Neomycin (နီရိုမိုင်စင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Neomycin (နီရိုမိုင်စင်) Brand Name(s): Neomycin (နီရိုမိုင်စင်).

အသုံးပြုပုံများ

Neomycin (နီရိုမိုင်စင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Neomycinကို အူလမ်းကြောင်းခွဲစိတ်ပြီးချိန်မှာ ရောဂါပိုးမ၀င်စေဖို့ အသုံးပြုပါတယ်။ Neomycin ဟာ aminoglycoside အုပ်စုဝင် ပဋိဇီဝဆေးအမျိုးအစား ဖြစ်ပါတယ်။ အူထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားမှုကို ကာကွယ်ပေးပါတယ်။

Neomycin ကို ဆိုးရွားပြင်းထန်တဲ့ အသည်းပျက်စီးခြင်းကြောင့် ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း အခြေအနေကို ကုသဖို့အတွက် အထူးစားသောက်မှုပုံစံနဲ့လည်း ပေါင်းစပ်ကုသရာမှာ အသုံးပြုပါတယ်။ အဲဒီပြသနာဟာ အမိုးနီးယားဓာတ် လွန်ကဲခြင်းကြောင့်ဖြစ်တဲ့ ပြသနာပဲ ဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ အသည်းကနေ အမိုးနီးယားကို ဖယ်ထုတ်နိုင်ပေမယ့် အသည်းရောဂါဖြစ်လာချိန်မှာတော့ ကိုယ်ခန္ဒာထဲမှာ အမိုးနီးယားတွေ များပြားလာစေပါတယ်။ ဒီဆေးဟာ အူလမ်းကြောင်းထဲမှာ အမိုးနီးယားဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးပါတယ်။

ဒီဆေးဟာ ဘက်တီးရီးယားပိုးတမျိုးကိုပဲ ကုသပေးနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုး (အအေးမိတုတ်ကွေး) ကို မနှိမ်နင်းနိုင်ပါဘူး။ ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲသုံးခြင်း၊ အလွဲသုံးခြင်းဟာ ဆေးရဲ့ထိေ၇ာက်မှုကို ကျဆင်းစေနိုင်ပါတယ်။

Neomycin (နီရိုမိုင်စင်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်တဲ့အတိုင်း တိကျစွာ သောက်ပေးရပါတယ်။

အူလမ်းကြောင်းခွဲစိတ်ခြင်းပြုလုပ်ပြီးချိန် ရောဂါပိုးမ၀င်အောင် ခွဲစိတ်မှုမတိုင်ခင် ၃-၄ကြိမ် (သို့) ဆရာဝန်ညွှန်တဲ့အတိုင်း ကြိုသောက်ရပါတယ်။ ခွဲစိတ်မှု မတိုင်ခင်မှာ စားသောက်မှုပုံစံ၊ ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ။

အသည်းပျက်စီးခြင်းကြောင့် ဦးနှောက်ချို့ယွင်းခြင်းကို ကုသဖို့အတွက် တနေ့ ၄ကြိမ်နဲ့ ၅-၆ရက် ဒါမှမဟုတ် ဆ၇ာဝန်ညွှန်တဲ့အတိုင်း သောက်ပေးရပါတယ်။ ဆေးပမာဏဟာ ကျန်းမာရေးအခြေအနေ၊ ကုသမှုအပေါ် တုံ့ပြန်ခြင်း စတာတွေအပေါ် မူတည်ပါတယ်။ အကြားအာရုံချို့ယွင်းခြင်းနဲ့ တခြား ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့ ဆေးကို အနည်းဆုံးနဲ့ထိရောက်တဲ့ ပမာဏကို အချိန်အတိုဆုံး သောက်သုံးရပါတယ်။ ညွှန်ထားတဲ့ ပမာဏထက် ပိုသောက်ခြင်း၊ မကြာမကြာသောက်ခြင်း၊ ပိုပြီးကြာကြာ သောက်ခြင်း မပြုပါနဲ့။ ဆေးဝါးထုတ်လုပ်သူတွေဟာ ကုသချိန်တခါမှာ ၂ပတ်ထက်ကျော်ပြီး မသုံးစွဲဖို့ သတိပေးထားပါတယ်။ အသည်းပျက်စီးခြင်းကြောင့် ဦးနှောက်ချို့ယွင်းခြင်းကို ကုသဖို့သောက်သုံးရာမှာ အကောင်းဆုံးအာနိသင်ရအောင် သူ့အချိန်နဲ့သူ သောက်သုံးသင့်ပါတယ်။ မှတ်မိလွယ်အောင် နေ့စဉ် အချိန်တူညီစွာ သောက်သုံးသင့်ပါတယ်။မသက်သာရင်၊ ပိုဆိုးလာရင် ဆရာဝန်ပြပါ။

Neomycin (နီရိုမိုင်စင်) ဘယ်လိုသိမ်းဆည်းရမလဲ

Neomycinကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုရပါ။ Neomycinဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။  ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Neomycinကို အိမ်သာတွင်းထဲ ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်း ကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Neomycin (နီရိုမိုင်စင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

neomycin မသုံးစွဲခင်မှာ သူနဲ့ဓာတ်မတည့်တာရှိရင်၊ တခြား aminoglycoside ဆေးတွေနဲ့ ဓာတ်မတည့်ခြင်း ရှိရင်၊ တခြားဓာတ်မတည့်တာရှိရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကို ဖွင့်ပြောပါ။ ဒီပစ္စည်းမှာ ဓာတ်မတည့်ခြင်းနဲ့ တခြားပြသနာတွေကို ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ပိုသိရအောင် ဆေးဝါးကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ။

ဒီဆေးမသုံးခင်မှာ မိမိရဲ့ ကျန်းမာရေးရာဇ၀င်ကို (အထူးသဖြင့် နားလေးခြင်း၊ နားမကြားခြင်း၊ အူလမ်းကြောင်းပြသနာများ၊ ကျောက်ကပ်ပြသနာများ၊ ကြွက်သားများအားနည်းတဲ့ရောဂါ၊ ပါကင်ဆန်ရောဂါစတာတွေရှိရင်) ဆရာဝန် (သို့) သူနာပြုကို ဖွင့်ပြောပါ။

ဒီဆေးကို များများသုံးခြင်း၊ အချိန်ကြာကြာသုံးခြင်းတို့ဟာ ကိုယ်ခန္ဓာကနေ အစားအစာအချို့၊ အာဟာရဓာတ်အချို့ (သံဓာတ်၊ ဗီတာမင်အေ၊ ဘီ၁၂)နဲ့ ဆေးဝါးများ (digoxin, warfarin) ကို စုပ်ယူမှုအားနည်းစေပါတယ်။ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

Neomycin ဟာ ဘက်တီးရီးယားပါတဲ့ ကာကွယ်ဆေး (တိုက်ဖွိုက်ကာကွယ်ဆေး) တချို့ကို အာနိသင်ကျဆင်းစေပါတယ်။ ဒီဆေးကိုသုံးနေချိန်မှာ ဆရာဝန်မညွှန်ဘဲ ကာကွယ်ဆေးထိုးခြင်း မပြုပါနဲ့။

ခွဲစိတ်မှု ခံယူရမယ်ဆိုရင် သောက်နေရတဲ့ ဆေးအမျိုးအစားအားလုံး (ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝ ဆေးဘက်ဝင်ပစ္စည်းများ အပါအ၀င်) ဆရာဝန်ကို ပြောပြပါ။

မွေးကင်းစကလေးတွေ၊ လမစေ့ဘဲမွေးတဲ့ ကလေးတွေဟာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးကို ပိုခံစားရပါတယ်။ အထူးသဖြင့် အကြားအာရုံပြသနာ ဖြစ်စေပါတယ်။

ဒီဆေးကို ကိုယ်ဝန်ရှိနေချိန်မှာ အသုံးမပြုရပါဘူး။ ဒီလို ဆေးပုံစံတွေကို သုံးနေတဲ့ မိခင်တွေကနေ မွေးလာတဲ့ကလေးတွေမှာ ဘေးအန္တရာယ်ရှိတယ်လို့ ဆိုကြပေမယ့် အန္တရာယ်ဖြစ်နိုင်ခြေကတော့ ဒီဆေးနဲ့ သိပ်မတူပါဘူး။ ဆေးရဲ့ အကျိုးအပြစ်တွေကို သိရအောင် ဆရာဝန်နဲ့တိုင်ပင်ပါ။

ဒီဆေးဟာ မိခင်နို့ထဲကို ဖြတ်သန်းနိုင်ကြောင်းရှိမရှိ မသိရပါဘူး။ ဆရာဝန်အများစုကတော့ ဘေးကင်းတယ်လို့ ယူဆကြပါတယ်။ ဆေးသုံးနေချိန် မိခင်နို့တိုက်ရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Neomycin (နီရိုမိုင်စင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Neomycinကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ အသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိ ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာ စမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေ ကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Neomycinဆေးဟာ အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် D ရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေ အဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Neomycin (နီရိုမိုင်စင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့အန်ခြင်း၊ ၀မ်းပျက်ခြင်း ဖြစ်နိုင်ပါတယ်။အဲဒီလက္ခဏာတွေ ပျောက်မသွားရင်၊ ပိုဆိုးသွားရင် ဆရာဝန်ပြပါ။

ဆရာဝန်အနေနဲ့ ဒီဆေးကို ပေးရခြင်းဟာ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဒီဆေးကုသုံးသူအများစုမှာတော့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ မကြုံရပါဘူး။ လမ်းလျှောက်ရခက်ခြင်း၊ ထုံကျင်ခြင်း၊ ကြွက်သားများ အကြောဆွဲခြင်း အားနည်းခြင်း၊ တက်ခြင်း စတဲ့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေကြုံရရင် ဆရာဝန်နဲ့ ပြသပါ။

ဒီဆေးကြောင့် ဆိုးရွားတဲ့ ဓာတ်မတည့်ခြင်းတွေဖြစ်တာ ရှားပါတယ်။ ဒါပေမယ့် အရေပြားအကွက်ဖြစ်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ လျှာ လည်ချောင်း)၊ ဆိုးရွားစွာ မူးဝေခြင်း၊ အသက်ရှူရခက်ခြင်း စတဲ့ လက္ခဏာတွေကြုံရရင် ဆေးဝါးကုသမှု ခံယူပါ။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရချိန်မှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Neomycin (နီရိုမိုင်စင်) နဲ့ ဓာတ်ပြုနိုင်သလဲ

ကျောက်ကပ်နဲ့ အကြားအာရုံကို ထိခိုက်စေတဲ့ဆေးတွေဟာ neomycin နဲ့ တွဲသုံးရင် ကျောက်ကပ်ထိခိုက်နိုင်ခြေ၊ အကြားအာရုံ ချို့ယွင်းနိုင်ခြေကို မြင့်တက်စေပါတယ်။ ဥပမာ amikacin, tobramycin, amphotericin B, cidofovir, cisplatin, polymyxin B, cephaloridineကဲ့သို့ cephalosporin ဆေးများ၊ ibuprofenကဲ့သို့ စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ စတာတွေပဲ ဖြစ်ပါတယ်။

ပဋိဇီဝဆေးအများစုဟာ ဟော်မုန်းကို အသုံးပြုတဲ့ ကိုယ်ဝန်တားတဲ့စနစ်တွေကို ထိရောက်မှုမရှိပေမယ့် rifampin, rifabutin လိုဆေးတွေဟာ အာနိသင်လျောနည်းစေပါတယ်။ ကိုယ်ဝန်ရသွားစေပါတယ်။ ကိုယ်ဝန်တားဆေးတွေ သုံးနေရရင် အသေးစိတ်သိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

Neomycinဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Neomycin (နီရိုမိုင်စင်) နဲ့ ဓာတ်ပြုနိုင်သလား

Neomycinဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓာတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Neomycin (နီရိုမိုင်စင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Neomycinဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Neomycin (နီရိုမိုင်စင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အစာလမ်းကြောင်းအတွက်

တနာရီကြာတိုင်း ၁ဂရမ်ကို သောက်ဆေးအနေနဲ့ ၄ကြိမ် သုံးစွဲပြီး နောက်ပိုင်းမှာ ၄နာရီကြာတိုင်း ၁ဂရမ်ကို ၅ကြိမ် သုံးစွဲရပါတယ်။

တခြားနည်းလမ်းကတော့ တရက်မှာ ၆ဂရမ်နှုန်းကို ၄နာရီခြားစီ ခွဲသောက်ရပါတယ်။ ၂-၃ရက် ဆက်သောက်ရပါတယ်။

အသည်းရောဂါကြောင့် ဦးနှောက်ထိခိုက်ခြင်းအတွက်

၎ဂရမ်ကနေ ၁၂ဂရမ်ကို ၄-၆နာရီခြားစီခွဲပြီး ၅-၆ရက် ဆက်တိုက်သုံးစွဲရပါတယ်။

အသည်းရောဂါကြောင့် မေ့မြောခြင်းအတွက်

၎ဂရမ်ကနေ ၁၂ဂရမ်ကို ၄-၆နာရီခြားစီခွဲပြီး ၅-၆ရက် ဆက်တိုက်သုံးစွဲရပါတယ်။

ဝမ်းပျက်ခြင်းအတွက်

တရက်မှာ ၃ဂရမ်ကို ၄ကြိမ် ခွဲသောက်ရပါတယ်။

ကျောက်ကပ်အတွက် ဆေးဝါးချိန်ညှိခြင်း

ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်သူတွေမှာ ကျောက်ကပ်နဲ့ အကြားအာရုံကို ထိခိုက်နိုင်ခြေရှိပါတယ်။ ကျောက်ကပ်ကို ထိခိုက်နိုင်ခြေနည်းတဲ့ ဆေးတွေကို ဦးစားပေး အသုံးပြုရပါတယ်။

အသည်းအတွက် ဆေးဝါးချိန်ညှိခြင်း

နာတာရှည် အသည်းမကောင်းသူတွေမှာ ထိခိုက်နိုင်ခြေနည်းတဲ့ဆေးတွေကို မသုံးနိုင်ရင် တနေ့ကို neomycin sulfate ၄ဂရမ်ကို လိုသလောက်အချိန်ယူပြီး ပေးရပါတယ်။

ဆေးပမာဏချိန်ညှိခြင်း

ကျောက်ကပ်မကောင်းသူတွေကို neomycin သုံးရာမှာ သတိထားသုံးစွဲရပါတယ်။ ဆေးကိုလျှော့ချပြီး သုံးဖို့လိုပါတယ်။

ကျောက်ကပ်သွေးသန့်စင်ခြင်း

ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်သူတွေမှာ ကျောက်ကပ်နဲ့ အကြားအာရုံကို ထိခိုက်နိုင်ခြေရှိပါတယ်။ ကျောက်ကပ်ကို ထိခိုက်နိုင်ခြေနည်းတဲ့ ဆေးတွေကို ဦးစားပေး အသုံးပြုရပါတယ်။

ကလေးတွေအတွက် Neomycin (နီရိုမိုင်စင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အစာလမ်းကြောင်းအတွက်

အသက်၁၈နှစ်အောက်ကလေးတွေမှာ neomycin သုံးစွဲခြင်းဟာ ဘေးကင်းစိတ်ချရမှု၊ ထိရောက်မှုရှိမရှိ မသိရသေးပါဘူး။ ဒါပေမယ့် အခြေအနေတချို့မှာတော့ အသုံးပြုသင့်ပါတယ်။

အသက် ၁လအောက်။ တရက်ကို ကိုယ်အလေးချိန်တစ်ကီလိုကို ၅၀မီလီဂရမ်နှုန်းနဲ့ ၆နာရီခြားပြီး ခွဲသောက်ရန်။

အသက်တနှစ်မှ ၁၈နှစ်။ တရက်ကို ကိုယ်အလေးချိန်တစ်ကီလိုကို ၅၀-၁၀၀မီလီဂရမ်နှုန်းနဲ့ ၆နာရီခြားပြီး ခွဲသောက်ရန်။

အသည်းရောဂါကြောင့် ဦးနှောက်ထိခိုက်ခြင်းအတွက်

အသက်၁၈နှစ်အောက်ကလေးတွေမှာ neomycin သုံးစွဲခြင်းဟာ ဘေးကင်းစိတ်ချရမှု၊ ထိရောက်မှုရှိမရှိ မသိရသေးပါဘူး။ ဒါပေမယ့် အခြေအနေတချို့မှာတော့ အသုံးပြုသင့်ပါတယ်။

အသက်၁လမှာ ၁၈နှစ်။ တရက်ကို ကိုယ်အလေးချိန်တစ်ကီလိုကို ၅၀-၁၀၀ မီလီဂရမ်နှုန်းနဲ့ ၆-၈နာရီခြားပြီး ခွဲသောက်ရန် (၅-၆ရက်ဆက်သောက်ရန်)

အသည်းရောဂါကြောင့် မေ့မြောခြင်းအတွက်

အသက်၁၈နှစ်အောက်ကလေးတွေမှာ neomycin သုံးစွဲခြင်းဟာ ဘေးကင်းစိတ်ချရမှု၊ ထိရောက်မှုရှိမရှိ မသိရသေးပါဘူး။ ဒါပေမယ့် အခြေအနေတချို့မှာတော့ အသုံးပြုသင့်ပါတယ်။

အသက်၁လမှာ ၁၈နှစ်။ တရက်ကို ကိုယ်အလေးချိန် တစ်ကီလိုကို ၅၀-၁၀၀ မီလီဂရမ်နှုန်းနဲ့ ၆-၈နာရီခြားပြီး ခွဲသောက်ရန် (၅-၆ရက်ဆက်သောက်ရန်)

ဝမ်းပျက်ခြင်းအတွက်

အသက်၁၈နှစ်အောက်ကလေးတွေမှာ neomycin သုံးစွဲခြင်းဟာ ဘေးကင်းစိတ်ချရမှု၊ ထိရောက်မှုရှိမရှိ မသိရသေးပါဘူး။ ဒါပေမယ့် အခြေအနေတချို့မှာတော့ အသုံးပြုသင့်ပါတယ်။

အသက် ၁လအောက်။ တရက်ကို ကိုယ်အလေးချိန်တစ်ကီလိုကို ၅၀မီလီဂရမ်နှုန်းနဲ့ ၆နာရီခြားပြီး ခွဲသောက်ရန်။

အသက်တနှစ်မှ ၁၈နှစ်။ တရက်ကို ကိုယ်အလေးချိန်တစ်ကီလိုကို ၅၀-၁၀၀မီလီဂရမ်နှုန်းနဲ့ ၆နာရီခြားပြီး ခွဲသောက်ရန်။

Neomycin (နီရိုမိုင်စင်) ကိုဘယ်လိုရရှိနိုင်သလဲ

Neomycinကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • ဆေးပြား
  • သောက်ဆေးရည်
  • ဆေးမှုန့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Neomycinဆေးကို သုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မေ 26, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 26, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ