Trolamine Salicylate ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Trolamine Salicylate Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Trolamine Salicylate ကို ဘာအတွက်အသုံးပြုကြသလဲ

Trolamine Salicylate Cream ကို ကြွက်သားနှင့်အဆစ်နာခြင်း (အဆစ်ရောင်ခြင်း၊ နောက်ကျောနာခြင်း၊ ဒဏ်ဖြစ်ခြင်း) နှင့် ကိုက်ခဲမှုများတွင်အများဆုံးအသုံးပြုကြသည်။

Trolamine Salicylate ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို အရေပြားတွင်သာသုံးရပါမည်။ မျက်လုံးထဲသို့မဝင်အောင်၊ နှာခေါင်း၊ ပါးစပ်၊ မိန်းမကိုယ်အတွင်းမဝင်အောင် ဂရုစိုက်ပါ။ အဆိုပါနေရာများသို့ ဆေးဝင်သွားပါက ရေများများနှင့် ဆေးပစ်ရမည်။

ဆေးကို ဖြစ်သည့်နေရာအား တစ်ရက် ၃-၄ ကြိမ်ထက် မပိုဘဲ လိမ်းမည်။ ညှင်ညှင်သာသာနှင့် သမအောင် ပွတ်လိမ်းပါ။ ဆေးလိမ်းပြီးပါက လက်ဆေးရမည်။ လက်ကိုလိမ်းသည်ဆိုပါက မလိုပါ။

ဆေးကို ပေါက်ပြဲကျိန်းစပ်နေသည့်အရေပြားကို မလိမ်းရပါ။ ဆေးလိမ်းပြီးနောက် ပတ်တီးစည်းခြင်း၊ ကြပ်စည်းခြင်းများ (ကြပ်ပူထိုးခြင်း) မလုပ်ရပါ။ ထိုသို့လုပ်ခြင်းက ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေပါသည်။ အသေးစိတ်အတွက် ဆေးဝါးကျွမ်းကျင်ကိုမေးပါ။

အခြေအနေများ ၇ ရက်အတွင်းသက်သာမလာလျှင်၊ ပိုဆိုးလာလျှင်၊ ပြန်ပြန်ဖြစ်လာလျှင် ဆရာဝန်ကိုပြောပါ။ ပြင်းထန်သည့်ကျန်းမာရေအခြေအနေဖြစ်နေပြီဟု ထင်မိပါက ဆေးကုသမှုခံယူပါ။

Trolamine Salicylate ဘယ်လိုသိမ်းဆည်းရမလဲ

Trolamine Salicylate Cream ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Trolamine Salicylate Cream ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Trolamine Salicylate Cream ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Trolamine Salicylate Cream အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Trolamine Salicylate အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာ သုံးစွဲသုံးရမည်ဖြစ်သည်။
  • တခြားဆေးများကို သုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများ ဥပမာ အပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Trolamine တွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသော ဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
  • ပန်းနာရင်ကြပ်ရှိလျှင်၊ နှာခေါင်းတွင်း အသာပိုရှိလျှင်။

သင်သုံးနေသည့်ဆေးများ (ညွှန်၍သောက်သောဆေး၊ အညွှန်းစာမလိုဘဲသောက်နိုင်သည့်ဆေးများနှင့် ဘယဆေးများ) အားလုံးကို ဆရာဝန် သို့မဟုတ် သွားဆရာဝန်အားပြောထားပါ။

ဤဆေးသည် အက်စ်ပရင်နှင့်တူ၏။ ကလေးများ၊ ဆယ်ကျော်သက်များတွင် ရေကျောက်၊ တုပ်ကွေး၊ ရောဂါအတည်မပြုရသေးသည့်အခြေအနေ၊ လက်တလောကမှ ကာကွယ်ဆေးထိုးထားခြင်း စသည်တို့ရှိပါက ဤဆေးကိုမသုံးရပါ။ Reye’s syndrome (ရှားပါးပြင်းထန်သည့်ရောဂါ) ဖြစ်လာနိုင်ပါသည်။

ကိုယ်ဝန် ပထမ ၆ လတွင် ဤဆေးကို အမှန်တကယ်လိုအပ်မှသာသုံးရမည်။ နောက် ၃ လတွင်တော့ အသုံးပြုရန် မထောက်ခံပါ။ သန္ဓေသားတွင်းအန္တရာယ်ရှိစေနိုင်သလို ရိုးရိုးမွေးရာတွင် ပြဿနာများဖြစ်လာနိုင်ပါသည်။ ကောင်းကျိုးဆိုးကျိုးများသိရန်အတွက် ဆရာဝန်နှင့် ဆွေးနွေးပါ။

ဆေးသည် နို့ရည်ထဲသို့ဖြတ်နိုင်မဖြတ်နိုင်မသိရပါ။ နို့တိုက်ကျွေးမှုမစခင် ဆရာဝန်နှင့်အရင်တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Trolamine Salicylate ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Trolamine Salicylate ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများဖြစ်သော လိမ်းသည့်နေရာ၌ အရည်ကြည်ဖုထခြင်း၊ အရေပြားကွာခြင်း၊ နီခြင်း၊ စပ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ နားအူခြင်းများဖြစ်လာပါက ဆေးကိုရပ်ပြီး ဆရာဝန်နှင့်ပြသပါ။

ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာ ရှား၏။ သို့သော် အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါက အရေးပေါ်ကုသမှုများ ခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Trolamine Salicylate နဲ့ ဓါတ်ပြုနိုင်သလဲ

Trolamine Salicylate Cream သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်း စသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Trolamine Salicylate နဲ့ ဓါတ်ပြုနိုင်သလား

Trolamine Salicylate Cream က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Trolamine Salicylate နဲ့ ဓါတ်ပြုနိုင်သလဲ

Trolamine Salicylate Cream သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Trolamine Salicylate ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဖြစ်သည့်နေရာအား တစ်ရက်လျှင် ၃-၄ ကြိမ် လိမ်းနိုင်ပါသည်။

ကလေးတွေအတွက် Trolamine Salicylate ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကို အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Trolamine Salicylate ကိုဘယ်လိုရရှိနိုင်သလဲ

Trolamine Salicylate Cream ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • လိမ်းဆေးခရင်မ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Trolamine Salicylate Cream ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 15, 2019