Triderm (ထရိုင်ဒမ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Triderm (ထရိုင်ဒမ်) Brand Name(s): Triderm (ထရိုင်ဒမ်).

အသုံးပြုပုံများ

Triderm (ထရိုင်ဒမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Triderm® Creamကိုအရေပြားအခြေအနေအမျိုးမျိုး (နှင်းခူ၊ အရေပြားရောင်ရမ်းနာ၊ ဓာတ်မတည့်ခြင်း၊ အကွက်ထခြင်း) များအတွက်သာအများဆုံးအသုံးပြုကြသည်။ Triamcinolone သည် အဆိုပါအခြေအနေများတွင်ဖြစ်တတ်သည့် ရောင်ခြင်း၊ ယားခြင်းနှင့် နီခြင်းများကိုလျော့ချပေးနိုင်၏။

ဤဆေးမှာအလတ်စားမှအပြင်းစား corticosteroid တစ်မျိုးဖြစ်သည်။ Potency သည် သင်သုံးသည့်ဆေး ပြင်းအား၊ ပုံစံတို့အပေါ်မူတည်ပါသည်။ Potency အသေးစိတ်ကိုသိလိုပါက ဆေးဝါးကျွမ်းကျင်ကိုမေးပါ။

Triderm (ထရိုင်ဒမ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကိုအရေပြားတွင်သာလိမ်းပါ။ မျက်နှာ၊ ပေါင်ခြံ၊ ချိုင်းတို့တွင် ဆရာဝန်မှမညွှန်ဘဲ မလိမ်းရ။

လက်ကိုဆေးပါ။ ဆေးမလိမ်းခင် ဖြစ်သည့်နေရာကိုသန့်ရှင်းခြောက်သွေ့အောင်လုပ်ပါ။ ဆေးပါးပါးလေးကိုညင်ညင်သာသာလေးလိမ်းပါ။ များသောအားဖြင့် တစ်ရက်လျှင် ၂-၄ ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်သည့်အတိုင်းလိမ်းပါ။ ဆရာဝန်မှ မညွှန်ကြားလျှင် ဆေးလိမ်းပြီးနောက် ဖြစ်သည့်နေရာကိုဖုံးထားခြင်း၊ ပတ်တီးစီးခြင်း၊ ကြပ်စည်းခြင်းများမလုပ်ရ။ ကလေးများတွင် Diaper နေရာများ၌သုံးမည်ဆိုပါက Diaper အကြပ်များနှင့် ပလက်စတစ်ဘောင်းဘီများကိုမသုံးပါနှင့်။

ဆေးလိမ်းပြီးနောက်လက်ကိုလိမ်းရသည်မျိုးမဟုတ်ပါကလက်ဆေးပါ။ ဆေးကို မျက်လုံးတစ်ဝိုက် လိမ်းမည်ဆိုပါက မျက်လုံးထဲမ၀င်အောင် သတိထားပါ။ မဟုတ်လျှင် ရေတိမ်စွဲခြင်း၊ ရေတိမ်ပိုဆိုးသွားခြင်းများ ဖြစ်တတ်ပါသည်။ ထို့အတူ နှာခေါင်း၊ ပါးစပ်တို့တွင် ဆေးမ၀င်အောင် ဂရုပြုရမည်။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်အတွင်းသို့ ဆေးဝင်သွားပါက ရေများများနှင့်ဆေးပါ။

ဆေးကိုညွှန်ထားသည့်အခြေအနေများတွင်သာအသုံးပြုပါ။ သတ်မှတ်ထားသောကာလထက် ပိုကြာအောင်သုံးခြင်းမျိုးမလုပ်ရ။ အခြေအနေတိုးတက်မလာလျှင် သို့မဟုတ် ပိုဆိုးသွားလျှင် ဆရာဝန်ကိုပြောပါ။

Triderm (ထရိုင်ဒမ်) ဘယ်လိုသိမ်းဆည်းရမလဲ

Triderm® Creamကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Triderm® Creamကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Triderm® Creamဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Triderm® Creamအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Triderm (ထရိုင်ဒမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသုံးစွဲသုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ၀ယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Triderm®တွင်ပါသော active agent များ inactive agent များနှင့် ဓာတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။

ဆေးလိမ်းရမည့်နေရာတွင် ပိုးဝင်ခြင်းသို့မဟုတ် အနာများရှိနေပါကမလိမ်းရ။

ရှားပါစွာဖြင့် Corticosteroid များကို ကြာရှည်သုံးခြင်း၊ အရေပြားဧရိယာအတော်များများတွင်လိမ်းခြင်းတို့က ခန္ဓာကိုယ်မှ ဖိစီးမှုအားတုံ့ပြန်သည့်အပေါ်တွင် ခက်ခဲသွားစေနိုင်ပါသည်။ ထို့ကြောင့် ခွဲစိတ်မှု သို့မဟုတ် အရေးပေါ်ကုသမှုမလုပ်ခင် သို့မဟုတ် ပြင်းထန်သည့်ဖျားနာမှု၊ ဒဏ်ရာဖြစ်မှုတို့ ဖြစ်လာလျှင် ဆရာဝန်ကို ဤဆေးသုံးနေကြောင်းသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကဆေးကိုသုံးခဲ့ကြောင်းပြောရပါမည်။

ဖြစ်လေ့မရှိသော်လည်းဆေးကိုအကြာကြီးသုံးလျှင် ကလေး၏ကြီးထွားမှုကိုထိခိုက်စေနိုင်ပါသည်။ ကလေးအရပ်အမြင့်ကိုစစ်ဆေးနိုင်ရန်အတွက် ဆရာဝန်နှင့်မှန်မှန်ပြပါ။

ကိုယ်ဝန်ဆောင်စဉ်တွင် ဆေးကိုအမှန်တကယ် လိုအပ်မှသာသုံးရမည်။ ကောင်းကျိုးဆိုးကျိုးများအတွက် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

အရေပြားပေါ်လိမ်းလျှင် ဆေးသည်နို့ရည်ထဲသို့ ဖြတ်နိုင်မဖြတ်နိုင်မသိရသေးပါ။ သောက်ဆေးဆိုလျှင်တော့ သူနှင့်အုပ်စုတူဆေးများက နို့ရည်ထဲသို့ဖြတ်နိုင်ပါသည်။ နို့တိုက်ကျွေးမှုမစခင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Triderm (ထရိုင်ဒမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Triderm (ထရိုင်ဒမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးကိုအရေပြားတွင် ပထမဆုံးစလိမ်းဖူးခြင်းဆိုပါကပူခြင်း၊ ယားခြင်း၊ စပ်ခြင်း၊ ခြောက်သွေ့ခြင်းများ ဖြစ်တတ်ပါသည်။ ခန္ဓာကိုယ်မှဆေးကိုတုံ့ပြန်သည့် ရက်အနည်းငယ်အတွင်းသက်သာသွားပါလိမ့်မည်။ အဆိုပါဘေးထွက်ဆိုးကျိုးများသက်သာမသွားဘဲပိုဆိုးလာပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုချက်ချင်းအကြောင်းကြားပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးကပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်းသိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

ဖြစ်လေ့မရှိသော်လည်းပြင်းထန်သည့်လက္ခဏာများဖြစ်သောကုတ်ရာခြင်း၊ အရေပြားပါးခြင်း၊ အရောင်ပြောင်းခြင်း၊ ၀က်ခြံထွက်ခြင်း၊ ဆံပင်ပေါက် များလာခြင်း၊ ဆံပင်နှင့်အရေပြားဖုလေးများဖြစ်ခြင်းစသည်တို့ဖြစ်လာပါက ဆရာဝန်ကိုပြောပါ။

ဤဆေးကိုသုံးသည့်အခါ အရေပြားပိုးဝင်ခြင်းပိုဆိုးလာနိုင်ပါသည်။ နီခြင်း၊ ရောင်ခြင်း၊ စပ်ခြင်းများသက်သာမလာလျှင် ဆရာဝန်ကိုအသိပေးပါ။ ရှားပါးစွာနှင့် ဆေးကိုအရေပြားမှ စုပ်ယူသွားနိုင်၏။ ၎င်းက Corticosteroid များခြင်းကြောင့်ဖြစ်သည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်လာစေနိုင်ပါသည်။ ကလေးများနှင့် ဆေးကိုအကြာကြီးသုံးသူ၊ အရေပြားဧရိယာအများအပြားတွင်သုံးသူတို့၌ အဖြစ်များပါသည်။ ပုံမှန်မဟုတ် မောပန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေထောက် ခြေကျင်းဝတ်တွင်ဖောင်းကြွခြင်း၊ ရေဆာခြင်း၊ ဆီးခဏခဏသွားခြင်း၊ အမြင်အာရုံပြဿနာဖြစ်ခြင်းစသည့်ဘေးထွက်ဆိုးကျိုးများဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

ဤဆေးကြောင့် ပြင်းထန်သည့်ဓာတ်မတည့်ဖြစ်ခြင်းမှာရှား၏။ သို့သော် အောက်ပါပြင်းထန်ဓာတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Triderm (ထရိုင်ဒမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Triderm® Creamသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓာတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Triderm (ထရိုင်ဒမ်) နဲ့ ဓာတ်ပြုနိုင်သလား

Triderm® Cream က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Triderm (ထရိုင်ဒမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Triderm® Creamသည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Triderm (ထရိုင်ဒမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အချက်အလက်များသိရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

ကလေးတွေအတွက် Triderm (ထရိုင်ဒမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အ၀နားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Triderm (ထရိုင်ဒမ်) ကိုဘယ်လိုရရှိနိုင်သလဲ

Triderm® Creamကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • လိမ်းဆေးခရင်မ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Triderm® Creamကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 15, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။