backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Solifenacin

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Solifenacin ကို ဘာအတွက်အသုံးပြုကြသလဲ

မကြာခဏဆီးသွားလိုခြင်းအပါအဝင်ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုကုသဖို့Solifenacinကိုအများဆုံးအသုံးပြုပါတယ်။ ဆီးအိမ်ကြွက်သားတွေကိုပြေလျော့စေခြင်းအားဖြင့်ဆီးပိုမိုထိန်းနိုင်အောင်Solifenacinကကူညီပေးတာ ဖြစ်ပါတယ်။ ဆီးထွက်ကျခြင်း၊ရုတ်တရက်ဆီးအလွန်အမင်းသွားချင်စိတ် ဖြစ်ပေါ်ခြင်း၊ဆီးမကြာခဏသွားလိုခြင်းစတဲ့ ပြဿနာတွေကိုSolifenacinကကူညီလျှော့ချပေးနိုင်ပါတယ်။Solifenacinဟာကြွက်သားတွေကိုပြေလျော့စေတဲ့ဆေးအုပ်စုဝင် ဖြစ်ပါတယ်။

Solifenacin ဘယ်လိုသောက်သုံးသင့်သလဲ

ဒီဆေးကိုအစာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းတနေ့တကြိမ်သောက်ရပါမယ်။ သောက်တဲ့အခါရေဖန်ခွက်တခွက်အပြည့်နဲ့သောက်ရပါမယ်။ ဆေးတပြားလုံးကိုတခါတည်း မြိုချပါ။ ဘာလို့လဲဆိုတော့ဆေးကအရမ်းခါးလို့ပါ။ အထက်မြက်ဆုံးသောဆေးအာနိသင်ရရှိစေနိုင်ဖို့အတွက်ဆေးကိုပုံမှန်သုံးစွဲရပါမယ်။ တနေ့တာရဲ့တူညီတဲ့အချိန်တခုမှာသတ်သတ်မှတ်မှတ်သောက်သုံးခြင်းအားဖြင့်ဆေးသောက်ဖို့မေ့မှာမပူရတော့ပါဘူး။ သင့်ကျန်းမာရေးအခြေအနေ၊ဆေးကိုတုံ့ပြန်မှု၊အခြားသုံးစွဲနေသောဆေးများအစရှိတဲ့အချက်တွေပေါ်မူတည်ပြီးဆေးပမာဏကွဲပြားမှုရှိနိုင်ပါတယ်။ သင်လက်ရှိသုံးစွဲနေတဲ့ဆေးဝါးများအားလုံးအကြောင်း (ဆရာဝန်ညွှန်ကြားတဲ့ဆေး၊မိမိဖာသာသုံးစွဲတဲ့ဆေး၊သဘာဝဆေးဖက်ဝင်ပစ္စည်းများစသဖြင့်အားလုံးပါဝင်ပါတယ်) ဆရာဝန်ကိုအသိပေးပါ။ ဆေးပမာဏကိုကိုယ့်သဘောနဲ့ကိုယ်မတိုးပါနဲ့။ ဆရာဝန်ညွှန်ကြားထားတဲ့အကြိမ်ရေသို့မဟုတ်ကာလထက်ပိုသောက်ခြင်းမပြုပါနဲ့။ ဒီလိုပိုသောက်လို့ရောဂါမြန်မြန်ပျောက်မှာမဟုတ်ဘဲဘေးထွက်ဆိုးကျိုးတွေသာပိုလာစေမှာ ဖြစ်ပါတယ်။ သင့်ရောဂါအခြေအနေမသက်သာရင်ဒါမှမဟုတ်ပိုဆိုးလာရင်ဆရာဝန်ကိုအသိပေးပါ။

Solifenacin ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်။

Solifenacinကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Solifenacinကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Solifenacinဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Solifenacinကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ။

Solifenacinကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Solifenacin အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးစွဲခင်မှာသင့်ရောဂါရာဇဝင်နဲ့ပတ်သက်ပြီးဆရာဝန်ကိုအသေးစိတ်အသိပေးထားပါ။ အထူးသဖြင့်ဆီးသွားရခက်ခြင်း၊ဆီးမသွားနိုင်ခြင်း၊အခြားသောဆီးအိမ်ပြဿနာများရှိခြင်း (ဥပမာဆီးအိမ်ထွက်ပေါက်ပိတ်ခြင်း)၊အစာအိမ်/အူလမ်းကြောင်းပိတ်ခြင်း (အစာအိမ်ထွက်ပေါက်ပိတ်ခြင်း)၊မျက်စိတိမ်စွဲခြင်း၊မိသားစုထဲမှာတိမ်စွဲဖူးသူရှိခြင်း၊အသည်းရောဂါ၊(အူမကြီးအနာဖြစ်ခြင်းကဲ့သို့သော) အူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိခြင်း၊အစာအိမ်/အူလမ်းကြောင်းလှုပ်ရှားမှုနှေးကွေးခြင်း၊ဝမ်းချုပ်ခြင်း၊ကျောက်ကပ်ရောဂါရှိခြင်း၊ဆီးကြိတ်ကြီးခြင်း၊အာရုံကြောဆိုင်ရာ/ကြွက်သားဆိုင်ရာရောဂါများရှိခြင်း (ဥပမာ myasthenia gravis) စတဲ့ ပြဿနာတွေရှိနေရင်ပေါ့။

ဒီဆေးကြောင့်မူးဝေထိုင်းမှိုင်းခြင်း၊အမြင်အာရုံဝေဝါးခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အရက်ဒါမှမဟုတ်ဆေးခြောက်တွေဟာဒီလိုမူးဝေထိုင်းမှိုင်းခြင်းကိုပိုလို့တောင်ဆိုးစေမှာဖြစ်ပါတယ်။ ဒါကြောင့်ဆေးအာနိသင်ရှိနေသမျှကာလပတ်လုံးမှာကားမောင်းခြင်း၊စက်ကိရိယာများကိုကိုင်တွယ်မောင်းနှင်ခြင်းဒါမှမဟုတ်အမြင်အာရုံကြည်လင်ဖို့၊ရာနှုန်းပြည့်အာရုံစူးစိုက်ဖို့လိုအပ်တဲ့အမှုကိစ္စတွေကိုမပြုလုပ်ပါနဲ့။ အရက်ကိုလျှော့သောက်ပါ။ ဆေးခြောက်သုံးစွဲထားရင်ဆရာဝန်ကိုအသိပေးပါ။

သင်လက်ရှိသုံးစွဲနေတဲ့ဆေးဝါးတွေအကြောင်းကိုခွဲစိတ်မှုမပြုခင်မှာဆရာဝန်ထံကြိုတင်အသိပေးပါ (ဆရာဝန်ညွှန်ကြားတဲ့ဆေး၊မိမိဖာသာသုံးစွဲတဲ့ဆေး၊သဘာဝဆေးဖက်ဝင်ပစ္စည်းများစသဖြင့်အားလုံးပါဝင်ပါတယ်)။ ဒီဆေးဟာသင့်ကိုချွေးထွက်နည်းစေတဲ့အတွက် heat stroke (ပြင်းထန်စွာအပူရှပ်ခြင်း) ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်နေပူထဲမှာအလုပ်ပင်ပင်ပန်းပန်းလုပ်ခြင်း၊အားကစားလုပ်ခြင်းဒါမှမဟုတ်ရေနွေးစိမ်ခြင်းစတာတွေကိုရှောင်ကျဉ်ရပါမယ်။ ရာသီဥတုပူပြင်းနေချိန်တွေမှာအရည်များများသောက်ပေးခြင်း၊ပါးပါးလျလျအဝတ်အစားဝတ်ဆင်ခြင်းစတာတွေကို ပြုလုပ်ပေးရပါမယ်။ တကယ်လို့အရမ်းပူလာပြီလို့ခံစားရရင်အေးမြတဲ့နေရာတနေရာမှာသွားရောက်အနားယူပါ။ အဖျားတက်ပြီးတော်တော်နဲ့ ပြန်မကျရင်၊စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေရှိလာရင်၊ခေါင်းကိုက်ရင်ဒါမှမဟုတ်မူးဝေထိုင်းမှိုင်းလာရင်ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူပါ။

မူးဝေထိုင်းမှိုင်းခြင်း၊စိတ်ရှုပ်ထွေးခြင်း၊ဝမ်းချုပ်ခြင်း၊ဆီးသွားရခက်ခြင်းစတဲ့ဘေးထွက်ဆိုးကျိုးတွေဟာအသက်ကြီးသူတွေမှာပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုင်းမှိုင်းမူးဝေခြင်းနဲ့စိတ်ရှုပ်ထွေးကယောက်ကယက် ဖြစ်ခြင်းတို့ကြောင့်ချော်လဲနိုင်ချေ၊အမြင့်မှ ပြုတ်ကျနိုင်ချေတွေပိုများလာပါမယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့လည်းမဖြစ်မနေလိုအပ်မှသာဒီဆေးကိုသုံးစွဲသင့်ပါတယ်။ ဆေးရဲ့ကောင်းကျိုး၊ဆိုးပြစ်တွေနဲ့ပတ်သက်လို့ဆရာဝန်နဲ့တိုင်ပင်ပါ။ ဒီဆေးဟာမိခင်နို့ရည်မှာပါဝင်လာခြင်းရှိမရှိမသိရသေးပါဘူး။ ဒါကြောင့်နို့တိုက်မိခင်တွေအနေနဲ့ဒီဆေးသုံးစွဲတော့မယ်ဆိုရင်ဆရာဝန်တွေထံမေးမြန်းဆွေးနွေးပြီးမှသာသုံးစွဲသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Solifenacin ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Solifenacin ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အာခြောက်ခြင်း၊ဝမ်းချုပ်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊ဗိုက်အောင့်ဗိုက်နာခြင်း၊အမြင်အာရုံဝေဝါးခြင်း၊မျက်စိခြောက်ခြင်း၊ခေါင်းကိုက်ခြင်း၊မူမမှန်စွာပင်ပန်းနွမ်းလျခြင်းစတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေကာလကြာမြင့်စွာဆက်ရှိနေရင်ဒါမှမဟုတ်ပိုဆိုးလာရင်ဆရာဝန်ကိုချက်ချင်းအသိပေးပါ။ အာခြောက်ခြင်းကိုသက်သာစေဖို့အတွက် (သကြားမပါတဲ့) သကြားလုံးလေးတွေဒါမှမဟုတ်ရေခဲတုံးလေးတွေကိုစုပ်ပေးပါ။ ပီကေဝါးပါ။ ရေသောက်ပါ။ တံတွေးအစားထိုးပစ္စည်းလေးတွေကိုအသုံးပြုပါ။ ဝမ်းချုပ်ခြင်းကိုကာကွယ်ဖို့အတွက်အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေကိုစားသုံးပေးပါ၊ရေများများသောက်ပါ၊ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒီဆေးကိုသုံးစွဲနေစဉ်ဝမ်းချုပ်တယ်ဆိုရင်ဝမ်းပျော့ဆေးသုံးစွဲနိုင်ပါတယ်။ ဆေးရဲ့ကောင်းကျိုးတွေဟာဆိုးပြစ်တွေထက်များပြားသာလွန်နေတာကြောင့်သာဒီဆေးကိုသုံးစွဲဖို့သင့်ဆရာဝန်ကညွှန်ကြားတဲ့အကြောင်းသိထားရပါမယ်။ ဆေးသုံးစွဲသူအများစုမှာ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကိုတွေ့ကြုံခံစားရလေ့မရှိပါဘူး။

ပြင်းထန်စွာဗိုက်အောင့်ဗိုက်နာခြင်း၊သုံးရက်ထက်ပိုပြီးဝမ်းချုပ်ခြင်း၊ဆီးသွားရခက်ခြင်း၊ကျောက်ကပ်ပိုးဝင်ခြင်းရဲ့လက္ခဏာတွေပေါ်ပေါက်လာခြင်း (ဆီးပူ/ဆီးကျဉ်ခြင်း၊ဆီးမကြာခဏသွားခြင်း၊အဖျားတက်ခြင်း၊ဆီးသွေးပါခြင်းစသည်)၊စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲ ပြဿနာများပေါ်ပေါက်လာခြင်း (ဥပမာစိတ်ရှုပ်ထွေးခြင်း၊ကယောင်ကတမ်းဖြစ်ခြင်း) စတဲ့ ပြင်းထန်သောဘေးထွက်ဆိုးကျိုးတွေပေါ်ပေါက်လာရင်ဆရာဝန်ကိုချက်ချင်းအကြောင်းကြားရပါမယ်။ မျက်စိနာခြင်း/ယောင်ခြင်း/နီရဲခြင်း၊အမြင်အာရုံဆိုင်ရာ ပြဿနာများပေါ်ပေါက်ခြင်း (ဥပမာညဖက်အလင်းကြည့်ရင်သက်တံ့ရောင်စဉ်များမြင်နေရခြင်း)စတဲ့အလွန်ပြင်းထန်သောဘေးထွက်ဆိုးကျိုးတွေပေါ်ပေါက်လာရင်အရေးပေါ်ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူရပါမယ်။ ပြင်းထန်စွာဓါတ်မတည့်တဲ့ ပြဿနာတွေကတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့်အနီစက်များထွက်လာခြင်း၊ရောင်ရမ်းယားယံခြင်း (အထူးသဖြင့်မျက်နှာ၊လျှာနဲ့လည်ချောင်းတွေမှာ)၊အလွန်အမင်းငိုက်မျဉ်းလာခြင်း၊အသက်ရှုရခက်ခြင်းအစရှိတဲ့အလွန်ဆိုးရွားပြင်းထန်သောဓါတ်မတည့်လက္ခဏာတွေပေါ်ပေါက်လာရင်အရေးပေါ်ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူရပါမယ်။

ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Solifenacin နဲ့ ဓါတ်ပြုနိုင်သလဲ

Pramlintide၊ပိုတက်ဆီယမ်ဆေးပြား/ဆေးတောင့်စတာတွေဟာSolifenacinနဲ့ဓါတ်ပြုနိုင်ပါတယ်။ အချို့သောဆေးတွေဟာသင့်ခန္ဓါကိုယ်ထဲကနေSolifenacinဆေးကိုဖယ်ရှားတဲ့ ဖြစ်စဉ်မှာဝင်ရောက်နှောင့်ယှက်တာကြောင့်Solifenacinရဲ့အာနိသင်အပေါ်အကျိုးသက်ရောက်မှုရှိနေပါတယ်။ဥပမာ azole အုပ်စုဝင် anti-fungal ဆေး (ယားနာပျောက်ဆေး)များ (itraconazole, ketoconazole စသည်)။

Solifenacinဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Solifenacin နဲ့ ဓါတ်ပြုနိုင်သလား

Solifenacinကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Solifenacin နဲ့ ဓါတ်ပြုနိုင်သလဲ

Solifenacinဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Solifenacin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆီးမထိန်းနိုင်ခြင်းအတွက်

ကနဦးပမာဏ : ၅မီလီဂရမ်ကိုတနေ့တကြိမ်သုံးစွဲရပါမယ်။

ဆက်လက်သုံးစွဲရမယ့်ဆေးပမာဏ : ၅ – ၁၀မီလီဂရမ်ပမာဏကိုတနေ့တကြိမ်သုံးစွဲရပါမယ်။

မှတ်ချက် :

ဒီဆေးကိုအစာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေသောက်သုံးနိုင်ပါတယ်။

အသုံးပြုခြင်း :

ဆီးမထိန်းနိုင်ခြင်း၊ဆီးမအောင့်နိုင်ခြင်း၊ဆီးထွက်ကျခြင်း၊မကြာခဏဆီးသွားလိုခြင်းစတဲ့ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုကုသဖို့အတွက်ဒီဆေးကိုအသုံးပြုနိုင်ပါတယ်။

ဆီးမကြာခဏသွားခြင်းအတွက်

ကနဦးပမာဏ : ၅မီလီဂရမ်ကိုတနေ့တကြိမ်သုံးစွဲရပါမယ်။

ဆက်လက်သုံးစွဲရမယ့်ဆေးပမာဏ : ၅ – ၁၀မီလီဂရမ်ပမာဏကိုတနေ့တကြိမ်သုံးစွဲရပါမယ်။

မှတ်ချက် :

ဒီဆေးကိုအစာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေသောက်သုံးနိုင်ပါတယ်။

အသုံးပြုခြင်း :

ဆီးမထိန်းနိုင်ခြင်း၊ဆီးမအောင့်နိုင်ခြင်း၊ဆီးထွက်ကျခြင်း၊မကြာခဏဆီးသွားလိုခြင်းစတဲ့ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုကုသဖို့အတွက်ဒီဆေးကိုအသုံးပြုနိုင်ပါတယ်။

ကျောက်ကပ်အခြေအနေပေါ်မူတည်ပြီးဆေးပမာဏချိန်ဆခြင်း

-ကျောက်ကပ်အနည်းငယ်အလုပ်မလုပ်နိုင်ခြင်း (CrCl – >30 mL/min) — ဆေးပမာဏကိုချိန်ဆစရာမလိုသေးပါဘူး။

-ကျောက်ကပ်အခြေအနေဆိုးရွားနေခြင်း (CrCl – <30 mL/min) — ဆေးပမာဏဟာတနေ့ကို၅မီလီဂရမ်ထက်မပိုရပါဘူး။

အသည်းအခြေအနေပေါ်မူတည်ပြီးဆေးပမာဏချိန်ဆခြင်း

အသည်းအခြေအနေပုံမှန်နီးပါးကောင်းမွန်နေရင် (Child-Pugh A) ဆေးပမာဏကိုချိန်ဆစရာမလိုသေးပါဘူး။

အသည်းအနည်းငယ်ပျက်စီးနေရင် (Child-Pugh B) ဆေးပမာဏဟာတနေ့ကို၅မီလီဂရမ်ထက်မပိုရပါဘူး။

အသည်းအခြေအနေဆိုးရွားစွာပျက်စီးနေရင်တော့ (Child-Pugh C) ဒီဆေးကိုလုံးဝမသုံးစွဲသင့်ပါဘူး။

ဆေးပမာဏချိန်ဆခြင်း

CYP450 3A4 inhibitors ဆေးတွေ (ဥပမာ ketoconazole, ritonavir, nelfinavir, itraconazoleစသည်)ကိုသုံးစွဲနေတဲ့လူနာတွေမှာဆိုရင်ဆေးပမာဏဟာတနေ့ကို၅မီလီဂရမ်ထက်မပိုရပါဘူး။

အခြားသောမှတ်ချက်များ

အကြံပြုချက်များ :

ဒီဆေးကိုတပြားလုံးမြိုချပါ။

အစာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေသုံးစွဲနိုင်ပါတယ်။

ကလေးတွေအတွက် Solifenacin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက်သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ။

Solifenacin ကိုဘယ်လိုရရှိနိုင်သလဲ

Solifenacinကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြားပုံစံ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Solifenacinကိုသောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement