Repaglinide (ရီပါဂလီနိုဒ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Repaglinide (ရီပါဂလီနိုဒ်) Brand Name(s): Repaglinide (ရီပါဂလီနိုဒ်).

အသုံးပြုပုံများ

Repaglinide (ရီပါဂလီနိုဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Repaglinide ကို  တစ်မျိုးတည်းသော်လည်းကောင်း တခြားဆေးများနှင့်သော်လည်းကောင်းတွဲ၍ အစားအသောက်ထိန်းခြင်း၊ လေ့ကျင့်ခန်းပရိုဂရမ်များ လုပ်ခြင်းတို့နှင့် ပေါင်းစပ်ကာ သွေးတွင်းသကြားဓာတ် တက်ခြင်းကို ထိန်းချုပ်ရန် အသုံးပြုကြသည်။ သွေးတွင်းသကြားဓာတ်ကိုထိန်းခြင်းဖြင့် ကျောက်ကပ်ထိခြင်း၊ မျက်လုံးကွယ်ခြင်း၊ အာရုံကြောပြဿနာများ၊ ခြေလက်ဆုံးရှုံးခြင်းနှင့် လိင်ဆိုင်ရာပြဿနာများကို ကာကွယ်ပေးနိုင်ပါသည်။ ဆီးချိုကိုသင့်လျော်စွာထိန်းခြင်းက နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ဖြစ်နိုင်ချေကို လျော့နည်းစေပါသည်။ အင်ဆူလင်သည် သဘာဝပစ္စည်းတစ်မျိုးဖြစ်ပြီး စားလိုက်သည့်အစာများမှသကြားဓာတ်အား ခန္ဓာကိုယ်မှ ကောင်းစွာအသုံးချနိုင်ရန် ကူညီပေး၏။

Repaglinide (ရီပါဂလီနိုဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို အစာမစားခင် ၁၅ မိန်စအလိုတွင် သောက်ရမည်ဖြစ်ပြီး သင်စားသည့်အကြိမ်ရေ သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း တစ်ရက်ကို ၂-၄ ကြိမ် သောက်ရနိုင်ပါသည်။ ဆေးကို အစာမစားခင် မိနစ် ၃၀ ထက်စောပြီး မသောက်ရပါ။ လိုအပ်ပါက အစာမစားခင်ကပ်သောက်နိုင်သည်။ အစာတစ်နပ်မစားမိဘူးဆိုပါက ထိုအချိန်အတွက် ဆေးမသောက်ပါနှင့်။ သွေးတွင်းသကြားဓာတ်များ ထိုးကျသွားနိုင်ပါသည်။

ဆေးပမာဏမှာ သင့်ကျန်းမာရေးအခြေအနေ၊ ကုသမှုအားတုံ့ပြန်မှုနှင့် သင်သုံးစွဲနေသော တခြားဆေးများအပေါ်တွင် မူတည်ပါသည်။ သင်လက်ရှိသုံးစွဲနေသော ဆေးဝါးများ (ဆရာဝန်ညွှန်ကြားထားသည့်ဆေးများ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ) အားလုံးကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုပြောပြပါ။

တခြားဆီးချိုဆေးတစ်ခုမှ (ဥပမာ chlorpropamide မှ) Repaglinide ကိုပြောင်းသောက်မည်ဆိုပါက ဆေးဟောင်းကိုရပ်ခြင်း၊ ဆေးသစ်စခြင်းများတွင် ဆရာဝန်ညွှန်ကြားသည်များကို ဂရုတစိုက်လိုက်နာပါ။

ဆေးမှအာနိသင်အကောင်းဆုံးရစေရန် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်သုံးပါ။ ဆေးကုသမည့်အစီအစဉ်၊ အစားအသောက်အစီအစဉ်၊ လေ့ကျင့်ခန်းအစီအစဉ်များကို သေချာလိုက်လုပ်ပါ။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သွေးတွင်းသကြားဓာတ်ကို မှန်မှန်စစ်ပါ။ မှန်ကန်သော ဆေးပမာဏကိုရရန်အတွက် ထိုသို့ပြုလုပ်ရန် အရေးကြီးပါသည်။ သွေးတွင်းသကြားဓာတ် အရမ်းများနေလျှင် သို့မဟုတ် အရမ်းကျနေလျှင် ဆရာဝန်ကိုပြောပါ။ ဆေးကုသမှုအစီအစဉ် ပြောင်းရန်လိုနိုင်ပါသည်။

Repaglinide (ရီပါဂလီနိုဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

Repaglinide ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Repaglinide ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Repaglinide ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Repaglinide အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Repaglinide (ရီပါဂလီနိုဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇ၀င်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အား ပြောပြပေးပါ။ အထူးသဖြင့် ကျောက်ကပ်ရောဂါများ၊ အသည်းရောဂါများ။

သွေးတွင်းသကြားဓာတ်ကျ အလွန်များခြင်း သို့ အလွန်ကျခြင်းကြောင့် အမြင်ဝါးခြင်း၊ ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်းများ ဖြစ်လာတတ်ပါသည်။ စိတ်ချရသည့်အခြေအနေမရောက်မချင်း နိုးကြားရန်လိုသည့် စက်မောင်ခြင်း၊ ယာဉ်မောင်းခြင်းများ မပြုလုပ်ပါနှင့်။အရက်ပါသော အချိုရည်သောက်ခြင်းကို ကန့်သတ်ပေးပါ။ သွေးတွင်းသကြားဓာတ်နည်းနိုင်ချေ ပိုများစေနိုင်ပါသည်။

ဖိစီးမှုဖြစ်သောအချိန်များ ဥပမာ – ဖျားခြင်း၊ ပိုးဝင်ခြင်း၊ ထိခိုက်ထားခြင်း၊ ခွဲစိတ်ရခြင်းတို့ကဲ့သို့ အချိန်များတွင် သွေးတွင်းသကြားဓာတ်ကိုထိန်းရန် ခက်နိုင်ပါသည်။ ဖိစီးမှုအခြေအနေများက ဆေးကုသမှုအစီအစဉ်၊ ဆေးဝါး၊ သွေးသကြားဓာတ်စစ်ခြင်း စသည်တို့၌ ပြောင်းလဲရန်လိုအပ်စေနိုင်သောကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်ချိန်တွင် အမှန်တစ်ကယ်လိုအပ်မှသာ ဆေးကိုသုံးပါ။ ကိုယ်ဝန်က ဆီးချိုကိုဖြစ်စေနိုင်သလို၊ ပိုလည်းဆိုးစေနိုင်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုထိန်းရန်အစီအစဉ်ကို ဆရာဝန်နှင့်ဆွေးနွေးပါ။ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုကုသမှုပုံစံကို ဆရာဝန်က ပြောင်းကောင်းပြောင်းနိုင်ပါသည်။ ကုသပုံအမျိုးမျိုး (ဥပမာ အစားအသောက်၊ လေ့ကျင့်ခန်းနှင့် အင်ဆူလင်အပါအ၀င် ဆေးများ) ၏ ကောင်းကျိုးဆိုးကျိုးကိုသိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆေးသည် နို့ရည်ထဲသို့ဖြတ်နိုင်မဖြတ်နိုင် မသိရသေးပါ။ ကလေးတွင် အန္တရာယ်ရှိနိုင်သောကြောင့် ဆေးသောက်နေစဉ် ကာလပတ်လုံး နို့မတိုက်သင့်ကြောင်း ညွှန်ထားပါသည်။ နို့တိုက်ကျွေးမှုမစခင် ဆရာဝန်နှင့် တိုင်ပင်ကြည့်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Repaglinide (ရီပါဂလီနိုဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Repaglinide (ရီပါဂလီနိုဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ကိုယ်အလေးချိန်တက်ခြင်း၊ ၀မ်းလျှောခြင်း၊ အဆစ်နာခြင်းများ ဖြစ်လာနိုင်ပါသည်။ အဆိုပါဘေးထွက်ဆိုးကျိုးများ ပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကို ချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးက ပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်း သိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

Repaglinide သည် သွေးတွင်းသကြားဓာတ်ကို ထိုးကျစေနိုင်သည်။ အထူးသဖြင့် တခြားဆီးချိုဆေးများတွဲသောက်နေရလျှင် ပိုဆိုးသည်။ အရက်အများကြီးသောက်ခြင်း၊ အစားအသောက်များမှ ကယ်လိုရီလုံလုံလောက်လောက်မရခြင်း၊ ပုံမှန်မဟုတ်သည့် ပြင်းထန်လေ့ကျင့်ခန်းများလုပ်ခြင်း စသည်တို့က သကြားဓာတ်ကျခြင်းဆီ ဦးတည်နိုင်ပါသည်။

လက္ခဏာများတွင် ချမ်းတုန်ခြင်း၊ ချွေးစေးပြန်ခြင်း၊ ခေါင်းမူးခြင်း၊ ငိုက်ခြင်း၊ တုန်ခြင်း၊ ခြေလက်များ ထုံကျင်နေခြင်း၊ ဗိုက်ဆာခြင်းတို့ ပါဝင်ပါသည်။ သကြားဓာတ်ကျခြင်းအားကုသရန်အတွက် ဂလူးကို့စ်ဆေးပြားများ ဂျယ်များကို သွားလေရာ ယူသွားပေးပါ။ အကယ်၍အထက်ပါအရာများ မရနိုင်ဘူးဆိုလျှင် သကြားခဲ၊ ပျားရည်၊ ချိုချဉ်တို့ကို စားခြင်း၊ သစ်သီးဖျော်ရည်တစ်ဖန်ခွက်သောက်ခြင်း၊ non-diet soda သောက်ခြင်းတို့ဖြင့် သကြားဓာတ်ပြန်တက်အောင် လုပ်နိုင်ပါသည်။ အစာတစ်နပ်ရှောင်၍ရမရသိနိုင်ရန်အတွက် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်တို့နှင့်တိုင်ပင်ပါ။

သကြားဓာတ်မြင့်သည့်လက္ခဏာများမှာ ရေဆာခြင်း၊ ဆီးအများကြီးသွားခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ငိုက်ခြင်း၊ မျက်နှာပူခြင်း၊ အသက်ရှူမြန်ခြင်းနှင့် သစ်သီးရနံ့ ခံတွင်းနံ့ရှိခြင်းတို့ ဖြစ်ပါသည်။ အဆိုပါလက္ခဏာများ ဖြစ်လာပါက ဆရာဝန်ကိုချက်ချင်းပြောပါ။ ဆရာဝန်က ဆီးချိုဆေးများကိုချိန်ညှိပေးပါလိမ့်မည်။

ဤဆေးကြောင့် ပြင်းထန်သည့်ဓာတ်မတည့်ဖြစ်ခြင်းမှာ ရှား၏။ သို့သော် အောက်ပါပြင်းထန်ဓာတ်မတည့် လက္ခဏာများဖြစ်လာပါက အရေးပေါ်ကုသမှုများ ခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Repaglinide (ရီပါဂလီနိုဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

ဤဆေးနှင့်ဓာတ်ပြုနိုင်သောဆေးကုန်မှာ NPH insulin ဖြစ်သည်။

တစ်ချို့ဆေးများက Repaglinide အား ခန္ဓာကိုယ်မှစွန့်ထုတ်ခြင်းအပေါ် သက်ရောက်မှုရှိနိုင်ပြီး Repaglinide ၏အာနိသင်ကို ထိခိုက်စေနိုင်ပါသည်။ ဥပမာ – clopidogrel, gemfibrozil, trimethoprim, azole antifungals (itraconazole), macrolide antibiotics (erythromycin), rifamycins (rifabutin), St. John’s wort စသည်များ

ဆေးအများအပြားက သကြားဓာတ်အပေါ် သက်ရောက်မှုရှိပြီး ထိန်းချုပ်ရခက်စေတတ်၏။ ဥပမာ – corticosteroids (such as prednisone), စိတ်ရောဂါကုဆေးများ (olanzapine), fluoroquinolone antibiotics (ciprofloxacin) စသည်များ။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သွေးတွင်းသကြားဓာတ်ကိုမှန်မှန်စစ်ပြီး ဆရာဝန်ကိုပြပါ။ သွေးတွင်းသကြားဓာတ် တက်ခြင်း ကျခြင်းနှင့်ပါတ်သတ်သည့်လက္ခဏာများဖြစ်လာပါက ဆရာဝန်ကိုချက်ချင်းပြောပါ။ ဆရာဝန်က သင်၏ ဆီးချိုဆေးများ၊ လေ့ကျင့်ခန်းပရိုဂရမ်၊ အစားအသောက် စသည်တို့ကို ပြောင်းပေးရန် လိုနိုင်ပါသည်။

Beta-blocker ဆေးများ (metoprolol, propranolol, ရေတိမ်မျက်စဉ်းဆေး – timolol) က သွေးတွင်းသကြားဓာတ်ကျသည့်အခါ ဖြစ်တတ်သော နှလုံးခုန်မြန်ခြင်းကို ဖုံးပစ်နိုင်ပါသည်။ တခြားလက္ခဏာများဖြစ်သည့် ခေါင်းမူးခြင်း၊ ဗိုက်ဆာခြင်း၊ ချွေးစေးပြန်ခြင်းများ၌ ဤဆေးများ၏သက်ရောက်မှု မရှိပါ။

သင်သုံးနေသည့်ဆေးများ (ချောင်းဆိုး အအေးမိ ပျောက်ဆေး) အားလုံးမှ အညွှန်းကို စစ်ဆေးပါ။ တစ်ချို့ဆေးကုန်များတွင် သကြား၊ အရက် စသည်တို့ပါနေတတ်ပြီး သွေးသကြားဓာတ်အပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ အဆိုပါဆေးကုန်များအား စိတ်ချစွာသုံးနိုင်ရန်အတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကို မေးပါ။ ဆီးချို၊ ဆီးကီတုန်း စစ်ဆေးခြင်းများကို တစ်ချို့ဆေးများက နှောက်ယှက်နိုင်၏။ အသေးစိတ်အတွက် ဆရာဝန်၊ သို့မဟုတ် ဆေးဝါးကျွမ်းကျင်တို့နှင့် ဆွေးနွေးပါ။

Repaglinide သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓာတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်း စသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Repaglinide (ရီပါဂလီနိုဒ်) နဲ့ ဓာတ်ပြုနိုင်သလား

Repaglinide က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Repaglinide (ရီပါဂလီနိုဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Repaglinide သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Repaglinide (ရီပါဂလီနိုဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အမျိုးအစား ၂ ဆီးချိုအတွက် ပုံမှန်ပမာဏ

တစ်ဦးစီအလိုက်ကုထုံး:

အစာစားသည့်အကြိမ်အလိုက် တစ်ရက်ကို ၂၊ ၃၊ ၄ ကြိမ်ပေးရသည်။

– ယခင်က ဆီးချိုကျဆေးများနှင့်ကုသဖူးသူ သို့မဟုတ် HBA1c ၈% အောက်နည်းသူများတွင်

ကနဦးပမာဏ: အစာတစ်နပ်တိုင်း 0.5 mg

– ယခင်က ဆီးချိုကျဆေးများနှင့်ကုသဖူးသူ သို့မဟုတ် HBA1c ၈% နှင့်အထက်လူနာများတွင်

ကနဦးပမာဏ: အစာတစ်နပ်တိုင်း 1-2 mg

ထိန်းညှိပမာဏ: သွေးသကြားဓာတ်တုံ့ပြန်မှုပေါ် လိုက်ပြီး ကျေနပ်လောက်သည့် တုံ့ပြန်မှုရသည်အထိ ဆေးကို အစာစားကြိမ်ရေအလိုက် နှစ်ဆတိုးတိုးသွားနိုင်သည်။ အများဆုံးမှာ 4 mg ဖြစ်သည်။ တစ်ခါတိုးတိုင်း ၁ပတ်အချိန်ပေးပြီး တုံ့ပြန်မှုကို စစ်ရပါမည်။

ရည်ညွှန်းပမာဏအပိုင်းအခြား: အစာတစ်နပ်လျှင် : 0.5 to 4 mg

အများဆုံးနေစဉ်ပမာဏ: တစ်ရက်လျှင် 16 mg

မှတ်ချက်များ:

– Fasting blood glucose ပြင်းအားကိုစစ်ပြီး ဆေးပမာဏချိန်ရာတွင်သုံးနိုင်သော်လည်း အစာမစားခင်သကြားဓာတ်သင့်သော်လည်း ခြုံကြည့်လျှင် အထိန်းမကောင်းသည့်လူများတွင်တော့ အစားအစာပြီးသကြားဓာတ်စစ်ခြင်းကို သုံးရနိုင်သည်။

–  thiazolidinedione or metformin တို့နှင့်တွဲသောက်ရသော လူနာတွင် သွေးသကြားဓာတ်ကျလာပါက ဤဆေး၏ပမာဏကို လျော့ရနိုင်ပါသည်။

အသုံး: သကြားဓာတ်ထိန်းခြင်းကောင်းစေရန်အတွက် အမျိုးအစား ၂ ဆီးချိုသမားများတွင် အစာနှင့် လေ့ကျင့်ခန်းတို့နှင့် တွဲပေးရန်။

ကျောက်ကပ်အတွက် ပမာဏချိန်ညှိခြင်း

သတိနှင့်သုံးပါ။ တုံ့ပြန်မှုကို ကောင်းကောင်းစစ်နိုင် ဆေးချိန်ညှိမှုလုပ်သည့်ကြားကာလကို ကြာကြာလေး ခြားပေးပါ။

အသည်းအတွက် ပမာဏချိန်ညှိခြင်း

သတိနှင့်သုံးပါ။ တုံ့ပြန်မှုကို ကောင်းကောင်းစစ်နိုင် ဆေးချိန်ညှိမှုလုပ်သည့်ကြားကာလကို ကြာကြာလေး ခြားပေးပါ။

ပမာဏချိန်ညှိခြင်း

အာဟာရချို့တဲ့သူများ: ကနဦးနှင့် ထိန်းညှိပမာဏများအတွက် ဆေးအချိန်အဆကို သတိကြီးကြီးထားပြီးပြုလုပ်ရမည်။

တခြားဆီးချိုသောက်ဆေးများမှ ပြောင်းလာသောလူနာများတွင်

– ဤဆေးကို တခြားဆေးနောက်ဆုံးပြီး နောက်တစ်နေ့တွင် စရမည်ဖြစ်ပြီး ဆေးအာနိသင် နှစ်ခုထပ်မှုရှိမရှိသိနိုင်ရန် လူနာကို သေချာစောင့်ကြည့်ရမည်။

ပေါင်းစပ်ကုထုံး:

– ဆေးတစ်မျိုးတည်းပေးခြင်းက သင့်တော်သည့် သကြားဓာတ်ထိန်းချုပ်မှုကိမရဘူးဆိုပါက metformin သို့မဟုတ် thiazolidinedione ပေါင်းထည့်နိုင်သည်။

– NPH-insulin နှင့်တွဲသုံးခြင်းကို မညွှန်ထားပါ။

သွေးသကြားဓာတ်ကျခြင်း

– ထပ်ပေါင်းဆေးများနှင့်တွဲပြီး သွေးသကြားဓာတ် ကျလာပါက repaglinide ပမာဏကို လျော့ချသင့်ပါသည်။

CYP450 2C8 and CYP450 3A4 inhibitors , inducers ဆေးများနှင့်တွဲသုံးရပါက ဆေးပမာဏချိန်ညှိရန် လိုနိုင်ပါသည်။

တခြားမှတ်ချက်များ:

Administration advice:

– အစာမစားခင် ၁၅ မိနစ်အလိုတွင် သောက်ပါ။ မစားမီသောက်ခြင်းမှ မိနစ် ၃၀ အလိုအထိ အပြောင်းအလဲလုပ်နိုင်ပါသည်။

– အစာတစ်နပ်လွတ်သွားသောလူနာများတွင် ထိုအချိန်အတွက်သောက်ရမည်ဆေးတစ်ကြိမ် မသောက်ရန်ညွှန်ကြားထားပါ။ အစာတစ်နပ် ပိုစားလျှင်လည်း တစ်ကြိမ်ထပ်တိုးသောက်ဖို့ ပြောထားပါ။

General:

– အမျိုးအစား ၁ ဆီးချိုသမားများ၊ diabetic ketoacidosis တို့မှာ အင်ဆူလင်နှင့်သာ ကုသရမည်ဖြစ်သောကြောင့် ဤဆေးကို မညွှန်ရပါ။

– ပုံမှန် အစာနှင့်ထိန်းနိုင်သောလူနာများတွင် အခြေအနေတစ်ခုကြောင့် ထိန်းချုပ်မရဖြစ်သွားသည်မျိုးဆိုပါက ရေတိုအတွက်သုံးလျှင် လုံလောက်ပါသည်။

– တစ်ဆင့်ခံဆေးအာနိသင်မတိုးခြင်းဖြစ်တတ်ပါသည်။ လူနာကိုထိုသို့မသတ်မှတ်ခင် ဆေးပမာဏနှင့် စားသောက်ပုံကို တစ်ချက်ပြန်စစ်သင့်သည်။

Monitoring:

– fasting blood glucose နှင့် HBA1c တို့ကို မှန်မှန်စစ်ဆေးသင့်သည်။

Patient advice:

– လူနာများအနေနှင့် လေ့ကျင့်ခန်း အစားအသောက်တို့ကို သတ်မှတ်ထားသည့်အတိုင်း လိုက်နာရန်အရေးကြီးကြောင်း သိထားရမည်။ ဖိစီးဖြစ်သောအချိန်များ ဥပမာ – ဖျားခြင်း၊ ထိခိုက်ထားခြင်း၊ ပိုးဝင်ခြင်း၊ ခွဲစိတ်ခြင်းတို့တွင် ဆီးချိုအတွက်စီမံပုံများ ပြောင်းရနိုင်သည်။ လူနာများကို ဆေးပညာအကူအညီရယူရန် ပြောထားရမည်။

– ဆီးချိုကျသည့်လက္ခဏာများကို လူနာများက သိထားရမည်။ ကားမောင်းခြင်း၊ စက်မောင်းခြင်းများကို အထူးသတိထားပါ။ အထူးသဖြင့် အကောင်းဆုံး တည်ငြိမ်မှုမရခင်အထိ ပို၍သတိထားရမည်။ ဥပမာ ဆေးတစ်ခုမှတစ်ခုပြောင်းသောအချိန် သို့မဟုတ် ဆေးမှန်မှန်မသောက်သည့်အချိန်များ။

– ကိုယ်ဝန်ရှိလာလျှင်၊ ကလေးယူချင်လာလျှင် သို့မဟုတ် ကလေးနို့တိုက်မည်ဆိုလျှင် သမားတော်နှင့် တိုင်ပင်ရပါမည်။

ကလေးတွေအတွက် Repaglinide (ရီပါဂလီနိုဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကို အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Repaglinide (ရီပါဂလီနိုဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

Repaglinide ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Repaglinide ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 17, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ