backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Valproic acid ကို တက်ခြင်း အမျိုးမျိုး၊ စိတ်နှစ်ခွ ရောဂါ နှင့် ဆက်စပ်သော စိတ်ကြွခြင်း တို့ကို ကုသရန် သို့မဟုတ် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကာကွယ်ရန် အသုံးပြုသည်။ တစ်ခါတစ်ရံ valproic acid ကို အခြား အတက်ကျဆေးများ ဖြင့် တွဲသုံးပါသည်။

Valproic acid ကို ဆေးလမ်းညွှန်ထဲတွင် စာရင်းမပြုစု ထားသော ရည်ရွယ်ချက်များအတွက်လည်း အသုံးပြုနိုင် သည်။

Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) ဘယ်လိုသောက်သုံးသင့်သလဲ

  • ဤဆေး သောက်နေစဉ် ရေအများကြီး သောက်ပါ။ နေ့စဉ် အရည် လုံလောက်စွာ မရပါက ဆေး အချိုး အစားကို ပြောင်းရန် လိုသည်။
  • ဤဆေးသည် အစာအိမ်အောင့်ခြင်း ဖြစ်စေပါက အစာဖြင့် တွဲသောက်ပါ။
  • ဆေးရည်ကို အထူးပြုလုပ်ထားသော ဆေးပမာဏ တိုင်းသည့် ဇွန်း သို့မဟုတ် ခွက်ဖြင့် တိုင်းပါ။ ဆေး ပမာဏတိုင်းသော ကိရိယာမရှိပါက ဆေးဝါး ကျွမ်းကျင်သူထံမှ တစ်ခုတောင်းပါ။
  • ဆေးတောင့်ကို ဖိခြေခြင်း၊ ချိုးခြင်း၊ ဖွင့်ခြင်း မပြုပါနှင့်။ တစ်ခုလုံးကို မြိုချပါ။
  • Valproic acid သုံးနေစဉ် မကြာခဏ သွေးစစ်ခြင်း လိုအပ်နိုင်သည်။
  • သင်သည် valproic acid စသောက်ကြောင်းကို ဖော်ပြသော သက်သေခံကတ် ချိတ်ဆွဲပါ။ သင့်ကို ကုသသော ဆရာဝန်၊ သွားဆရာဝန် သို့မဟုတ် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်သူသည် သင် အတက်ကျဆေး သောက်နေသည်ကို သိသင့်သည်။
  • Valproic acid သုံးခြင်းကို ရုတ်တရက် မရပ်ပါနှင့်။ သင်သက်သာသွားသည်ဟု ခံစားရသည့်တိုင် မရပ် ပါနှင့်။ ရုတ်တရက် ရပ်ခြင်းသည် ပြင်းထန်သော အသက်အန္တရာယ်စိုးရိမ်ရသည့် တက်ခြင်းကို ဖြစ်စေ နိုင်သည်။ ဆေး အချိုးအစားကို တဖြည်းဖြည်း လျော့ချပြီး ဖြတ်ရန် ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။

Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) ဘယ်လိုသိမ်းဆည်းရမလဲ

Valproic acid ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Valproic acid ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။

Valproic acid တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Valproic acid ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Valproic acid ကို မသုံးမီ သင်သည် အောက်ပါတို့ကို သိသင့် သည်။

  • သင်သည် ကိုယ်ဝန်ရှိပါက ခေါင်းတစ်ခြမ်းကိုက်ခြင်း ကာကွယ်ရန် valproic acid ကို မသုံးပါနှင့်။
  • တက်ခြင်း သို့မဟုတ် စိတ်ကြွခြင်းအတွက် valproic acid သောက်နေရပါက ဆရာဝန် အကြံပြုချက် မရှိဘဲ ကိုယ်ဝန်ဆောင်စဉ် ဆေးကို စသောက်ခြင်း သို့မဟုတ် ရပ်ခြင်း မပြုပါနှင့်။
  • သင့်တွင် အသည်းရောဂါ၊ urea cycle disorder သို့မဟုတ် Alpers’ disease or Alpers-Huttenlocher syndrome ( အထူးသဖြင့် အသက် ၂နှစ်ထက် ငယ်သော ကလေးများတွင်) စသော မျိုးဗီဇ ရောဂါများ ရှိပါက valproic acid မသုံးသင့်ပါ။
  • Valproic acid သည် အသည်းပျက်စီးခြင်းကို ဖြစ်စေ နိုင်သည်။ အထူးသဖြင့် အသက် ၂နှစ်အောက် ကလေးများ နှင့် genetic mitochondrial disorder ကြောင့်ဖြစ်သော အသည်းရောဂါရှိသူများ တွင် သေစေနိုင်သည်။
  • ဤဆေးသောက်နေသော လူတွင် အသည်း သို့မဟုတ် သရက်ရွက် ရောဂါလက္ခဏာများ တွေ့ရ ပါက ဆရာဝန်အား ချက်ချင်း အကြောင်းကြားပါ။ ဥပမာ အစာစားချင်စိတ် မရှိခြင်း၊ အစာအိမ် အပေါ် ပိုင်းအောင့်ခြင်း ( ကျောသို့ ပြန့်နှံ့နိုင်သည်)၊ ပျို့တက်ခြင်း သို့မဟုတ် အော့အန်ခြင်း၊ ဆီးအရောင် မည်းခြင်း၊ မျက်နှာ ရောင်ခြင်း၊ မျက်လုံး၊ အရေပြား ဝါခြင်း တို့ဖြစ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ဤဆေးသည် မမွေးသေးသော ရင်သွေးကို အန္တရာယ်ပြု နိုင်သည်။ မွေးရာပါ ချို့ယွင်းချက်များကို ဖြစ်စေနိုင်သည်။ ကလေး၏ သိမြင်ခြင်း စွမ်းရည် ( အကျိုးသင့် အကြောင်းသင့် စဉ်းစားတွေးခေါ်ခြင်း၊ ညဏ်စွမ်းရည်၊ ပြဿနာ ဖြေရှင်းခြင်း) ကို ထိခိုက်စေနိုင်သည်။

သို့သော်လည်း ကိုယ်ဝန်ဆောင်စဉ် တက်ခြင်းသည် မိခင်ရော ရင်သွေးပါ ထိခိုက်စေနိုင်သည်။ ဆရာဝန် အကြံပြုခြင်း မရှိဘဲ ကိုယ်ဝန်ဆောင်စဉ် valproic acid စတင်သောက်ခြင်း၊ ရပ်ခြင်း မပြုပါနှင့်။

Valproic acid သုံးနေစဉ် ထိရောက်သော ကိုယ်ဝန် ထိန်းချုပ်ခြင်း ကို အသုံးပြုပါ။ သင်ကိုယ်ဝန်ရလာပါက ဆရာဝန်အား ချက်ချင်း အကြောင်းကြားပါ။

ကိုယ်ဝန်ဆောင်စဉ် တက်ခြင်းကို ထိန်းချုပ်ရန် အလွန် အရေးကြီးသည်။ တက်ခြင်းကို ကာကွယ်ခြင်း၏ ကောင်းကျိုး သည် valporic acid သောက်ခြင်းကြောင့်ဖြစ်သော အန္တရာယ်ထက် သာလွန်နိုင်သည်။ ကိုယ်ဝန်ဆောင်စဉ်တွင် ပို၍ ဘေးကင်းစွာ အသုံးပြုနိုင်သော အခြား အတက်ကျဆေးများ ရှိသည်။ ကိုယ်ဝန်ဆောင်စဉ်တွင် valporic acid သောက်ရန်အတွက် ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာပါ။

Valproic acid သည် မိခင်နို့တွင် ဖြတ်သန်းနိုင်ပြီး နို့စို့ ကလေးငယ်ကို ထိခိုက်စေနိုင်သည်။ ဤဆေး အသုံးပြုစဉ် ကလေးနို့တိုက်ခြင်း မပြုပါနှင့်။

ဘေးထွက်ဆိုးကျိုးများ

Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ-

  • မအီမသာဖြစ်ခြင်း
  • အော့အန်ခြင်း
  • အစာအိမ်အောင့်ခြင်း
  • အစာ မကြေခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းလျှောခြင်း
  • အဖျားတက်ခြင်း
  • တုပ်ကွေး လက္ခဏာများ
  • ချောင်းဆိုးခြင်း
  • လည်ချောင်းနာခြင်း
  • နှာချေခြင်း
  • နှာရည်ယိုခြင်း
  • စိတ်မငြိမ်ခြင်း
  • စိတ်ဓါတ်ကျခြင်း
  • အိပ်စက်မှု ပြဿနာများ ( အိပ်မပျော်ခြင်း)
  • ခေါင်းကိုက်ခြင်း
  • မူးဝေခြင်း
  • ငိုက်မျဉ်းခြင်း
  • မှတ်ညဏ် ပြဿနာများ
  • အဖုအပိမ့်ထွက်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • အညိုမဲစွဲခြင်း
  • အားနည်းခြင်း
  • တုန်ရီခြင်း
  • မျှခြေထိန်းခြင်း သို့မဟုတ် လမ်းလျှောက်ခြင်း ပြဿနာများ
  • လက် သို့မဟုတ် ခြေထောက်ရောင်ခြင်း
  • အမြင်အာရုံ ပြဿနာများ
  • နားအူခြင်း
  • အစာစားချင်စိတ် ပြောင်းလဲခြင်း
  • ကိုယ်အလေးချိန် တက်ခြင်း

အောက်ပါ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပါက ဆရာဝန်အား ချက်ချင်း အကြောင်းကြားပါ။

  • စိတ်ရှုပ်ထွေးခြင်း
  • မောပန်းခြင်း
  • ချမ်းအေးခြင်း
  • အော့အန်ခြင်း
  • စိတ်အခြေအနေ ပြောင်းလဲခြင်း
  • အညိုမဲစွဲလွယ်ခြင်း
  • ပုံမှန်မဟုတ်ဘဲ သွေးထွက်ခြင်း ( နှာခေါင်း၊ ပါးစပ် သို့မဟုတ် သွားဖုံး)
  • အရေပြားတွင် ခရမ်းရောင် သို့မဟုတ် အနီရောင် အစက်များ
  • ပြင်းထန်စွာ ငိုက်မျဉ်းခြင်း
  • တက်ခြင်း ပိုဆိုးလာခြင်း
  • သင့်ခန္ဓါကိုယ်တွင် ရောင်ရမ်းသည့် လက္ခဏာများ ( ဂလန်းများ ရောင်ခြင်း၊ တုပ်ကွေး လက္ခဏာများ၊ ပြင်းထန်စွာ ကျိန်းစပ်ခြင်း သို့မဟုတ် ထုံခြင်း၊ ကြွက်သား အားနည်းခြင်း၊ ရင်ဘတ်နာခြင်း၊ ချောင်း ဆိုးခြင်း၊ အဖျားတက်ခြင်း၊ အသက်ရှူခက်ခြင်း)
  • ပြင်းထန်သော အရေပြား တုံ့ပြန်မှုများ ( အဖျားတက် ခြင်း၊ လည်ချောင်းနာခြင်း၊ မျက်နှာ သို့မဟုတ် လျှာ ရောင်ရမ်းခြင်း၊ မျက်လုံး ပူခြင်း၊ အရေပြားနာခြင်း၊ အနီ သို့မဟုတ် ခရမ်းရောင် အရေပြား အဖုများ ထွက်လာပြီး အရေပြားဖောင်းကြွခြင်း၊ အလွှာလိုက် ကွာခြင်းကို ဖြစ်စေသည်)
  • အသည်း သို့မဟုတ် သရက်ရွက် ရောဂါလက္ခဏာ များ ( အစာစားချင်စိတ် မရှိခြင်း၊ အစာအိမ် အပေါ် ပိုင်းအောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဆီးအရည် မည်းခြင်း၊ မျက်နှာ ရောင်ခြင်း၊ အသား ဝါခြင်း)

ရောဂါလက္ခဏာ အသစ်များ သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန်အား အကြောင်းကြားပါ။ ဥပမာ- စိတ် ခံစားမှု၊ အပြုအမှု ပြောင်းလဲခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ် ပူပန်ခြင်း၊ အနားမနေခြင်း၊ အလွန် တက်ကြွခြင်း ( စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ) သို့မဟုတ် သေကြောင်းကြံရန် သွေးခြင်း၊ မိမိကိုယ်ကို အန္တရာယ်ပြုရန် တွေးခြင်း တို့ဖြစ်သည်။

ဓါတ်မတည့်သည့် လက္ခဏာများ ဖြစ်လာပါက အရေးပေါ် ကျန်းမာရေး အကူအညီ ရယူပါ။ ( အပ်ပျဉ်၊ အဖျားတက်ခြင်း၊ ဂလန်းရောင်ခြင်း၊ ပါးစပ် အနာ၊ အသက်ရှူ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း)

၎င်းသည် ဘေးထွက်ဆိုးကျိုးများ အပြည့်အစုံ မဟုတ်ပါ။ အခြားလည်း ဖြစ်ပွားနိုင်သည်။ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်ပြီး ကျန်းမာရေး အကြံညဏ် ရယူရန် ဆရာဝန် အား ခေါ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Valproic acid သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။

ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလား

Valproic acid သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Valporic acid သည် သင့်အတွက် ဘေးကင်းကြောင်း သေချာစေရန် သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • Genetic mitochondrial disorder ကြောင့်ဖြစ်သော အသည်းရောဂါများ
  • စိတ်ဓါတ်ကျခြင်း၊ စိတ်မကျန်းမာခြင်း၊ သေကြောင်း ကြံရန် အတွေးများ သို့မဟုတ် ဆောင်ရွက်မှုများ ရှိဖူးခြင်း
  • Urea cycle disorder သို့မဟုတ် အကြောင်းရင်း မသိဘဲ မွေးကင်းစ ကလေး သေဆုံးခြင်း စသည်တို့ မိသားစု မှတ်တမ်း ရှိခြင်း
  • HIV သို့မဟုတ် CMV (cytomegalovirus) ရောဂါပိုး ကူးစက်ခြင်း

ဆရာဝန်သည် သင် ဤဆေးသောက်နေစဉ်အတွင်း သင်၏ တိုးတက်မှုကို ပုံမှန်စစ်ဆေးရန် လိုအပ်သည်။ သင့် မိသားစုနှင့် အခြား စောင့်ရှောက်သူများသည် သင့် စိတ်နေ စိတ်ထားနှင့် လက္ခဏာများ ပြောင်းလဲခြင်းကို သတိပြု၍ စောင့်ကြည့်သင့်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ဝက်ရူးပြန်ရောဂါ အတွက် ပုံမှန် ဆေးအချိုးအစား

Complex partial seizures:

  • အစပိုင်း ဆေးအချိုးအစား။ တစ်နေ့လျှင် သောက်ဆေး သို့မဟုတ် ထိုးဆေး ၁၀-၁၅ မီလီဂရမ်/ကီလိုဂရမ်။ သွေးကြောသွင်း ထိုးသော ဆေး ပမာဏကို ခွဲ၍ ပေးနိုင်သည်။ တုံ့ပြန်မှုအပေါ် မူတည်၍ တစ်ပတ်လျှင် ၅-၁၀ မီလီဂရမ်/ ကီလိုဂရမ် တိုးပေးနိုင်သည်။
  • ဆက်လက်ထိန်းသော ဆေးအချိုးအစား။ တစ်နေ့လျှင် ၁၀-၆၀ မီလီဂရမ်/ကီလိုဂရမ် ကို ဆေး ပမာဏခွဲ၍ ပေးနိုင်သည်။

Simple and complex absence seizures:

  • အစပိုင်း ဆေးအချိုးအစား။ တစ်နေ့လျှင် သောက် ဆေး သို့မဟုတ် သွေးကြောတွင်း ထိုးဆေး ၁၅ မီလီ ဂရမ်/ကီလိုဂရမ် ။ သွေးကြောတွင်းထိုးသော ဆေး ပမာဏကို ခွဲ၍ ပေးနိုင်သည်။ တစ်ပတ်အကြာတွင် တက်ခြင်းအား ထိန်းနိုင်မှုနှင့် ခံနိုင်ရည်အပေါ် မူတည်ပြီး တစ်နေ့လျှင် ၅-၁၀ မီလီဂရမ်/ကီလိုဂရမ် တိုးပေးနိုင်သည်။
  • အများဆုံး ပမာဏ။ တစ်နေ့လျှင် ၆၀ မီလီဂရမ်/ ကီလိုဂရမ်
  • စိတ်ကြွရောဂါအတွက် ပုံမှန် ဆေးအချိုးအစား

Delayed-release capsules:

  • အစပိုင်း ဆေးအချိုးအစား။ တစ်နေ့လျှင် ၇၅၀ မီလီ ဂရမ် သောက်ဆေးဖြစ်သည်။ ဆေးပမာဏကို ခွဲ၍ ပေးနိုင်သည်။
  • အများဆုံး ဆေးပမာဏ။ တစ်နေ့လျှင် ၆၀ မီလီဂရမ်/ ကီလိုဂရမ် သောက်ဆေး
  • ကြာချိန်။ ၃ပတ်နောက်ပိုင်းတွင် ဘေးကင်းမှုနှင့် အကျိုးရှိမှုကို အတည်ပြုထားခြင်းမရှိပါ။
  • ခေါင်းတစ်ခြမ်းကိုက်ခြင်း ကာကွယ်ရန်အတွက် ပုံမှန် ဆေး အချိုးအစား
  • Delayed release oral capsules

    အစပိုင်း ဆေးအချိုးအစား။ ၂၅၀ မီလီဂရမ် သောက်ဆေး တစ်နေ့ နှစ်ကြိမ်

    ကလေးတွေအတွက် Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    • ဝက်ရူးပြန်ရောဂါအတွက် ပုံမှန် ဆေးအချိုးအစား ( အသက် ၁၀ နှစ် နှင့် အထက်)

    Complex partial seizures:

    • အစပိုင်း ဆေးအချိုးအစား။ တစ်နေ့လျှင် သောက်ဆေး သို့မဟုတ် ထိုးဆေး ၁၀-၁၅ မီလီဂရမ်/ကီလိုဂရမ်။ သွေးကြောသွင်း ထိုးသော ဆေး ပမာဏကို ခွဲ၍ ပေးနိုင်သည်။ တုံ့ပြန်မှုအပေါ် မူတည်၍ တစ်ပတ်လျှင် ၅-၁၀ မီလီဂရမ်/ ကီလိုဂရမ် တိုးပေးနိုင်သည်။
    • ဆက်လက်ထိန်းသော ဆေးအချိုးအစား။ တစ်နေ့လျှင် ၁၀-၆၀ မီလီဂရမ်/ကီလိုဂရမ် ကို ဆေး ပမာဏခွဲ၍ ပေးနိုင်သည်။
    • အများဆုံး ဆေးပမာဏ။ တစ်နေ့လျှင် ၆၀ မီလီဂရမ်/ ကီလိုဂရမ်

    Simple and complex absence seizures:

    • အစပိုင်း ဆေးအချိုးအစား။ တစ်နေ့လျှင် သောက် ဆေး သို့မဟုတ် သွေးကြောတွင်း ထိုးဆေး ၁၅ မီလီ ဂရမ်/ကီလိုဂရမ် ။ သွေးကြောတွင်းထိုးသော ဆေး ပမာဏကို ခွဲ၍ ပေးနိုင်သည်။ တစ်ပတ်အကြာတွင် တက်ခြင်းအား ထိန်းနိုင်မှုနှင့် ခံနိုင်ရည်အပေါ် မူတည်ပြီး တစ်နေ့လျှင် ၅-၁၀ မီလီဂရမ်/ကီလိုဂရမ် တိုးပေးနိုင်သည်။
    • အများဆုံး ပမာဏ။ တစ်နေ့လျှင် ၆၀ မီလီဂရမ်/ ကီလိုဂရမ်

    Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) ကိုဘယ်လိုရရှိနိုင်သလဲ

    Valproic acid ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။

    • Valproic acid ဆေးပြား ၂၅၀ မီလီဂရမ်

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Valproic acid သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement