Nevirapine (နီဗရာပင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Nevirapine (နီဗရာပင်း) Brand Name(s): Nevirapine (နီဗရာပင်း).

အသုံးပြုပုံများ

Nevirapine (နီဗရာပင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Nevirapineကို HIV ပိုးကူးစက်ခံရသူလူနာတွေကို တခြား HIV ဆေးတွေနဲ့ ပေါင်းစပ်ပြီးပေးပါတယ်။ ကိုယ်ခန္ဓာထဲကနေ HIV ပိုးအရေအတွက် ကျဆင်းပြီး ကိုယ်ခံအားပိုကောင်းလာစေပါတယ်။ နောက်ဆက်တွဲပြသနာတွေ (ရောဂါပိုးအသစ်ဝင်ခြင်း၊ ကင်ဆာ) ကို လျှော့ချပေးပြီး အသက်ရှင်မှုရဲ့ အရည်အသွေးကို ပိုမိုကောင်းမွန်စေပါတယ်။ Nevirapine ဟာ NNRTI အုပ်စုဝင် ဆေးအမျိုးအစား ဖြစ်ပါတယ်။

Nevirapineဟာ HIV ပိုးကူးစက်ခံရခြင်းကို ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ တခြားသူတွေဆီ ပျံ့နှံ့မှုလျော့နည်းအောင် အောက်ပါအချက်တွေကို လိုက်နာရပါတယ်။ (၁) HIV ဆေးတွေကို ဆရာဝန်ညွှန်တဲ့အတိုင်း တိကျစွာ သောက်သုံးပါ။ (၂) လိင်မှုကိစ္စဆောင်ရွက်စဉ်မှာ ထိရောက်တဲ့ အကာအကွယ် (ရာဘာစေး သို့မဟုတ် polyurethaneမှ ထုတ်သော ကွန်ဒုံး/ တံတွေးအကာ) သုံးပါ။ (၃) တကိုယ်ရေသုံး ပစ္စည်းများကို (ဆေးထိုးအပ်၊ သွားတိုက်တံ၊ ဘလိတ်ဓား) တခြားသူတွေနဲ့ မျှမသုံးပါနဲ့။ အသေးစိတ်သိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။ Nevirapine ကို မတော်တဆဖြစ်ရပ်ကြောင့် (ဥပမာ အပ်စူးမိခြင်း၊ သွေးနှင့်ထိတွေ့မိခြင်း) HIV ပိုး ကူးစက်ပြီးချိန်မှာ မသုံးသင်ပပါဘူး။ ထိတွေ့ပြီးမှ သုံးစွဲဖို့အတွက်ဆိုရင် တခြားဆေးဝါးတွေ ရှိပါတယ်။

Nevirapine (နီဗရာပင်း) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးအနေနဲ့ အစာနဲ့ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ တနေ့ကို ၁ကြိမ်နှုန်းနဲ့ ၁၄ရက်ဆက်တိုက် သောက်ပေးရပါတယ်။ ပြီးရင် တနေ့၂ကြိမ် ဒါမှမဟုတ် ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ပေးရပါမယ်။ ဒီဆေးကို တနေ့၁ကြိမ် သောက်နေချိန်မှာ အသည်းပြသနာ၊ ဓာတ်မတည့်ခြင်းပြသနာကြုံရင် အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူပါ။ ၂ကြိမ်ထိ တိုးမသောက်ပါနဲ့။ ဆေးရည်သောက်တယ်ဆိုရင် တခါသောက်တိုင်းမှာ ဆေးပုလင်းကို ညင်သာစွာ လှုပ်ပေးပါ။ ဆေးရည်ချိန်တွယ်ဖို့ ပြုလုပ်ထားတဲ့ ခွက်၊ ဇွန်း စတာတွေနဲ့ ချိန်တွယ်ပါ။ အိမ်သုံးဇွန်းကို မသုံးပါနဲ့။ တိကျမှုမရှိနိုင်ပါဘူး။ ဆေးချိန်ခွက်ကို သုံးပြီးချိန်မှာ ဆေးပမာဏအပြည့်ရအောင် ရေနဲ့ကျင်းပြီး ထပ်သောက်ပါ။

ဆေးပမာဏဟာ ကျန်းမာရေး အခြေအနေ၊ ကုသမှုအပေါ် တုံ့ပြန်ခြင်း စတာတွေအပေါ် မူတည်ပါတယ်။ ကလေးတွေမှာဆိုရင် ကိုယ်အလေးချိန်ပေါ် မူတည်ပါတယ်။

တနေ့တကြိမ်သောက်ခြင်းကို ၂၈ရက်ထက် မကျော်ပါစေနဲ့။ အဲဒီအနေအထား သောက်နေရတယ်ဆိုရင် ဆရာဝန်ဟာ တခြားဆေးကို ပြောင်းပေးပါလိမ့်မယ်။ အသေးစိတ်သိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဆေးမတည့်ခြင်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဆေးကို ၇ရက်ထက်ကျော်ပြီး ရပ်ထားရင် ဘယ်လိုပြန်လည်သောက်မလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ စစသောက်ချင်းမှာ ဘေးထွက်ဆိုးကျိုးတွေ လျှော့နိုင်ဖို့ တနေ့တကြိမ်နဲ့ ၁၄ရက်အထိ သောက်ရပါတယ်။

ဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း တိကျစွာ သောက်ပေးဖို့ လိုပါတယ်။ ဆေးသောက်ဖို့ လွတ်မသွားပါစေနဲ့။ ညွှန်ထားတဲ့ ပမာဏထက် ပိုသောက်ခြင်း၊ အချိန်ပိုကြာကြာသောက်ခြင်း၊ ဆရာဝန်မညွှန်ဘဲ ရပ်ပစ်ခြင်း မပြုပါနဲ့။ ဆရာဝန်မညွှန်ဘဲ ဆေးကို မသောက်ဘဲ ကျော်သွားခြင်း၊ ဆေးပမာဏ ပြောင်းလဲခြင်းဟာ ရောဂါကို ပိုကုသရ ခက်စေပြီး ဘေးထွက်ဆိုးကျိုးတွေကိုလည်း ပိုဆိုးစေပါတယ်။

ဒီဆေးကို ကိုယ်ခန္ဓာထဲမှာ ပုံသေပမာဏနဲ့ ထိန်းထားနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် သူ့အချိန်နဲ့အတူ သေချာသောက်ပါ။ မှတ်မိလွယ်အောင် နေ့စဉ် တူညီတဲ့အချိန်မှာ သောက်ပါ။

Nevirapine (နီဗရာပင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Nevirapineကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုရပါ။ Nevirapineဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။  ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Nevirapineကို အိမ်သာတွင်းထဲ ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်း ကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nevirapine (နီဗရာပင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Nevirapineမသုံးစွဲခင်မှာ သူနဲ့ဓာတ်မတည့်တာရှိရင်၊ တခြားဓာတ်မတည့်တာရှိရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကို ဖွင့်ပြောပါ။ ဒီပစ္စည်းမှာ ဓာတ်မတည့်ခြင်းနဲ့ တခြားပြသနာတွေကို ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ပိုသိရအောင် ဆေးဝါးကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ။

ဆေးမသုံးခင်မှာ မိမိရဲ့ ကျန်းမာရေးရာဇ၀င်ကို (အထူးသဖြင့် အသည်းပြသနာများ -အသည်းရောင် ဘီပိုး၊ စီပိုး၊ အသည်းခြောက်ခြင်း၊ ကျောက်ကပ်သွေးသန့်စင်ခြင်း၊ လက်တို့ (သို့) ဂလက်တိုးမတည့်ခြင်း) စတာတွေရှိရင် ဆရာဝန် (သို့) သူနာပြုကို ဖွင့်ပြောပါ။

ဒီဆေးဟာ အိပ်ငိုက်စေပါတယ်။ အရက်၊ ဆေးခြောက် စတာတွေဟာလည်း အိပ်ငိုက်စေပါတယ်။ ကားမောင်းခြင်း၊ စက်ယန္တရားမောင်းခြင်း၊ နိုးနိုးကြားကြား လုပ်ကိုင်ဖို့လိုတဲ့ လှုပ်ရှားမှုများ မပြုပါနဲ့။ အရက်မသောက်ပါနဲ့။ ဆေးခြောက်သုံးနေရင် ဆရာဝန်ကို ဖွင့်ပြောပါ။

ကိုယ်ဝန်ရှိနေချိန်မှာ တကယ်လိုအပ်မှသာ သုံးသင့်ပါတယ်။ ဒီဆေးဟာ ကလေးဆီကို HIV ပိုးကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ကောင်းကျိုးဆိုးကျိုးများကို သိရအောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဒီဆေးဟာ မိခင်နို့ထဲကို ဖြတ်သန်းနိုင်ပါတယ်။ မိခင်နို့ဟာ HIV ပိုးကိုလည်း သယ်ဆောင်ပေးနိုင်တာကြောင့် မိခင်နို့မတိုက်ပါနဲ့။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nevirapine (နီဗရာပင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Nevirapineကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ အသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိ ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာ စမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေ ကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Nevirapineဆေးဟာ အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် B ရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေ အဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Nevirapine (နီဗရာပင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းပျက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။တခါတလေ အိပ်ငိုက်စေတတ်ပါတယ်။ အဲဒီလက္ခဏာတွေ ပျောက်မသွားရင်၊ ပိုဆိုးသွားရင် ဆရာဝန်ပြပါ။

အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Nevirapine (နီဗရာပင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

ဒီဆေးနဲ့ ဓာတ်ပြုနိုင်ခြေရှိတဲ့ ဆေးတွေကတော့ orlistat, rifabutin, warfarin စတာတွေပဲ ဖြစ်ပါတယ်။

ကိုယ်ခန္ဓာကနေ nevirapine ဖယ်ရှားရာမှာ သက်ေ၇ာက်မှုရှိတဲ့ ဆေးတွေဟာ nevirapineရဲ့ အာနိသင်အပေါ်လည်း သက်ရောက်မှုရှိပါတယ်။ ဥပမာ rifamycins (rifampin), St. John’s wort စတာတွေပဲ ဖြစ်ပါတယ်။

Nevirapine ဟာ တခြားဆေးတွေကို ကိုယ်ခန္ဓာထဲကနေ ပိုပြီးမြန်ဆန်စွာ ဖယ်ရှားစေတဲ့ အာနိသင်ရှိပါတယ်။ ဥပမာ နှလုံးခုန်စည်းချက်မှန်စေဖို့ ပေးတဲ့ဆေးများ (amiodarone), asunaprevir, boceprevir, cobicistat, elvitegravir, အတက်ကျဆေး (clonazepam), မှိုစွဲကုသဆေး (itraconazole, ketoconazole), macrolide ပဋိဇီဝဆေးများ (clarithromycin), methadone, telaprevir စတာတွေပဲ ဖြစ်ပါတယ်။

HIV ပိုးကူးစက်ခြင်းကို ကုသတဲ့ တခြားဆေးတွေ (atazanavir, ritonavir)ဟာလည်း ဒီဆေးနဲ့ ဓာတ်ပြုနိုင်ခြေ ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ခြေကို လျော့ချဖို့ လူနာသုံးစွဲနေတဲ့ ဆေးဝါးတွေနဲ့ ကုသမှုကို စောင့်ကြည့်ရပါတယ်။

အရေပြားအကွက်ထခြင်းအတွက် ပရနီဆလုံးကို မပေးရပါဘူး။ nevirapine သောက်ခါစ ၆ပတ်အတွင်းမှာ အရေပြားပြသနာကို ပိုဆိုးလာစေလို့ ဖြစ်ပါတယ်။ အသေးစိတ်သိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးဟာ ဟော်မုန်းအသုံးပြုတဲ့ သန္ဓေတားဆေးတွေကို အာနိသင်လျော့နည်းစေပါတယ်။ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ တခြားသန္ဓေတားဒနည်းတွေ သုံးနိုင်ပါတယ်။ လိင်မှုကိစ္စဆောင်ရွက်ချိန်မှာ  ထိရောက်တဲ့ အကာအကွယ်နည်းလမ်းတွေ သုံးနိုင်ပါတယ်။ သွေးစက်ကျခြင်း၊ သွေးထွက်ခြင်း စတာတွေဟာ ဟော်မုန်းသန္ဓေတားဆေး မထိရောက်တဲ့အခြေအနေဖြစ်နိုင်ပြီး ဆရာဝန်ကို ဖွင့်ပြောပါ။

Nevirapineဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Nevirapine (နီဗရာပင်း) နဲ့ ဓာတ်ပြုနိုင်သလား

Nevirapineဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓာတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nevirapine (နီဗရာပင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Nevirapineဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nevirapine (နီဗရာပင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူကြီးများ HIV ပိုးကူးစက်ခြင်းအတွက်

ကနဦးပမာဏ။

အာနိသင်ချက်ချင်းပြစေတဲ့ဆေးပုံစံကို ၂၀၀ မီလီဂရမ် တနေ့တကြိမ်နှုန်းနဲ့ ၁၄ရက်သောက်ဖို့ ဖြစ်ပါတယ်။

ဆက်လက်သောက်သုံးရန်။

အာနိသင်ချက်ချင်းပြစေတဲ့ဆေးပုံစံကို ၂၀၀ မီလီဂရမ် တနေ့၂ကြိမ်နှုန်းနဲ့ သောက်ဖို့ ဖြစ်ပါတယ်။

ရေရှည်အာနိသင်ပြစေတဲ့ ပုံစံကို ၄၀၀ မီလီဂရမ်နှုန်း တနေ့တကြိမ် သောက်ဖို့ ဖြစ်ပါတယ်။

တခြား HIV ရောဂါကုသဆေးတွေနဲ့ ပေါင်းစပ်ပြီး HIV-1 ပိုးကူးစက်ခြင်းအတွက် အသုံးပြုပါတယ်။

ကျောက်ကပ်အတွက် ဆေးဝါးချိန်ညှိခြင်း

ကျောက်ကပ်ကနေ ခရီအတနင်းစွန့်ထုတ်နှုန်းဟာ တမိနစ်ကို ၂၀ မီလီလီတာအနည်းဆုံးရှိပြီး ကျောက်ကပ်သွေးသန့်စင်ခြင်း မလိုတဲ့အခြေအနေမှာ ဆေးပမာဏကို ပြောင်းလဲဖို့ မလိုပါဘူး။

၂၀ မီလီလီတာအောက် လျော့နည်းတဲ့ အခြေအနေအတွက်တော့ အချက်အလက်တွေ မသိရပါဘူး။

မှတ်ချက်-

ကျောက်ကပ်ပြသနာရှိသူတွေမှာ ရေရှည်အာနိသင်ပြတဲ့ ဆေးပုံစံကို လေ့လာထားခြင်းမရှိပါဘူး။

အသည်းအတွက် ဆေးဝါးချိန်ညှိခြင်း

အတော်အသင့်ကနေ ဆိုးရွားတဲ့ အသည်းပြသနာတွေမှာ (Child Pugh အမျိုးအစား B နဲ့ C) မသုံးရပါဘူး။

မှတ်ချက်-

အသည်းမကောင်းသူတွေမှာ ရေရှည်အာနိသင်ပြတဲ့ ဆေးပုံစံကို လေ့လာထားခြင်းမရှိပါဘူး။

ဆေးပမာဏချိန်ညှိခြင်း

ဆေးပြတ်သွားဖူးသော လူနာများအတွက် –

၇ရက်ထက်ကျော်ပြီး ဖြတ်သွားဖူးရင် အစပုံစံကနေ ပြန်စပြီး ၁၄ရက် သောက်သင့်ပါတယ်။

အသည်းပြသနာရှိသူများ –

ပြသနာပေါ်လာရင် ဆေးကို အမြဲတမ်းအတွက် ရပ်လိုက်ရပါမယ်။ ပြန်ကောင်းပြီးရင်လည်း ပြန်မပေးရတော့ပါဘူး။

အရေပြားပေါ် အစက်အပြောက်ပေါ်သော လူနာများအတွက်-

ဆိုးရွားတဲ့ အစက်အပြောက်တွေပေါ်လာရင်၊ တခြားဆက်စပ်တဲ့ ပြသနာရှိရင် ဆေးသုံးစွဲမှုကို ရပ်တန့်ရပါမယ်။

တခြားဆက်စပ်ပြသနာမရှိဘဲ သိပ်မပြင်းထန်တဲ့ အစက်အပြောက်တွေဟာ ၁၄ရက်ကုသမှုကာလအတွင်း ပေါ်လာခဲ့ရင်-

  • အာနိသင်အမြန်ပြတဲ့ပုံစံကနေ ဆက်ပြီးမတိုးသင့်ပါဘူး။ အစက်အကွက်တွေ ပျောက်မသွားခင်အထိ ရေရှည်အာနိသင်ပုံစံကို မစသင့်ပါဘူး။
  • ကနဦးကုသမှုဟာ ၂၈ရက် မကျော်စေရပါဘူး။ ကျော်ရင် တခြားကုသနည်းကို ပြောင်းလဲရတတ်ပါတယ်။

ကျောက်ကပ်သွေးသန့်စင်ခြင်း

အာနိသင်ချက်ချင်းပြတဲ့ ဆေးပုံစံအတွက် ကျောက်ကပ်ဆေးတိုင်းမှာ ၂၀၀ မီလီဂရမ်ကို ထပ်မံဖြည့်စွက်ပေးရပါတယ်။

ရေရှည်အာနိသင်ပြတဲ့ဆေးအတွက်တော့ အချက်အလက်တွေ မရှိပါဘူး။

မှတ်ချက်-

ဒီဆေးကို ဇီဝဖြိုခွဲပြီး ထွက်လာတဲ့ပစ္စည်းများဟာ ကျောက်ကပ်ဆေးနေချိန်မှာ စုလာနိုင်ပါတယ်။ ကုသမှုဆိုင်ရာမှာတော့ သိသာထင်ရှားခြင်း မရှိပါဘူး

အခြားမှတ်ချက်များ

သုံးစွဲမှုအတွက် အကြံပြုချက်။

ဆိုးရွားပြီး အသက်အန္တရာယ်ရှိတဲ့ အသည်းအဆိပ်သင့်ခြင်းကို လေ့လာတွေ့ရှိထားတာကြောင့် အမျိုးသမီးတွေမှာ CD4 အရေအတွက်ဟာ 250 cells/mm3 ထက်များနေရင်၊ အမျိုးသားတွေမှာ 400 cells/mm3 ထက်များနေရင် ဆိုးကျိုးကကောင်းကျိုးထက်များနေရင် ဆေးကို စတင်မသုံးစွဲရပါဘူး။

HIV-1 ကို ကုသဖို့အတွက် တမျိုးတည်းသောဆေးအနေနဲ့ အသုံးပြုခြင်း၊ ထိရောက်မှုမရှိတဲ့ ကုသမှုမှာ ထပ်ပေါင်းပေးခြင်း မပြုပါနဲ့။

အစာနဲ့ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သုံးစွဲနိုင်ပါတယ်။

ဆေးရည်သောက်မယ်ဆိုရင် မသောက်ခင် ဆေးပုလင်းကို ဖြည်းဖြည်းလှုပ်ပေးပါ။ ဆေးရည်ကို တိကျစွာချိန်တွယ်ပါ။

ရေရှည်အာနိသင်ပြတဲ့ ဆေးပြားကို တပြားလုံးသောက်ပါ။ ၀ါးစားခြင်း၊ ချေခြင်း၊ ထက်ခြမ်းခြမ်းခြင်း မလုပ်ပါနဲ့။ ဒီဆေးမသုံးခင်မှာ ဆေးတပြားလုံးကို မျိုချနိုင်တဲ့ အခြေအနေရှိမရှိ သုံးသပ်ပါ။

အာနိသင်အမြန်ပြတဲ့ဆေးနဲ့ ရေရှည်အာနိသင်ပြတဲ့ဆေးကို တွဲမသုံးပါနဲ့။

စောင့်ကြည့်ခြင်း

အထွေထွေ။အသည်းခြောက်တဲ့လူနာတွေမှာ ဆေးဝါးကြောင့် အဆိပ်သင့်ခြင်း ရှိမရှိ ရောဂါလက္ခဏာများ၊ ဓာတ်ခွဲစမ်းသပ်မှုများနဲ့ စစ်ဆေးရပါမယ်။ (ကုသမှုရဲ့ ပထမဆုံး ၁၈ပတ်ကာလအတွက် ထုတ်လုပ်သူတွေဆီက အချက်အလက်တွေကို လေ့လာသင့်ပါတယ်။)

အသည်း။ အသည်းအင်ဇိုင်းများကို စစ်ဆေးရပါမယ်။ (ကုသမှုရဲ့ ပထမဆုံး ၁၈ပတ်ကာလအတွက် ထုတ်လုပ်သူတွေဆီက အချက်အလက်တွေကို လေ့လာသင့်ပါတယ်။)

လူနာများအတွက် အကြံပြုချက်။

FDA မှ သဘောတူခွင့်ပြုထားခြင်းရှိမရှိ လေ့လာပါ။

အသည်းရောဂါ၊ ဆိုးရွားတဲ့ ဓာတ်မတည့်ခြင်းပြသနာတွေ ရှိလာရင် ဆေးကိုရပ်ပြီး ဆေးဝါးကုသမှုခံယူပါ။

အသည်းေ၇ာင်ခြင်းလက္ခဏာတွေ့လာရင် ဆေးကိုရပ်ပြီး အရေးပေါ်ဆေးဝါးကုသမှု ခံယူပါ။

ဆေးစသုံးပြီး ၂ပတ်အတွင်း အရေပြားအကွက်တွေ ပေါ်လာရင် အာနိသင်အမြန်ရစေတဲ့ ဆေးကို မတိုးမြှင့်ပါနဲ့။ ရေရှည်အာနိသင်ရစေတဲ့ဆေးကို မသုံးပါနဲ့။ ဆေးကိုရပ်ပြီး ဆရာဝန်နဲ့ပြပါ။

ရောဂါပိုးဝင်တဲ့လက္ခဏာပြရင် ဆရာဝန်၊ သူနာပြုများဆီ ချက်ချင်းပြပါ။

ကလေးတွေအတွက် Nevirapine (နီဗရာပင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကနဦးပမာဏ။

အာနိသင်အမြန်ရစေသော ဆေးပုံစံအတွက် –

အသက် ၁၅နှစ်နှင့်အထက်။ 150 mg/m2 နှုန်းဖြင့် တနေ့တကြိမ် (၁၄ရက်ဆက်ပြီး) သောက်သုံးရန်။

အများဆုံးပမာဏ။ တရက်လျှင် ၂၀၀ မီလီဂရမ်

ဆက်လက်သောက်သုံးရန်ပမာဏ။

အာနိသင်အမြန်ရစေသော ဆေးပုံစံအတွက် –

အသက် ၁၅နှစ်နှင့်အထက်။ 150 mg/m2 နှုန်းဖြင့် တနေ့၂ကြိမ် သောက်သုံးရန်။

ရေရှည်အာနိသင်ပြသော ဆေးပုံစံအတွက် –

အသက် ၆နှစ်နှင့်အထက်။

ကိုယ်ခန္ဓာမျက်နှာပြင်ဧရိယာ 0.58 မှ 0.83 m2 လျှင် ၂၀၀ မီလီဂရမ် တနေ့တကြိမ်

ကိုယ်ခန္ဓာမျက်နှာပြင်ဧရိယာ 0.84 မှ 1.16 m2 လျှင် ၃၀၀ မီလီဂရမ် တနေ့တကြိမ်

ကိုယ်ခန္ဓာမျက်နှာပြင်ဧရိယာ အနည်းဆုံး 1.17 m2 လျှင် ၄၀၀ မီလီဂရမ် တနေ့တကြိမ်

အများဆုံး တရက် ၄၀၀ မီလီဂရမ်

အသုံးပြုခြင်း။ တခြား HIV ကုသတဲ့ ဆေးဝါးများနဲ့ ပေါင်းစပ်ပြီး HIV-1 ရောဂါပိုးကူးစက်ခြင်းအတွက် ပေးပါတယ်။

HIV ကူးစက်ခံထားရသူ ကလေးများအတွက် ဆေးဝါးကုသမှု အကြံပြုချက်။

အာနိသင်အမြန်ရသော ဆေးဝါးပုံစံအတွက် –

ကိုယ်ဝန်ဆောင်ကာလ ၃၄ပတ်မှ ၃၇ပတ်အထိ အသက် ၁လအောက်အတွက် ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၄ မီလီဂရမ်နှုန်းဖြင့် တနေ့၂ကြိမ် ၂ပတ်ပေးရန်၊ ပြီးလျှင် ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၆မီလီဂရမ်နှုန်းဖြင့် တနေ့၂ကြိမ်ဆက်ပေးရန်။

ကိုယ်ဝန်ဆောင်ကာလ အနည်းဆုံး ၃၇ပတ်အထိ အသက် ၁လအောက်အတွက် ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၆မီလီဂရမ်နှုန်းဖြင့် တနေ့၂ကြိမ်ပေးရန်။

အသက် ၁လမှ ၈နှစ်။

ကနဦးပမာဏ 200 mg/m2 တနေ့တကြိမ်ဖြင့် ၁၄ရက်ဆက်တိုက်

ဆက်လက်သောက်သုံးရန် 200 mg/m2 တနေ့၂ကြိမ်

အသက် ၈နှစ်အထက်။

ကနဦးပမာဏ 120 မှ 150 mg/m2 တနေ့တကြိမ်ဖြင့် ၁၄ရက်ဆက်တိုက်

ဆက်လက်သောက်သုံးရန် 120 မှ 150 mg/m2 တနေ့၂ကြိမ်

အများဆုံး။ ၂၀၀ မီလီဂရမ်

ရေရှည်အာနိသင်ပြသော ဆေးပုံစံအတွက် –

အသက် ၆နှစ်နှင့်အထက်။

ကိုယ်ခန္ဓာမျက်နှာပြင်ဧရိယာ 0.58 မှ 0.83 m2 လျှင် ၂၀၀ မီလီဂရမ် တနေ့တကြိမ်

ကိုယ်ခန္ဓာမျက်နှာပြင်ဧရိယာ 0.84 မှ 1.16 m2 လျှင် ၃၀၀ မီလီဂရမ် တနေ့တကြိမ်

ကိုယ်ခန္ဓာမျက်နှာပြင်ဧရိယာ အနည်းဆုံး 1.17 m2 လျှင် ၄၀၀ မီလီဂရမ် တနေ့တကြိမ်

မှတ်ချက်-

အသက် ၂နှစ်အရွယ်အထိဆိုရင် အထူးကုဆရာဝန်အချို့ဟာ ကနဦးကာလ ကုသမှုမပေးဘဲ ဆေးကိုစတင်ပါတယ်။

ဘေးထွက်ဆိုးကျိုးမကြုံသရွေ့ ကလေးဟာ အသက်၈နှစ်ပြည့်ပြီးရင် ဆေးပမာဏကို လျှော့ချဖို့ မလိုပါဘူး။ ကလေးကြီးလာတဲ့အတိုင်း mg/mg2 နှုန်းနဲ့ပဲ ဆေးကို တွက်ချက်သွားပါတယ်။

နေ့စဉ်ပမာဏဟာ ၄၀၀ မီလီဂ၇မ်ကို မကျော်သင့်ပါဘူး။

ပိုပြီးသိရအောင် လက်ရှိအသုံးပြုနေတဲ့ လမ်းညွှန်ချက်တွေကို လေ့လာပါ။

မွေးဖွားချိန်တွင် ကလေးများကို HIV ပိုးကူးစက်ခြင်းကို လျှော့ချနိုင်ရန်အတွက်

HIV ပိုးရှိသူ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ကုသခြင်းနှင့် မွေးဖွားချိန် ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်ခြင်းအတွက်။

ကြိုတင်ကာကွယ်ရန် –

မွေးခါစအလေးချိန် ၁.၅ မှ ၂ကီလိုဂရမ်အတွက် တနေ့ကို ၈မီလီဂရမ် တကြိမ်နှုန်းနဲ့ ၃ရက်ပေးရန် ဖြစ်ပါတယ်။

မွေးခါစအလေးချိန် ၂ကီလိုဂရမ်ကျော်အတွက် တနေ့ကို ၁၂မီလီဂရမ် တကြိမ်နှုန်းနဲ့ ၃ရက်ပေးရန် ဖြစ်ပါတယ်။

ကုသသည့် ဆေးပမာဏ –

ကိုယ်ဝန်ဆောင်ကာလ ၃၄ပတ်မှ ၃၇ပတ်အထိ အသက် ၁ပတ်အထိ ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၄ မီလီဂရမ်နှုန်းဖြင့် တနေ့၂ကြိမ်ပေးရန်၊

ကိုယ်ဝန်ဆောင်ကာလ ၃၄ပတ်မှ ၃၇ပတ်အထိ အသက် ၁ပတ်မှ ၆ပတ်အထိ ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၆မီလီဂရမ်နှုန်းဖြင့် တနေ့၂ကြိမ်ပေးရန်၊

ကိုယ်ဝန်ဆောင်ကာလ အနည်းဆုံး၃၇ပတ် အသက် ၆ပတ်အထိ ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၆ မီလီဂရမ်နှုန်းဖြင့် တနေ့၂ကြိမ်ပေးရန်၊

မှတ်ချက်။

အာနိသင်ချက်ချင်းရသော ဆေးဝါးပုံစံအတွက် –

ကြိုတင်ကာကွယ်ပြီးပေးတဲ့ ဆေး၃ကြိမ်စာကို zidovudine ၆ပတ်စာနဲ့ဖြစ်စေ ဒါမှမဟုတ် ကုသခြင်းအနေနဲ့ပေးတဲ့ဆေးတွေကို zidovudine၊ lamivudine နဲ့တွဲပြီးဖြစ်စေ မွေးဖွားချိန်မှာ HIV ပိုး ကူးစက်ခြင်းကို ကာကွယ်ရန်ပေးပါတယ်။

ဒီဆေးကို ကုသခြင်းအနေနဲ့ပေးတဲ့ ဆေးပမာဏကို zidovudine၊ lamivudine နဲ့တွဲပြီးပေးခြင်းဟာ HIV ပိုး ကူးစက်ခံရကြောင်း အတည်ပြုပြီးတဲ့ မွေးကင်းစကလေးတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

မွေးကင်းစကလေးတွေ HIV ပိုးကူးစက်ခံရခြင်းကို ကုသဖို့ သင့်တော်တဲ့အချိန်ကာလကိုတော့ မသိရပါဘူး။ ကျွမ်းကျင်သူများကတော့ ပေါင်းစပ်ကုထုံးကို ၆ပတ်အထိ ပေးပါတယ်။ တချို့ကတော့ကလေးမှာ ပိုးမတွေ့ရတော့ကြောင်း အဖြေထွက်ရင် ဒီဆေးဖြစ်စေ၊ lamivudine ကို ဖြစ်စေ ရပ်တန့်ပါတယ်။

ကုထုံးကို မွေးခါစမှာပဲ စနိုင်သမျှ မြန်မြန်စတာ ကောင်းပါတယ်။ ကောင်းတာကတော့ ၆ပတ်မှ ၁၂ပတ်အတွင်း ဖြစ်ပါတယ်။

ပိုသိရအောင် လက်ရှိကုသမှုလမ်းညွှန်ချက်တွေကို လေ့လာသင့်ပါတယ်။

အထူးသတိပြုရန်

အသက် ၆နှစ်အောက်ကလေးတွေမှာ ရေရှည်အာနိသင်ရတဲ့ဆေးပုံစံ အသုံးပြုခြင်းအတွက် ဘေးကင်းစိတ်ချရမှုနဲ့ ထိရောက်မှုရှိမရှိ မသိရသေးပါဘူး။

Nevirapine (နီဗရာပင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Nevirapineကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • သောက်ဆေးရည်
  • ဆေးပြား
  • ရေရှည်အာနိသင်ရစေသော ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Nevirapineဆေးကို သုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မေ 24, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 24, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။