်းဆုံး ရေတအောင်စ (၃၀စီစီခန့်)ဖြင့် ရောပါ။
ပိုးသတ်ဆေးများ၏ အာနိသင် အများဆုံး နှင့် အကောင်းဆုံးရနိုင်စေရန် သင်ခန္တာကိုယ်ထဲတွင် ပိုးသတ်ဆေး ပမာဏအချိုးအစား တသတ်မတ်တည်းရှိနေရန် အရေးကြီးသည်။ထို့ကြောင့် ဆေးကို အချိန်မှန်မှန်သောက်ပါ။
ထို့အပြင် ဆေးသောက်ပြီး ရက်အနည်းငယ်အကြာတွင် ရောဂါလက္ခဏာများ ပျောက်ကင်းသွားသည့်တိုင် ဆေးကိုဆရာဝန် ညွှန်ကြားထားသည့်အတိုင်း ဆေးပတ်လည်သည်အထိ (သတ်မှတ်ရက်စေ့ချိန်အထိ) ဆက်သောက်ရန် အရေးကြီးပါသည်။ အကယ်၍သာ ဆေးပတ်မလည်ခင် ရောဂါပျောက်ပြီအထင်နှင့် ဆေးဆက်မသောက်တော့လျှင် ဘက်တီးရီးယားပိုးများ ဆက်လက်ပေါက်ဖွားကြီးထွားရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်သွားကာ မကြာမီ ရောဂါလက္ခဏာများ တခါပြန်ပေါ်လာဦးမည် ဖြစ်ပါသည်။

Vancomycin (ဗန်ကိုမိုင်စင်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Vancomycin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Vancomycin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Vancomycin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Vancomycin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Vancomycin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Vancomycin (ဗန်ကိုမိုင်စင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Vancomycin ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။
—>ဓာတ်မတည့်ခြင်း
Vancomycin ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။
—>ကလေးသူငယ်များ
ကလေးငယ်များတွင် Vancomycin ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။
—>သက်ကြီးရွယ်အိုများ
လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Vancomycin ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။သို့သော် သက်ကြီးရွယ်အိုများတွင် အသက်အရွယ်ကြောင့်ဖြစ်သည့် နှလုံးရောဂါများ၊ အ သည်းရောဂါ၊ကျောက်ကပ်ပြဿနာ စသည်တို့ရှိနေနိုင်သဖြင့် Vancomycin ဆေး၏ ဆေးပမာဏကို ဂရုတစိုက်ချိန်ဆရန် လိုအပ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Vancomycin (ဗန်ကိုမိုင်စင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Vancomycin (ဗန်ကိုမိုင်စင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Vancomycin ထိုးသည့်အခါ ခပ်မြန်မြန်ထိုးလိုက်မိလျှင် “ red man syndrome” ဟုခေါ်သောလက္ခဏာပေါင်းစုကို ခံစားရနိုင်ပါသည်။ ထို့ကြောင့် အဆိုပါ red man syndrome ၏ လက္ခဏာများ ဖြစ်ကြသော ခန္တာကိုယ်အပေါ်ပိုင်း ပူနွေးနီရဲလာခြင်း၊မူးဝေထိုင်းမှိုင်းလာခြင်း၊သွေးပေါင်ကျလာခြင်း၊ ရင်ဘတ်နှင့် ကျောရှိ ကြွက်သားများ နာကျင်လာခြင်း စသည်တို့ ခံစားရပါက ဆရာဝန်ကို အမြန်ပြောပါ။
ဆေးထိုးသည့်နေရာတွင် နာကျင်၊နီရဲ ၊တင်းနေခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ဆေးထိုးသည့်အခါ ဖြည်းဖြည်းထိုးပေးခြင်းဖြင့် အထက်ပါ လက္ခဏာများကို လျော့ပါးစေနိုင်ပါသည်။၎င်းလက္ခဏာများ အချိန်ကြာမြင့်စွာဆက်လက်ရှိနေပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန်ကိုချက်ချင်း အကြောင်းကြားပါ။
သင့်ဆရာဝန် အနေနှင့် Vancomycinကို အသုံးပြုခြင်းသည် ဆေးမှရရှိလာမည့် အကျိုးက အပြစ်ထက်များစွာ သာလွန်၍ ဖြစ်သည်ဟူသော အချက်ကို မမေ့ပါနှင့်။ Vancomycin ဆေး အသုံးပြုသူအများစုတွင် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများကို ခံစားရလေ့မရှိပါ။
သို့သော် အောက်ဖော်ပြပါ ဆိုးရွားသည့် ဘေးထွက်လက္ခဏာများ ပေါ်ပေါက်လာပါက သင့်ဆရာဝန်ကို အမြန်ပြောပါ။
—>နားထဲတွင် ဆူဆူညံညံအသံများ ကြားလာခြင်း၊ နားလေးလာသလိုဖြစ်ခြင်း၊ ဆီးပမာဏ ပြောင်းလာခြင်း၊ သွေးထွက်လွယ်ခြင်း၊သွေးခြေဥလွယ်ခြင်း၊ ဖျားခြင်း၊ ကာလရှည်ကြာ လည်ချောင်းနာခြင်း၊ကာလရှည်ကြာ ဝမ်းလျှောခြင်း။
Vancomycin ကို ကာလကြာရှည်စွာ သုံးစွဲခြင်း သို့မဟုတ် ထပ်ခါတလဲလဲသုံးစွဲခြင်းဖြင့် လျှာနှင့် ပါးစောင်ထဲတွင် အဖြူကွက်များပေါ်လာခြင်း၊ မိန်းမကိုယ် မှိုပိုးစွဲခြင်း စသည်တို့ကို ခံစားရနိုင်ပါသည်။ ထို့ကြောင့် အဆိုပါ အခြေအနေများဖြစ်ပေါ်လာပါက ဆရာဝန်ကို အသိပေးပါ။
Vancomycin ကြောင့် အလွန်ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွါးလေ့မရှိပါ။သို့သော် အောက်ဖော်ပြပါ ဆိုးရွားသော ဓာတ်မတည့်ခြင်း လက္ခဏာများ ပေါ်ပေါက်လာပါက အရေးပေါ်ကုသမှုကို ခံယူပါ။
—> အနီကွက်များထွက်လာခြင်း၊ ခန္တာကိုယ်အနှံ့ ရောင်ရမ်းလာခြင်း၊ယားယံခြင်း( အထူးသဖြင့် မျက်နှာ၊လျှာ၊လည်ချောင်းတို့တွင်) ၊အလွန်လေးလံထိုင်းမှိုင်းမူးဝေခြင်း၊ အသက်ရှုရ ခက်လာခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Vancomycin (ဗန်ကိုမိုင်စင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Vancomycin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Vancomycin နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
• Amikacin
• Gentamicin
• Tobramycin

အောက်ဖော်ပြပါ ဆေးများသည် Vancomycin ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
• Succinylcholine
• Warfarin

အစားအသောက်တွေနဲ့ အရက်က Vancomycin (ဗန်ကိုမိုင်စင်) နဲ့ ဓာတ်ပြုနိုင်သလား

Vancomycin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Vancomycin (ဗန်ကိုမိုင်စင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Vancomycin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

—>အကြားအာရုံနှင့်ပတ်သတ်သော ပြဿနာများရှိနေလျှင် (သတိနှင့်သုံးပါ။ သင်၏ အကြားအာရုံကို ပိုဆိုးသွားစေနိုင်ပါသည်)
• ကျောက်ကပ်ရောဂါ
• အူလမ်းကြောင်းရောင်ရမ်းခြင်းဆိုင်ရာ ပြဿနာများ (ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေမည်)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Vancomycin (ဗန်ကိုမိုင်စင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဘက်တီးရီးယား ပိုးဝင်ခြင်းအတွက်
15mg-20mg/kg အချိုးအဆနှင့် ၈နာရီသို့မဟုတ် ၁၂နာရီခြားတခါ အကြောသွင်းဆေးအဖြစ် သွင်းပေးရပါမည် (တနေ့လျှင် ၂ဂရမ် မှ ၃ဂရမ် )။ ရောဂါပြင်းထန်လျှင် ဆေးပမာဏကို 25-30mg/kg အထိပေးနိုင်သည်။
ဆေးထုတ်လုပ်သူများမှ အကြံပြုသည့် အသင့်တော်ဆုံး ဆေးပမာဏ —–> ၅၀၀မီလီဂရမ်ကို အကြောသွင်းဆေးအဖြစ် ၆နာရီခြားတခါ သို့မဟုတ် ၁ဂရမ်ကို အကြောသွင်းဆေးအဖြစ် ၁၂နာရီခြားတခါ။

သွေးထဲဘက်တီးရီးယားပိုး ပျံ့နှံ့ခြင်းအတွက်
15mg-20mg/kg အချိုးအဆနှင့် ၈နာရီသို့မဟုတ် ၁၂နာရီခြားတခါ အကြောသွင်းဆေးအဖြစ် သွင်းပေးရပါမည်။
အသုံးပြုရမည့်ကာလ။ ။ရောဂါ၏ သဘာဝနှင့် ပြင်းထန်မှုအပေါ်မူတည်ပြီး ၂ပတ်မှ ၆ပတ်အထိ

ဘက်တီးရီးယားပိုးကြောင့် နှလုံးရောင်ခြင်းကို ကာကွယ်ရန်
ပင်နီဆလင်နှင့် မတည့်သော လူနာများအတွက် —–>၁ဂရမ် ကို အကြောသွင်းဆေးအဖြစ် တကြိမ် (မိနစ်၃၀ အတွင်း အပြီးသွင်းရမည်)။
ပိုးကြောင့် နှလုံးရောင်နိုင်ချေများသော လူနာဖြစ်လျင် Gentamycin ဆေးကိုပါ ထည့်သွင်းအသုံးပြုနိုင်သည်။

နှလုံးရောင်ခြင်းအတွက်
ပင်နီဆလင် သို့မဟုတ် ceftriaxone နှင့် မတည့်သော လူနာများအတွက် သို့မဟုတ် oxacillin-resistant staphylococcal strains ဘက်တီးရီးယားပိုးများအတွက် —-> 15mg-20mg/kg အချိုးအဆနှင့် ၈နာရီသို့မဟုတ် ၁၂နာရီခြားတခါ အကြောသွင်းဆေးအဖြစ် သွင်းပေးရပါမည်။ အခြားပိုးသတ်ဆေးတွဲဖက် သုံးမသုံးမှာ ရောဂါ၏ သဘာဝနှင့် ပြင်းထန်မှုအပေါ် မူတည်ပါသည်။
အသုံးပြုရမည့်ကာလ။ ။ပုံမှန်အားဖြင့် ၆ပတ်။ နှလုံးအဆို့ရှင် အစားထိုးထားသူများအတွက် အနည်းဆုံး၆ပတ်။
အများဆုံးအသုံးပြုရမည့်ဆေးပမာဏ။ ။တနေ့လျှင် ၂ဂရမ်

အသေးစိတ်အတွက် လက်ရှိနောက်ဆုံးထွက် ဆေးဝါးအသုံးပြုမှု လမ်းညွှန်စာအုပ်ကို ကိုးကားပါ။

အူရောင်ခြင်း (pseudomembranous colitits) အတွက်
Clostridium difficile ကြောင့် ဝမ်းလျှောလျှင် —-> ၁၂၅မီလီဂရမ်ကို သောက်ဆေးအဖြစ် တနေ့လျှင်၎ကြိမ် —> ၁၀ရက်တိတိ
Staphylococcus ပိုးကြောင့်အူရောင်လျှင် —-> စုစုပေါင်း ၅၀၀မီလီဂရမ်မှ ၂၀၀၀မီလီဂရမ် အထိကို သောက်ဆေးအဖြစ် တနေ့လျှင် ၃ကြိမ် သို့မဟုတ် ၄ကြိမ် ခွဲသောက်နိုင်သည်—->၇ ရက် မှ ၁၀ရက် အထိ

ဦးနှောက်အမြှေးပါးရောင်ခြင်းအတွက်
15mg-20mg/kg အချိုးအဆနှင့် ၈နာရီသို့မဟုတ် ၁၂နာရီခြားတခါ အကြောသွင်းဆေးအဖြစ် သွင်းပေးရပါမည်။
အသုံးပြုရမည့် ကာလ။ ။၁၀ရက်မှ ၁၄ရက် အထိ သို့မဟုတ် လူနာအဖျားသက်သာပြီး၊ဦးနှောက်နှင့်ကျောရိုးမကြီးအတွင်းရှိအရည်(Cerebro-spinal fluid)စစ်ဆေးမှု ပုံမှန်ရလာဒ်ရရှိပြီးနောက် အနည်းဆုံး၁ပတ်
ကျောရိုးအတွင်း ဆေးထိုးသွင်းခြင်းအတွက် —–>ဆေးကို ကြာရှည်ခံအောင် ပြုလုပ်သည့် ပစ္စည်းများ မပါရှိသော ဆေး ၅-၂၀မီလီဂရမ်ကို ၂၄နာရီခြား တခါ သွင်းပေးရပါမည်။

ဆေးရုံမှတဆင့်ကူးစက်သော နမိုးနီးယား အတွက်
15-20mg/kg အချိုးအဆနှင့် ၈နာရီသို့မဟုတ် ၁၂နာရီခြားတခါ အကြောသွင်းဆေးအဖြစ် သွင်းပေးရပါမည်။

အကယ်၍ ဆေးယဉ်ပါးဘက်တီးရီးယားပိုးကြောင့်ဖြစ်သည်ဟု သံသယရှိပါက ဆေးရုံသို့မဟုတ် အထူးကြပ်မတ်ကုသဆောင်၏ မူလသတ်မှတ်ထားသော (ဘက်တီးရီးယားပိုးအများစုကို နိုင်နင်းသည့်) ပိုးသတ်ဆေးကို ကနဦးပေးရပါမည်။
အသုံးပြုရမည့်ကာလ။ ။ ထပ်မံ၍ပိုးကူးစက်ခံရခြင်းမှ ကာကွယ်ရန် တတ်နိုင်သမျှ အချိန်တိုတိုအတွင်း ပျောက်ကင်းအောင်ကုသရမည်။(ဥပမာ။ တပတ်အတွင်း)

နမိုးနီးယားအတွက်
Methicillin-resistant Staphylococus Areus (MRSA) ဘက်တီးရီးယားအတွက် —–>15-20mg/kg အချိုးအဆနှင့် ၈နာရီသို့မဟုတ် ၁၂နာရီခြားတခါ အကြောသွင်းဆေးအဖြစ် သွင်းပေးရပါမည်။
အသုံးပြုရမည့်ကာလ။ ။ရောဂါ၏ သဘာဝနှင့် ပြင်းထန်မှုအပေါ်မူတည်ပြီး ၁ပတ်မှ ၃ပတ်အထိ

အရိုးထဲပိုးဝင် ရောင်ရမ်းခြင်းအတွက်
15-20mg/kg အချိုးအဆနှင့် ၈နာရီသို့မဟုတ် ၁၂နာရီခြားတခါ အကြောသွင်းဆေးအဖြစ် သွင်းပေးရပါမည်။
အသုံးပြုရမည့်ကာလ။ ။ရောဂါ၏ သဘာဝနှင့် ပြင်းထန်မှုအပေါ်မူတည်ပြီး ၃ပတ်မှ ၆ပတ်အထိ သို့မဟုတ် MRSAကြောင့်ဖြစ်လျှင် အနည်းဆုံး ၈ပတ်။ နာတာရှည် ရောင်ရမ်းခြင်းအတွက် သောက်ဆေးကို နောက်ထပ် ၁လသို့မဟုတ် ၂လ ထပ်မံ သောက်ရန်လိုအပ်သည်။

ဖျားပြီး သွေးဖြူဥတမျိုးအရေအတွက် ကျဆင်းခြင်းအတွက်
15-20mg/kg အချိုးအဆနှင့် ၁၂နာရီခြားတခါ အကြောသွင်းဆေးအဖြစ် သွင်းပေးရပါမည်။
အသုံးပြုရမည့်ကာလ။ ။လူနာ၏ အခြေအနေတည်ငြိမ်ပြီး အဖျားကျသွားသည်မှာ အနည်းဆုံး၂၄နာရီရှိလျှင်၊ သွေးဖြူဥတမျိုး (neutrophil)ပမာဏမှာ 500/mm3 ထက်များလာလျှင်ဖြစ်စေ (ပိုးသတ်ဆေးသောက်ရန်ဆက်လက်လိုအပ်သေးပါက) သောက်ဆေးအဖြစ် ပြောင်းနိုင်သည်။

ကလေးတွေအတွက် Vancomycin (ဗန်ကိုမိုင်စင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဘက်တီးရီးယားပိုးဝင်ခြင်းအတွက်

အသက်၇ရက်ထက်ငယ်ပြီး
—>ကိုယ်အလေးချိန် ၁၂၀၀ဂရမ်ထက် နည်းလျှင် —->15mg/kg ကို ၂၄နာရီခြားတခါ အကြောသွင်းဆေးအဖြစ်
—->ကိုယ်အလေးချိန် ၁၂၀၀ဂရမ်နှင့် ၂၀၀၀ဂရမ်ကြား —–>15mg/kg ကို ၁၂နာရီ သို့မဟုတ် ၁၈နာရီခြား တခါ အကြောသွင်းဆေးအဖြစ်
—->ကိုယ်အလေးချိန် ၂၀၀၀ဂရမ်ထက်ပိုလျှင် —–>15mg/kg ကို ၈နာရီ သို့မဟုတ် ၁၂နာရီခြားတခါ အကြောသွင်းဆေးအဖြစ်

အသက်၇ရက် မှ ၁လအထိ
—>ကိုယ်အလေးချိန် ၁၂၀၀ဂရမ်ထက် နည်းလျှင် —->15mg/kg ကို ၂၄နာရီခြားတခါ အကြောသွင်းဆေးအဖြစ်
—->ကိုယ်အလေးချိန် ၁၂၀၀ဂရမ်နှင့် ၂၀၀၀ဂရမ်ကြား —–>15mg/kg ကို ၈နာရီ သို့မဟုတ် ၁၂နာရီခြား တခါ အကြောသွင်းဆေးအဖြစ်
—->ကိုယ်အလေးချိန် ၂၀၀၀ဂရမ်ထက်ပိုလျှင် —–>15mg/kg ကို ၆နာရီ သို့မဟုတ် ၈နာရီခြားတခါ အကြောသွင်းဆေးအဖြစ်

အသက်၁လမှ ၁၈နှစ်အထိ
—->10-20mg/kg ကို ၆နာရီ သို့မဟုတ် ၈နာရီခြားတခါ အကြောသွင်းဆေးအဖြစ် (စုစုပေါင်း 40-60mg/kg/day)

ထုတ်လုပ်သူများ၏ အကြံပေးချက်အရ အသင့်တော်ဆုံးသော ပမာဏများ။ ။မွေးကင်းစ ကလေးငယ်များတွင် ပထမဆုံး အကြောသွင်းဆေးကို 15mg/kg ဖြင့် စတင်ပေးပါ။ ထို့နောက် 10mg/kg အချိုးအဆဖြင့် ၁၂နာရီခြားတခါကို တပတ်တိတိ ဆက်ပေးပါ။ပြီးလျှင် ၈နာရီခြားတခါကို နောက်ထပ် တစ်လတိတိဆက်လက်ပေးပါ။
အသက်ကြီးသော ကလေးများအတွက် 10mg/kg ကို ၆နာရီခြားတခါ ပေးပါ။

ဘက်တီးရီးယားပိုးကြောင့် နှလုံးရောင်ခြင်းကို ကာကွယ်ရန်
၁လနှင့် အထက် ပင်နီဆလင်နှင့် မတည့်သော ကလေးငယ်များ အတွက် ။ ။20mg/kg ကို အကြောသွင်းဆေးအဖြစ် တကြိမ် (အများဆုံး ၁ဂရမ်အထိသွင်းနိုင်သည် ပြီး မိနစ်၃၀အတွင်း အပြီးသွင်းပါ)
ပိုးကူးစက်ခံရနိုင်ချေများသည့် ကလေးငယ်များအတွက် Gentamicin 1.5mg/kg (အများဆုံး၁၂၀မီလီဂရမ်အထိ) အကြော သို့မဟုတ် အသား ထိုးဆေးအဖြစ် ပေါင်းထည့်နိုင်သည်။

ဝမ်းဗိုက်အတွင်းနံရံကို ကာရံထားသော တစ်ရှူးရောင်ရမ်းခြင်း (Peritonitis) အတွက်
CAPD လူနာများ —->30mg/kgကို ၅ရက်-၇ရက်တခါ ဝမ်းဗိုက်ထဲတိုက်ရိုက် ထိုးထည့်ပေးရပါမည်။

အူရောင်ခြင်းအမျိုးမျိုးအတွက် (Pseudomembranous colitis & enterocolitis)
၁နှစ် မှ ၁၈နှစ်အထိ —-> 40mg/kg/day အချိုးအဆဖြင့် ၃ကြိမ် သို့မဟုတ် ၄ကြိမ် ခွဲပြီး သောက်ဆေးအဖြစ် သောက်နိုင်သည်။ (အများဆုံးပမာဏ = တနေ့လျှင် ၂ဂရမ်)
သောက်သုံးရမည့်ကာလ။ ။ ၇ရက် မှ ၁၀ရက်

ခွဲစိတ်မှု မပြုလုပ်မီ ကြိုတင်ကာကွယ်ခြင်းအတွက်
15mg/kg ကို အကြောထိုးဆေးအဖြစ် တကြိမ် (Gentamicin ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ)။ (ဆေးကို မိနစ်၃၀အတွင်း အပြီး သွင်းရမည်)

Vancomycin (ဗန်ကိုမိုင်စင်) ကိုဘယ်လိုရရှိနိုင်သလဲ

Vancomycin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဖျော်ရည် :500mg/100ml : 750mg/150ml : 1g/200ml

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Vancomycin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 18, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 18, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ