Neurontin (နူရွန်တင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Neurontin (နူရွန်တင်) Brand Name(s): Neurontin (နူရွန်တင်).

အသုံးပြုပုံများ

Neurontin (နူရွန်တင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Neurontin®ကို အတက်ရောဂါကုသဆေးအနေနဲ့ သုံးပါတယ်။ Gabapentin ဟာ တက်ခြင်း၊ နာကျင်ခြင်းကိုဖြစ်စေတဲ့ ကိုယ်ခန္ဓာထဲက ဓာတ်ပစ္စည်းအချို့ကို ထိန်းချုပ်နိုင်ပါတယ်။

Neurontin®ကို ရေယုန်ကြောင့် အာရုံကြောနာကျင်ခြင်းကို ကုသရာမှာလည်း အသုံးပြုပါတယ်။

လူကြီးတွေရော အနည်းဆုံးအသက် ၃နှစ်ရှိတဲ့ ကလေးတွေမှာ အတက်ရောဂါကုသဖို့ သုံးပါတယ်။

Neurontin (နူရွန်တင်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ပေးပါ။ ဆေးညွှန်းစာမှာပါတဲ့ ညွှန်ကြားချက်အားလုံးကို လိုက်နာပါ။ညွှန်ထားတဲ့ ပမာဏထက် ပိုသောက်ခြင်း၊ လျှော့သောက်ခြင်း၊ ပိုပြီးကြာကြာ သောက်ခြင်း မပြုပါနဲ့။

အစာနဲ့ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်နိုင်ပါတယ်။

Neurontin® ဆေးပြားကို ခြမ်းသောက်မယ်ဆိုရင် တခြမ်းသောက်ပြီးချိန်မှာ နောက်တခြမ်းကို နောက်တကြိမ်မှာပဲ သောက်ပါ။ ခြမ်းထားတဲ့ဆေးတွေကို တတ်နိုင်သမျှ မြန်မြန်သောက်သုံးပေးရပါတယ်။

ဆေးရည်သောက်မယ်ဆိုရင် ဆေးရည်ချိန်တဲ့ပြွန်၊ ဇွန်း၊ ခွက် စတာတွေကို အသုံးပြုပါ။ ဆေးရည်ချိန်တဲ့ ကိရိယာမရှိရင် ဆေးဝါးကျွမ်းကျင်သူဆီမှာ တောင်းယူပါ။

သက်သာလာတယ်ထင်ရင်တောင် ဆေးကိုမရပ်ပါနဲ့။ ဆေးကို ရုတ်တရက်ရပ်ခြင်းဟာ အတက်ရောဂါကို ပိုဖြစ်စေပါတယ်။ ဆေးကို ဘယ်လိုလျှော့ချသွားရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ Neurontin® ဟာ ဆီးထဲက ပရိုတိန်းစစ်ရာမှာ အဖြေမှားစေနိုင်ပါတယ်။ ဆီးစစ်မယ်ဆိုရင် Neurontin® သောက်နေကြောင်း ဓာတ်ခွဲခန်းဝန်ထမ်းတွေကို ကြိုပြောပြထားပါ။

Neurontin (နူရွန်တင်) ဘယ်လိုသိမ်းဆည်းရမလဲ

Neurontin®ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုရပါ။ Neurontin®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။  ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Neurontin®ကို အိမ်သာတွင်းထဲ ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်း ကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Neurontin (နူရွန်တင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွေရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ၀ယ်နိုင်သောဆေးများ သဘာဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်သောဆေးများ၊ အားဖြည့်စာများလည်း ပါဝင်ပါတယ်။
  • Neurontin®တွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်မှုဖြစ်ခြင်း
  • အခြား ရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း
  • ဆိုးရွားသော ကျောက်ကပ်ရောဂါဖြစ်ခြင်း၊ ကျောက်ကပ်ဆေးနေရခြင်း

ဒီဆေးသုံးနေစဉ်မှာ လူတချို့ဟာ သေကြောင်းကြံစည်လိုစိတ်တွေ ပေါ်လာတတ်ပါတယ်။ Neurontin® သောက်သုံးနေချိန်မှာ ဆရာဝန်နဲ့ ပုံမှန်ပြဖို့ လိုပါတယ်။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို မိသားစုဝင်တွေ၊ ပြုစုကုသသူတွေ သိရအောင် ဖွင့်ပြောထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Neurontin (နူရွန်တင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Neurontin®ကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ အသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိ ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာ စမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေ ကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Neurontin®ဆေးဟာ အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် C ရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေ အဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Neurontin (နူရွန်တင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • မူးဝေခြင်း
  • အိပ်ငိုက်ခြင်း
  • ခေါင်းကိုက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးတချို့ကတော့ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ Neurontin® သုံးစွဲနေရတဲ့ ကလေးတွေမှာ အောက်ပါလက္ခဏာတွေတွေ့ရရင် ဆရာဝန်နဲ့ ပြသပါ။

  • အမူအကျင့်ပိုင်းပြောင်းလဲခြင်း
  • မှတ်ဥာဏ်ပိုင်းဆိုင်ရာပြသနာများ
  • အာရုံစူးစိုက်ရန်ခက်ခဲခြင်း
  • ဂနာမငြိမ်ခြင်း၊ ရန်လိုခြင်း

အောက်ပါလက္ခဏာတွေကြုံရရင် ဆရာဝန်ချက်ချင်းပြပါ။

  • အတက်ရောဂါဆိုးလာခြင်း
  • ဆိုးရွားစွာ ပင်ပန်းနွမ်းနယ်ခြင်း
  • အစာအိမ်အောင့်ခြင်း
  • ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးပြီးဖျားခြင်း၊ အသက်ရှူကြပ်ခြင်း
  • ဆိုးရွားစွာ ထုံကျင်ခြင်း
  • မျက်စိ ရှေ့နောက် လျင်မြန်စွာ ရွေ့လျားခြင်း
  • ကျောက်ကပ်ပြသနာများ။ ဆီးနည်းခြင်း၊ ဆီးမသွားခြင်း၊ ဆီးသွားလျှင်နာခြင်း၊ ဆီးသွားရန်ခက်ခြင်း၊ ခြေဖမိုး ခြေကျင်းဝတ် ဖောရောင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူရခက်ခြင်း
  • ဆိုး၇ွားသော အရေပြားလက္ခဏာများ။ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ မျက်နှာ လျှာ ရောင်ရမ်းခြင်း၊ မျက်စိပူခြင်း၊ အရေပြားနာလာပြီး အနီစက်များပေါ်ကာ တခြားနေရာများကို ပြန့်သွားခြင်း (အထူးသဖြင့် မျက်နှာနှင့် ကိုယ်ခန္ဓာ အပေါ်ပိုင်း)၊ အရည်ကြည်ဖုထပြီး အရေပြားကွာကျခြင်း

အရေပြားမှာအကွက်များထပြီး ဆိုးရွားတဲ့ ဓာတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ ဆီးမည်းခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဂလင်းများရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ ပုံမှန်မဟုတ်ဘဲ သွေးခြေဥခြင်း၊ သွေးထွက်ခြင်း၊ ကြွက်သားများနာခြင်း၊ အသားနှင့်မျက်လုံးဝါခြင်း စတာတွေ ကြုံရရင် ဆေးဝါးကုသမှု ချက်ချင်း ခံယူပါ။

ဓာတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အင်ပြင်ထခြင်း၊အသက်ရှူရခက်ခြင်း ယားယံခြင်း၊ မျက်နှာ လျှာ လည်ချောင်းရောင်ရမ်းခြင်း စတဲ့လက္ခဏာတွေကြုံရရင် အရေးပေါ်ဆေးဝါးကုသမှု ခံယူပါ။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရချိန်မှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Neurontin (နူရွန်တင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Neurontin®ဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Neurontin (နူရွန်တင်) နဲ့ ဓာတ်ပြုနိုင်သလား

Neurontin®ဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓာတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Neurontin (နူရွန်တင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Neurontin®ဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ အောက်ပါရောဂါတွေမှာ ဓာတ်ပြုပြောင်းလဲနိုင်ခြေ ရှိပါတယ်။

  • ကျောက်ကပ်ရောဂါများ (ကျောက်ကပ်သန့်စင်ခြင်းအပါအ၀င်)
  • တက်ခြင်း
  • ဆီးချိုရောဂါ
  • အသည်းရောဂါ
  • စိတ်ကျခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ မူးယစ်ဆေးသုံးခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်လိုသော အတွေး အပြုအမူများ ရှိခဲ့ဖူးခြင်း
  • နှလုံးရောဂါ
  • RLS ရှိသူများ (နေ့ဘက်အိပ်ပြီး ညပိုင်းဆင်းသူများ ဖြစ်လျှင်)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Neurontin (နူရွန်တင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ရေယုန်ဖြစ်ပြီးချိန် အာရုံကြောများနာခြင်း

ပထမနေ့မှာ ၃၀၀ မီလီဂရမ်ကို တကြိမ်၊ ဒုတိယနေ့မှာ ၆၀၀ မီလီဂရမ် (၃၀၀ မီလီဂရမ်စီ နှစ်ကြိမ်ခွဲသောက်ပြီး)၊ တတိယနေ့မှာ ၉၀၀ မီလီဂရမ် (၃၀၀ မီလီဂရမ်ကို တနေ့၃ကြိမ်) သုံးစွဲသွားဖို့ ဖြစ်ပါတယ်။ လူနာရဲ့ နာကျင်မှုကို သက်သာစေတဲ့အထိ တနေ့ကို ၁၈၀၀ မီလီဂရမ် (၆၀၀ မီလီဂရမ် ၃ကြိမ်) ထိ လိုအပ်သလို ပေးနိုင်ပါတယ်။

ဦးနှောက်တခုလုံးမဟုတ်ဘဲ တစိတ်တပိုင်းသက်ေ၇ာက်သော တက်ခြင်း

အသက် ၁၂နှစ်နှင့်အထက်

  • ၃၀၀ မီလီဂရမ်ကို တနေ့၃ကြိမ်နှုန်းကနေ စပေးပါတယ်။
  • ဆက်လက်သောက်သုံးရမှာကတော့ ၃၀၀ ကနေ ၆၀၀ မီလီဂရမ်ကို တနေ့၃ကြိမ် သောက်ဖို့ ဖြစ်ပါတယ်။ တရက်ကို ၂၄၀၀ မီလီဂရမ်ထိ ခံနိုင်ရည်ရှိတယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။
  • လူနာအနည်းငယ်မှာ တရက် ၃၆၀၀ မီလီဂရမ်နှုန်းနဲ့ အချိန်တိုတိုပေးရာမှာ ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။
  • Neurontin® ဆေးတောင့် ၃၀၀-၄၀၀ မီလီဂရမ်၊ ဆေးပြား ၆၀၀-၈၀၀ မီလီဂရမ်ကို တနေ့ ၃ကြိမ် ပေးနိုင်ပါတယ်။
  • တကြိမ်နဲ့တကြိမ်ကြား အများဆုံး ၁၂နာရီ ခြားရပါတယ်။

အသက် ၃နှစ်မှ ၁၁နှစ်ထိ

  • စတင်သုံးစွဲရမယ့် ပမာဏကတော့ တရက်မှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၁၀ မီလီဂရမ်ကနေ ၁၅ မီလီဂရမ်ကို ၃ကြိမ် ခွဲပေးရပါတယ်။ ၃ရက်လောက်ထိ ဆေးကိုတိုးမြှင့်ပြီး ဆက်လက်သုံးစွဲပေးရပါတယ်။
  • အသက် ၃-၄နှစ်အရွယ်ကလေးတွေအတွက် ဆက်လက်သုံးစွဲရမယ့် ပမာဏကတော့ တရက်ကို ကိုယ်အလေးချိန် တစ်ကီလိုကို ၄၀မီလီဂရမ်နှုန်းနဲ့ ၃ကြိမ်စီ ခွဲပေးဖို့ ဖြစ်ပါတယ်။
  • အသက် ၅-၁၁နှစ်အရွယ်ကလေးတွေအတွက် ဆက်လက်သုံးစွဲရမယ့် ပမာဏကတော့ တရက်ကို ကိုယ်အလေးချိန် တစ်ကီလိုကို ၂၅-၃၅မီလီဂရမ်နှုန်းနဲ့ ၃ကြိမ်စီ ခွဲပေးဖို့ ဖြစ်ပါတယ်။
  • Neurontin®ကို သောက်ဆေးရည်၊ ဆေးတောင့်၊ ဆေးပြား စသဖြင့်ပုံစံမျိုးစုံနဲ့ ရပါတယ်။ တရက်ကို ကိုယ်အလေးချိန် တစ်ကီလိုကို ၅၀မီလီဂရမ်ပေးတဲ့ နှုန်းအထိ ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။
  • ဆေးသောက်ချိန် တကြိမ်နဲ့တကြိမ်ကြား ၁၂နာရီထက် မကျော်ရပါဘူး။

ကလေးတွေအတွက် Neurontin (နူရွန်တင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေမှာ သုံးစွဲရမယ့် ပမာဏကို မသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသောက်ဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသုံးစွဲခင်မှာ ဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

Neurontin (နူရွန်တင်) ကိုဘယ်လိုရရှိနိုင်သလဲ

Neurontin®ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • ဆေးပြား
  • ဆေးတောင့်
  • သောက်ဆေးရည် ၁၀၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Neurontin®ဆေးကို သုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မေ 24, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 24, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။