Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Neo-Synephrine® နှာခေါင်းတွင်းဖြန်းဆေးကို နှာပိတ်ခြင်း၊ ဓါတ်မတည့်ခြင်းကြောင့် နှာစေးခြင်း၊ အအေးမိတုတ်ကွေးဖြစ်ခြင်းစတဲ့ပြသနာတွေမှာကုသဖို့ အသုံးပြုပါတယ်။ နှာခေါင်းအတွင်းပိုင်းသွေးကြောတွေကို ကျုံ့စေခြင်းအားဖြင့် အာနိသင်ပြပါတယ်။

Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) ဘယ်လိုသောက်သုံးသင့်သလဲ

နှာခေါင်းတွင်းဖြန်းဆေးကိုအသုံးပြုဖို့အတွက်

  • မသုံးစွဲခင်မှာအညွှန်းစာကိုသေချာဖတ်ပါ။
  • အညွှန်းစာပါအချက်တွေကိုသေချာနားမလည်ရင် ဆရာဝန်ကို မေးမြန်းပါ။
  • နှာခေါင်းကိုညင်သာစွာညှစ်ပါ။
  • ခေါင်းကိုမော့ထားပြီးဆေးပုလင်းနှုတ်သီးကို နှာခေါင်းတဖက်မှာထည့်ပါ။
  • တခြားနှာခေါင်းပေါက်ကိုလက်နဲ့ပိတ်ထားပါ။
  • လျင်မြန်စွာအသက်ရှူသွင်းပြီးဆေးကို နှာခေါင်းတွင်းဖြန်းလိုက်ပါ။
  • ကျန်နှာခေါင်းပေါက်မှာလည်းထပ်ဖြန်းပါ။
  • ဆေးဖြန်းပြီးမိနစ်အနည်းငယ်အတွင်း နှပ်မညှစ်ပါနဲ့။
  • မျက်စိ၊ ပါးစပ်၊ အရေပြားထဲ ဆေးဝင်သွားရင် ရေနဲ့ဆေးကြောပါ။
  • တကြိမ်သုံးပြီးတိုင်းမှာဆေးပုလင်းထိပ်ကိုတစ်သျှူးသန့်သန့်နဲ့သန့်ရှင်းပါ ဒါမှမဟုတ် ရေနွေးနဲ့ဆေးပါ။ ဆေးပုလင်းထဲကိုတော့ ရေမဝင်ပါစေနဲ့။
  • ဆေးပုလင်းပေါ်မှာအဖုံးပြန်ဖုံးထားပါ။

Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Neo-Synephrine® နှာခေါင်းတွင်းဖြန်းဆေးကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Neo-Synephrine® နှာခေါင်းတွင်းဖြန်းဆေးဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Neo-Synephrine® နှာခေါင်းတွင်းဖြန်းဆေးကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်နိုင်သောဆေးများ သဘာဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်သောဆေးများ၊ အားဖြည့်စာများလည်း ပါဝင်ပါတယ်။
  • Neo-Synephrine® နှာခေါင်းတွင်းဖြန်းဆေးတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ခြင်း
  • အခြားရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Neo-Synephrine® နှာခေါင်းတွင်းဖြန်းဆေးကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာအသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Neo-Synephrine® နှာခေါင်းတွင်းဖြန်းဆေးဆေးဟာအမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် Cရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘေးထွက်ဆိုးကျိုးအချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဆိုးရွားစွာနှာစေးခြင်း
  • နှာရည်ကျခြင်း၊ နှာပိတ်ခြင်း
  • နှာခေါင်းနီရဲပြီးရောင်ရမ်းခြင်း
  • နှာခေါင်းအခြေအနေပိုဆိုးလာခြင်း (phenylephrineကိုအလွန်အကျွံသုံးမိခြင်းကြောင့် ဖြစ်နိုင်ပါတယ်)
  • နှာခေါင်းအတွင်းစူးနေခြင်း၊ ပူခြင်း၊ မခံနိုင်ဖြစ်ခြင်း
  • ဆိုးရွားစွာမူးဝေခြင်း၊ ဂနာမငြိမ်ခြင်း၊ အိပ်မပျော်ခြင်း
  • စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုဖြစ်ခြင်း
  • ခြေတုန်လက်တုန်ဖြစ်ခြင်း
  • ဆီးနည်းခြင်း၊ ဆီးမသွားခြင်း
  • ခဏတာနှာစေးခြင်း
  • နှာခေါင်းအတွင်းပူခြင်း၊ ခြောက်ခြင်း၊ အေးခြင်း၊ ယားယံနာကျင်ခြင်း
  • ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း
  • စိတ်လှုပ်ရှားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း (အထူးသဖြင့် ကလေးများ)
  • သိပ်မဆိုးရွားသောအိပ်စက်ခြင်းဆိုင်ရာ ပြသနာများ

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Neo-Synephrine® နှာခေါင်းတွင်းဖြန်းဆေးဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) နဲ့ ဓါတ်ပြုနိုင်သလား

Neo-Synephrine® နှာခေါင်းတွင်းဖြန်းဆေးဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Neo-Synephrine® နှာခေါင်းတွင်းဖြန်းဆေးဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဝ.၂၅ ကနေ ဝ.၅%အထိဆေးရည်ကို နှာခေါင်းတွင်းမှာ ၄နာရီကြာတိုင်း ၂-၃ကြိမ် (လိုအပ်သလို) ဖြန်းနိုင်ပါတယ်။

ကလေးတွေအတွက် Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်၁၂နှစ်နဲ့အထက် ကလေးများ။ ဝ.၂၅ ကနေ ဝ.၅%အထိဆေးရည်ကို နှာခေါင်းတွင်းမှာ ၄နာရီကြာတိုင်း ၂-၃ကြိမ် (လိုအပ်သလို) ဖြန်းနိုင်ပါတယ်။

အသက် ၆နှစ်မှ ၁၂နှစ်အတွင်းကလေးများ။ ဝ.၂၅ %ဆေးရည်ကို နှာခေါင်းတွင်းမှာ ၄နာရီကြာတိုင်း ၂-၃ကြိမ် (လိုအပ်သလို) ဖြန်းနိုင်ပါတယ်။

အသက် ၄နှစ်မှ ၆နှစ်ကလေးတွေမှာအသုံးပြုဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

အသက် ၄နှစ်အောက်ကလေးတွေမှာမသုံးရပါဘူး။

Neo Synephrine Nasal Spray (နီရို ဆင်နီဖရင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Neo-Synephrine® နှာခေါင်းတွင်းဖြန်းဆေးကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • Phenylephrine HCl 0.5% နှာခေါင်းတွင်းဖြန်းဆေး

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေများမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Neo-Synephrine® နှာခေါင်းတွင်းဖြန်းဆေးဆေးကိုသုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 26, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။