backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Truvada

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Truvada ကို ဘာအတွက်အသုံးပြုကြသလဲ

Truvada® ကို AIDS ရောဂါကိုဖြစ်စေသော HIV ပိုးရောဂါအားကုသရာတွင်အများဆုံးအသုံးပြုပါသည်။ ဤဆေးသည် HIV (AIDS) ကိုအရှင်းပျောက်စေသည်မဟုတ်ပါ။ သို့သော် အသက် ၁၂ နှစ်ထက် (ကိုယ်အလေးချိန် 17 kg အထက်) ကလေးများနှင့် အရွယ်ရောက်ပြီးသူများတွင် HIV အတွက် အသုံးပြုပါသည်။

HIV ပိုးမကူးစေရန် Truvada®ကိုစိတ်ချရသည့်လိင်ဆက်ဆံမှုနှင့်တွဲ၍ အသုံးပြုရပါမည်။ ထိုအသုံးအတွက်ဆိုပါက HIV negative ဖြစ်မှသာသုံးနိုင်ပါမည်။ လူတိုင်းတွင် ကာကွယ်မှုအပြည့်အ၀ ရနိုင်မည်တော့မဟုတ်ပါ။

Truvada ဘယ်လိုသောက်သုံးသင့်သလဲ

Truvada®ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းအတိအကျသုံးစွဲပါ။ အညွှန်းစာတွင်ပါသမျှကိုလိုက်နာရမည်။ ညွှန်ကြားထားသည့် ပမာဏပိုသောက်ခြင်းလျော့သောက်ခြင်း၊ အချိန်တိုးသောက်ခြင်းများမလုပ်ရပါ။

ဆေးကိုအစာရှိရှိမရှိရှိသောက်နိုင်ပါသည်။

Truvada® မှ အာနိသင်အကောင်းဆုံးရစေရန် မှန်မှန်သောက်ပါ။ ဆေးမကုန်ခင် ကြိုတင်ထပ်ဝယ်ပါ။

Truvada®ကိုသုံးနေစဉ် မကြာခဏသွေးစစ်တာမျိုးလုပ်ရပါလိမ့်မည်။ ကျောက်ကပ်နှင့်၊ အသည်းလုပ်ငန်းစဉ်စစ်ခြင်း၊ အရိုးတွင်းသတ္တုဓါတ် စစ်ဆေးခြင်းများကိုလုပ်ရန် လိုနိုင်ပါသည်။

သင့်၌ အသည်းရောင်ဘီပိုးရှိပါကဆေးရပ်လိုက်သည်နှင့် အသည်းလက္ခဏာများစပေါ်လာနိုင်ပါသည်။ ဆေးရပ်ပြီးလပေါင်းများစွာကြာမှ ပေါ်သည်မျိုးလည်းဖြစ်နိုင်၏။ Truvada®နားပြီးနောက် လများစွာကြာသည့်တိုင် အသည်းလုပ်ငန်းစဉ်စစ်ဆေးခြင်းကိုဆက်လုပ်ရနိုင်ပါသည်။

HIV(AIDS) ကိုများသောအားဖြင့် ပေါင်းစပ်ဆေးများဖြင့်ကုသရ၏။ ဆရာဝန်မှ ညွှန်ကြားထားသောဆေးအားလုံးကိုသုံးစွဲရပါမည်။ ဆေးတစ်ခုချင်းစီအလိုက်ပါသောလူနာလမ်းညွှန်ကိုသေချာဖတ်ပါ။ ဆရာဝန်မှအကြံမပြုဘဲ ဆေးပမာဏပြောင်းခဲခြင်း၊ ဆေးသောက်ချိန်ပြောင်းခြင်းများမပြုလုပ်ရပါ။ HIV (AIDS) ရှိသူတိုင်း ဆရာဝန်ကြီးကြပ်မှုအောက်တွင်ရှိရမည်။

Truvada ဘယ်လိုသိမ်းဆည်းရမလဲ

Truvada® (emtricitabine and tenofovir)ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Truvada® (emtricitabine and tenofovir)ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Truvada® (emtricitabine and tenofovir)ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Truvada® (emtricitabine and tenofovir)အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Truvada အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသုံးစွဲသုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Truvada®တွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
  • Emtricitabineသို့မဟုတ် Tenofovirတို့နှင့် ဓါတ်မတည့်ပါကTruvada®ကိုမသုံးသင့်ပါ။ emtricitabine, tenofovir, lamivudine သို့မဟုတ် adefovirတို့ပါသောဆေးများ (ဥပမာ -Atripla, Combivir, Complera, Descovy, Emtriva, Epivir, Epzicom, Genvoya, Hepsera, Odefsey, Stribild, Triumeq, Trizivir, or Viread) ကိုသုံးနေရပါကဤဆေးကိုမသုံးပါနှင့်။

    HIV positive ဖြစ်ခြင်း၊ HIV ပိုးနှင့်ပြီးခဲ့သည့်လပိုင်း၌ ထိတွေ့ထားခြင်း၊ (ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ညချွေးထွက်ခြင်း၊ ဂလင်းများရောင်ခြင်း၊ ဝမ်းလျှောခြင်း၊ ခန္ဓါကိုယ်ကိုက်ခဲခြင်း) စသည့်လက္ခဏာများဖြစ်နေခြင်းတို့ဆိုပါကTruvada®ကိုရောဂါဖြစ်နိုင်ချေကိုလျော့ချရန် ရည်ရွယ်ချက်နှင့် မသုံးသင့်ပါ။

    HIV ပိုးကူးနိုင်ချေကိုလျော့ချရန်အတွက် ဆေးကိုမသောက်ခင် HIV စစ်ဆေးရာ၌ negative ဖြစ်ရမည်။ ဆေးကုသနေစဉ်တွင်း ၃ လခြားတိုင်း HIV ရှိမရှိစစ်ဆေးရန်လိုသည်။

    Truvada®သောက်သူတစ်ချို့တွင် Lactic acidosis ခေါ်သောပြင်းထန်သည့်အခြေအနေတစ်မျိုး ဖြစ်တတ်ပါသည်။ အမျိုးသမ်းများ၊ အဝလွန်သူများ၊ အသည်းရောဂါရှိသူများ၊ တခြားသော HIV (AIDS) ဆေးများကိုကာလကြာရှည်သောက်ထားဖူးသူများစသည်တို့တွင် အဖြစ်များ၏။ ဖြစ်နိုင်ချေနှင့်ပါတ်သတ်၍သိလိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

    ကိုယ်ဝန်ဆောင်စဉ် ကုသမှုကောင်းကောင်းမလုပ်ပါက HIV သည် ကလေးဆီကိုကူးတတ်ပါသည်။ ရောဂါပိုးအားထိန်းချုပ်ရန်အတွက် HIV ဆေးများအားလုံးကိုသုံးစွဲရမည်။

    HIV ကာကွယ်ရန်၊ ကုသရန်အတွက် Truvada®ကိုသုံးနေပါက နို့မတိုက်ရပါ။ HIV (AIDS) ရှိသူအမျိုးသမီးများကလည်းကလေးကိုနို့မတိုက်ရပါ။ ကလေးမှာ HIV ပိုးမပါဘဲမွေးလာသည့်တိုင် နို့ရည်ထဲမှ ကလေးဆီကိုကူးသွားနိုင်ပါသည်။

    Truvada®ကိုအသက် ၁၂ နှစ်အောက်ကလေးများ၌ အသုံးပြုရန် ခွင့်မပြုထားပါ။ ကလေးကိုယ်အလေးချိန် ၃၇ ပေါင်ရှိမှသာဤဆေးကိုပေးရမည်။

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Truvada ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Bရှိသည်ဟုသတ်မှတ်ထားသည်။

    အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
    • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
    • N=အခြေအနေကိုမသိရသေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Truvada ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    ဓါတ်မတည့်သည့်လက္ခဏာများ – အင်ပျဉ်ထခြင်း၊ အသက်ရှူရ စကားပြောရခက်ခြင်း၊ မျက်နှာ၊ ပါးစပ်၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့ ဖောင်းကြွလာခြင်းစသည်တို့ဖြစ်လာပါကအရေးပေါ်ဆေးကုသမှု ခံယူပါ။

    Lactic acidosis ၏ လက္ခဏာများမှာအချိန်ကြာသည်နှင့် တဖြည်းဖြည်းဆိုးလာပြီးသေသည်အထိဖြစ်နိုင်ပါသည်။ အပျော့စားလက္ခဏာများဖြစ်သော ကြွက်သားနာခြင်း၊ အားနည်းခြင်း၊ ခြေလက်များထုံခြင်း၊ အေးစက်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ခေါင်းမူးခြင်း၊ အားနည်းသလိုပင်ပန်းသလိုခံစားရခြင်းတို့ဖြစ်လာသည့်တိုင် အရေးပေါ်ဆေးကုသမှု ခံယူရမည်။

    အောက်ပါတို့ဖြစ်လာပါက ဆရာဝန်နှင့်ချက်ချင်းပြပါ။

    • ရုတ်တရတ် ပုံမှန်မဟုတ်ဘဲအရိုးနာခြင်း
    • ကျောက်ကပ်ပြဿနာများ – ဆီးအထွက်နည်းခြင်း၊ ဆီးမထွက်ခြင်း၊ ဆီးသွားရခက်ခြင်း၊ ဆီးသွားလျှင်နာခြင်း၊ ခြေထောက်ခြေကျင်းဝတ်များ ဖောရောင်ခြင်း၊ မောပန်းသလိုအသက်ရှူမဝသလို ခံစားရခြင်း
    • အသည်းပြဿနာများ – ပျို့ခြင်း၊ ဗိုက်ဖောခြင်း၊ ဗိုက်အပေါ်ပိုင်းနာခြင်း၊ ယားခြင်း၊ ပုံမှန်မဟုတ်ဘဲမောပန်းနေခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ရွှံ့စေးရောင်ဝမ်းများ သွားခြင်း၊ မျက်လုံးနှင့်အသားဝါခြင်း

    Truvada®သည် ကိုယ်ခံစနစ်အလုပ်လုပ်ပုံကိုပြောင်းလဲပစ်သောကြောင့် တစ်ချို့သောပိုးရောဂါများ၊ ကိုယ်ခံအားမှပြန်တိုက်သောရောဂါများပိုဖြစ်လာနိုင်ပါသည်။ Truvada®သောက်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်း၊ လပိုင်းအတွင်းလက္ခဏာများပြတတ်သည်။ အောက်ပါတို့ရှိလာပါက ဆရာဝန်ကိုပြောပါ။

    • ပိုးဝင်သည့်လက္ခဏာများ – ဖျားခြင်း၊ ညအချိန်ချွေးပြန်ခြင်း၊ ဂလင်းများရောင်ခြင်း၊ ပါးစပ်တွင်အနာများဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ဝိတ်ကျခြင်း
    • ရင်ဘတ်အောင့်ခြင်း (အထူးသဖြင့် အသက်ရှူလိုက်လျှင်)၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှူမဝသလို ခံစားရခြင်း
    • Cold sore များ၊ လိင်အင်္ဂါနှင့် စအိုတဝိုက် အနာများဖြစ်ခြင်း
    • နှလုံးခုန်မြန်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ အားနည်းခြင်း၊ ကိုယ်ဟန်မထိန်းနိုင်ခြင်း၊ မျက်လုံးပြဿနာများဖြစ်ခြင်း
    • စကားပြောရ၊ မျိုချရခက်ခြင်း၊ ပြင်းပြင်းထန်ထန်ကျောနာခြင်း၊ ဆီးအိမ် အစာဟောင်းအိမ်မထိန်းနိုင်ခြင်း
    • လည်ပင်းတွင် အကြိတ်ဖြစ်ခြင်း၊ ရာသီသွေးပြောင်းလဲခြင်း၊ မြုံခြင်း၊ လိင်ကိစ္စစိတ်မဝင်စားခြင်း

    အဖြစ်များသောဘေးထွက်ဆိုးကျိုးများ

    • ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ စိတ်ကျခြင်း၊ မောပန်းခြင်း
    • အိပ်မပျော်ခြင်း၊ ထူးဆန်သောအိပ်မက်များမက်ခြင်း
    • ဗိုက်နာခြင်း
    • ဝိတ်ကျခြင်း
    • အကွက်ထခြင်း

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Truvada နဲ့ ဓါတ်ပြုနိုင်သလဲ

    Truvada® (emtricitabine and tenofovir)သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။

    ဤဆေးနှင့်ဓါတ်ပြုနိုင်သောဆေးကုန်များမှာ

    • ကင်ဆာဆေးများ၊ ပဋိဇီဝထိုးဆေးများ၊ အရိုးပွရောဂါထိုးဆေးများ၊ အူလမ်းကြောင်းရောဂါထိုးဆေးများ၊ အင်္ဂါအစားထိုးကုသခြင်းအတွက်ပေးသောဆေးများ
    • အသည်းရောင်စီပိုးအားကုသရန်ဆေးများ – ledipasvir, sofosbuvir, velpatasvir
    • တခြားသော HIV ဆေးများ – atazanavir, darunavir, didanosine, lopinavir, ritonavir
    • အဆစ်နာနှင့်အကိုက်အခဲပျောက်ဆေးများ – aspirin, Tylenol, Advil, Aleve

    အစားအသောက်တွေနဲ့ အရက်က Truvada နဲ့ ဓါတ်ပြုနိုင်သလား

    Truvada® (emtricitabine and tenofovir) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Truvada နဲ့ ဓါတ်ပြုနိုင်သလဲ

    Truvada® (emtricitabine and tenofovir)သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

    ဤဆေးနှင့်ဓါတ်ပြုနိုင်သောရောဂါများ

    • အသည်းနှင့်ကျောက်ကပ်ရောဂါ
    • Osteopenia (အရိုးတွင်းသတ္တုဓါတ်သိပ်သည်းဆနည်းခြင်း)
    • အသည်းရောင်ဘီပိုး

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Truvada ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အရွယ်ရောက်ပြီးသူများနှင့် ကိုယ်အလေးချိန် ၃၅ ကိလိုနှင့်အထက် ကလေးများအတွက် HIV-1 အားကုသရန်ပုံမှန်ပမာဏ

    ထောက်ခံချက်ပေးထားသောပမာဏမှာ (emtricitabine 200 mg နှင့် tenofovirdisoproxilfumarate 300 mg ပါသော) ဆေးတစ်ပြားကိုတစ်ရက်လျှင်တစ်ကြိမ် အစာရှိရှိမရှိရှိသောက်နိုင်ပါသည်။

    ကိုယ်အလေးချိန် ၁၇ကီလိုနှင့်အထက် ဆေးမျိုချနိုင်သောကလေးများအတွက် HIV-1 အားကုသရန်ပုံမှန်ပမာဏ

    ထောက်ခံချက်ပေးထားသောပမာဏမှာ(emtricitabine [FTC]/tenofovirdisoproxilfumarate [TDF]) (ကိုယ်အလေးချိန်အလိုက် 167 mg/250 mg, 133 mg/200 mg, or 100 mg/150 mg) ပြင်းအားနည်းTruvada®ဆေးတစ်ပြားကိုတစ်ရက်လျှင်တစ်ကြိမ် အစာရှိရှိမရှိရှိသောက်နိုင်ပါသည်။

    ပိုးနှင့်မထိတွေ့ခင် ကြိုတင်ကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

    HIV-1 ပိုးမရှိသောအရွယ်ရောက်ပြီးသူလူနာများအတွက် ထောက်ခံချက်ပေးထားသောပမာဏမှာ (emtricitabine 200 mg နှင့် tenofovirdisoproxilfumarate 300 mg ပါသော) ဆေးတစ်ပြားကိုတစ်ရက်လျှင်တစ်ကြိမ် အစာရှိရှိမရှိရှိသောက်နိုင်ပါသည်။

    ကလေးတွေအတွက် Truvada ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

    Truvada ကိုဘယ်လိုရရှိနိုင်သလဲ

    Truvada® (emtricitabine and tenofovir)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    • (emtricitabine 200 mg နှင့် tenofovirdisoproxilfumarate 300 mg ပါသော) Film coated ဆေးပြား

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Truvada® (emtricitabine and tenofovir)ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement