backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nefazodone


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Nefazodone ကို ဘာအတွက်အသုံးပြုကြသလဲ

Nefazodone ကို စိတ်ကျဝေဒနာ ကုသရာမှာ အဓိကအသုံးပြုပါတယ်။ များသောအားဖြင့် ဒီဆေးဝါးကြောင့် အသည်းရောဂါဖြစ်နိုင်ချေရှိတဲ့အတွက် အခြားဆေးဝါးများကို စမ်းသပ်သုံးစွဲပြီးမှသာ အသုံးပြုလေ့ရှိပါတယ်။ Nefazodone ဟာ serotonin, norepinephrine တို့လို ဦးနှောက်ထဲမှာရှိတဲ့ neurotransmitter ခေါ် သဘာဝဓါတုပစ္စည်းတွေကို မျှတစေပါတယ်။

Nefazodone ဘယ်လိုသောက်သုံးသင့်သလဲ

Nefazodone ကို အစာနဲ့တွဲပြီးဖြစ်စေ၊ ခြားပြီးဖြစ်စေ တစ်နေ့၂ကြိမ် သို့မဟုတ် သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာသောက်သုံးပါ။

သင့်ကျန်းမာရေးအခြေအနေနဲ့ ကုသမှုကို တုန့်ပြန်မှုအပေါ်မူတည်ပြီး သောက်သုံးရမယ့် ဆေးပမာဏကို သင့်ဆရာဝန်က ချိန်ညှိပေးမှာဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးခံစားရမှု နည်းပါးအောင် အနိမ့်ဆုံးဆေးပမာဏကနေ တဖြည်းဖြည်းချင်းတိုးပေးသွားမှာ ဖြစ်ပါတယ်။

ဆရာဝန်မညွှန်ကြားဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးအတိုးအလျော့လုပ်ခြင်း၊ အကြိမ်ရေတိုးသောက်ခြင်း၊ အချိန်ကြာကြာစွဲသောက်ခြင်း မပြုလုပ်ပါနဲ့။ ဒီလိုလုပ်ခြင်းအားဖြင့် ရောဂါမသက်သာတဲ့အပြင် ဘေးထွက်ဆိုးကျိုးဒဏ် ခံစားရနိုင်ချေ ပိုမြင့်လာမှာဖြစ်ပါတယ်။

ဆေးအာနိသင်အပြည့်အဝရရှိစေဖို့ Nefazodoneကို နေ့စဉ်ပုံမှန်သောက်သုံးပါ။ ဆေးသောက်ဖို့မမေ့အောင် ဆေးသောက်ချိန် တိတိကျကျသတ်မှတ်ပြီး ဆေးသောက်သုံးပြီး နေထိုင်ကောင်းနေရင်တောင်မှ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပုံမှန်ဆက်သောက်ဖို့ လိုအပ်ပါလိမ့်မယ်။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးဖြတ်လိုက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။

ဒီဆေးရဲ့အာနိသင်အပြည့်အဝရရှိအောင် ရက်သတ္တပတ်ပေါင်းများစွာ စောင့်ဆိုင်းဖို့ လိုအပ်နိုင်ပါတယ်။ ဒါပေမယ့် ဆေးပုံမှန်သောက်သုံးနေလျက်နဲ့ အချိန်ကြာတဲ့အထိ ရောဂါမသက်သာခဲ့ရင် ဒါမှမဟုတ် ပိုဆိုးလာခဲ့ရင် သင့်ဆရာဝန်ကို အသိသင့်ပါတယ်။

Nefazodone ဘယ်လိုသိမ်းဆည်းရမလဲ

Nefazodoneကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Nefazodoneကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Nefazodoneဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Nefazodone ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nefazodone အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင်ဟာ nefazodone သို့မဟုတ် အခြားအရာတစ်ခုခုနဲ့ ဓါတ်မတည့်ဘူးဆိုရင် ဒီဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးပါ။ ဒီဆေးဝါးမှာ ဓါတ်မတည့်တုန့်ပြန်မှုအပြင် အခြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်နေနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဒီဆေးဝါးကို မသုံးသင့်တဲ့အခြေအနေတွေ ရှိတဲ့အတွက် ဆေးမသောက်ခင် သင့်ကျန်းမာရေးရာဇဝင်အကြောင်း သင့်ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်သိအောင် ပြောပြထားပါ။ အထူးသဖြင့် အသည်းရောဂါ၊ မိမိကိုယ်တိုင် သို့မဟုတ် မိသားစုထဲတွင် စိတ်ရောဂါဖြစ်ဖူးသည့် ရာဇဝင်ရှိခြင်း (ဥပမာ စိတ်ကြွစိတ်ကျရောဂါ)၊ မိမိကိုယ်တိုင် သို့မဟုတ် မိသားစုထဲတွင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖူးသည့် ရာဇဝင်ရှိခြင်း၊ နှလုံးနှင့်သွေးကြောရောဂါများ (ဥပမာ လေဖြတ်ဖူးခြင်း၊ နှလုံးတိုက်ခိုက်ခံရဖူးခြင်း)၊ ခန္ဓါကိုယ်မှ ရေဓါတ်အလွန်အကျွံဆုံးရှုံးခြင်း၊ တက်ခြင်း၊ အူတွင်အနာဖြစ်ခြင်း၊ သွေးယိုခြင်း၊ မိမိကိုယ်တိုင် သို့မဟုတ် မိသားစုထဲတွင် angle-closure type မျက်စိရေတိမ်ရောဂါဖြစ်ဖူးခြင်း

စတဲ့ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေရင်သင့်ဆရာဝန်ကို မဖြစ်မနေအသိပေးပါ။

ခွဲစိတ်ကုသမှု၊ သွားဘက်ဆိုင်ရာကုသမှု မခံယူခင် သက်ဆိုင်ရာဆရာဝန်ကို သင် nefazodone သောက်သုံးနေကြောင်း ပြောပြထားပါ။

ဒီဆေးဝါးဟာ သင့်ကို မူးဝေငိုက်မျဉ်းစေနိုင်တဲ့အတွက် ဆေးသောက်သုံးပြီး ကိုယ့်အခြေအနေကိုယ် မသိရသေးသရွေ့ သတိကြီးကြီးထားပြီး နိုးနိုးကြားကြားလုပ်ဆောင်ရမယ့် တာဝန်နဲ့လှုပ်ရှားမှုတွေ (ဥပမာ ကားမောင်းခြင်း၊ စက်ယန္တရားအသုံးပြုခြင်း) မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ အရက်နဲ့ဆေးခြောက်တို့မှာလည်း မူးဝေငိုက်မျဉ်းစေတဲ့ အစွမ်းသတ္တိရှိတာကြောင့် ဒီဆေးသောက်သုံးနေစဉ်အတောအတွင်း အရက်သောက်သုံးမှုကို ကန့်သတ်ပါ။ ဆေးခြောက်သုံးတဲ့အကျင့်ရှိရင် သင့်ဆရာဝန်ကို အသိပေးပါ။

သက်ကြီးပိုင်းလူနာတွေဟာ nefazodone ရဲ့ ဘေးထွက်ဆိုးကျိုးဒဏ် အထူးသဖြင့် မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း၊ သွေးယိုခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ဒဏ်ကို ပိုမိုခံစားရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ nefazodone ကို အမှန်တကယ်လိုအပ်မှသာ အသုံးပြုသင့်ပါတယ်။ ဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးအားလုံးကို ချိန်ဆနိုင်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဒါပေမယ့် စိတ်ကျဝေဒနာလိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေကို မကုသဘဲထားရင် အခြေအနေပြင်းထန်လာနိုင်တဲ့အတွက် ဆရာဝန်မညွှန်ကြားဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးဖြတ်လိုက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ အကယ်၍ သင့်မှာ ကိုယ်ဝန်ယူဖို့အစီအစဉ်ရှိရင် သို့မဟုတ် ကိုယ်ဝန်ရလာခဲ့ရင် သို့မဟုတ် ကိုယ်ဝန်ရှိနေပြီလို့ သံသယရှိရင် ဆရာဝန်ဆီအမြန်ဆုံးသွားရောက်ပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဒီဆေးဝါးဟာမိခင်နို့ရည်ထဲ ဝင်ရောက်နိုင်ခြင်းရှိမရှိ သေသေချာချာ မသိရသေးတဲ့အတွက် မိမိရင်သွေးကို နို့မတိုက်ခင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nefazodone ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Nefazodone ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Nefazodone ကြောင့်မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း၊ ခေါင်းထဲရီတီတီဖြစ်ခြင်း၊ ပျို့ခြင်း၊ အာခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ အချိန်ကြာတဲ့အထိ ဒီလက္ခဏာတွေ မသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးပါ။

ရုတ်တရက်မူးဝေခြင်းမဖြစ်စေဖို့ လှဲရာ၊ ထိုင်ရာကထတဲ့အခါ ခန္ဓါကိုယ်ကို ဖြည်းဖြည်းချင်းအနေအထားပြောင်းပါ။

အာခြောက်ခြင်းကို သက်သာစေဖို့ သကြားမပါတဲ့ ချိုချဉ်၊ ငုံဆေးပြားငုံခြင်း၊ ပီကေဝါးခြင်း၊ ရေသောက်ခြင်း၊ တံတွေးတုအသုံးပြုခြင်း စတဲ့နည်းလမ်းတွေက အထောက်အကူပြုပါလိမ့်မယ်။

ဒီဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးရလဒ်တွေက ဘေးထွက်ဆိုးကျိုးထက် ပိုအလေးသာတဲ့အတွက်ကြောင့်သာ သင့်ဆရာဝန်က ညွှန်းပေးထားခြင်းဖြစ်တယ်ဆိုတဲ့အချက်ကို အမြဲသတိပြုပါ။ ဒီဆေးသောက်သုံးသူအများစုဟာ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးဒဏ် ခံစားရလေ့မရှိပါဘူး။

ဆေးသောက်သုံးပြီး စိတ်ရှုပ်ထွေးခြင်း၊ အားနည်းခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ အလွယ်တကူ အညိုမဲစွဲခြင်း၊ သွေးယိုခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ကော်ဖီအနှစ်ရောင်အန်ခြင်း၊ မျက်စိနာခြင်း/ရောင်ခြင်း/နီရဲခြင်း၊ သူငယ်အိမ်ကျယ်ခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း (ဥပမာ ညဘက်အလင်းရောင်ကိုကြည့်လျှင် သက်တန့်ရောင်များမြင်ရခြင်း၊ အမြန်အာရုံေဝဝါးခြင်း) စတဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

အမျိုးသားတွေမှာ ဖြစ်တောင့်ဖြစ်ခဲဆိုသလို ဆေးသောက်သုံးပြီး လိင်တံထောင်မတ်တဲ့အခါ နာကျင်နေရင် ဒါမှမဟုတ် ၄နာရီအထက်ကြာအောင် လိင်တံထောင်မတ်နေခဲ့ရင် ဆေးဆက်မသောက်တော့ပဲ ဆေးရုံဆေးခန်းရှိရာသို့ အမြန်ဆုံးသွားရောက်ပြသပါ။

Nefazodoneကြောင့်ပြင်းထန်တဲ့ဓါတ်မတည့်တုန့်ပြန်မှု ဖြစ်ခဲပေမယ့် ဆေးသောက်သုံးပြီး အဖုအပိမ့်အနီကွက်များထွက်ခြင်း၊ မျက်နှာ၊ လျှာ၊ လည်ချောင်း စသည်တို့ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ ဆိုးဆိုးရွားရွား မူးဝေခြင်း၊ အသက်ရှူရခက်ခြင်း စတဲ့လက္ခဏာတစ်စုံတစ်ရာ ပေါ်လာခဲ့ရင် အရေးပေါ်ဆေးကုမှု အမြန်ဆုံးခံယူပါ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Nefazodone နဲ့ ဓါတ်ပြုနိုင်သလဲ

Nefazodone နဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ အချို့ဆေးဝါးတွေကတော့ carbamazepine, eplerenone, ergot alkaloids (ဥပမာ dihydroerbgotamine, ergonovine, ergotamine, methylergonovine), ivabradine, lurasidone, pimozide, triazolam, alpha blockers (ဥပမာ terazosin), digoxin, fluoxetine, သွေးတိုးကျဆေးများ, အခြား စိတ်ကျဝေဒနာသက်သာဆေးများ (ဥပမာ trazodone, fluoxetine ကဲ့သို့ SSRI အုပ်စုဝင်ဆေးဝါးများ), သွေးယိုခြင်း/ အညိုအမဲစွဲခြင်း ဖြစ်ပေါ်စေသည့် အခြားဆေးဝါးများ (ဥပမာ heparin, warfarin ကဲ့သို့ သွေးကြဲဆေးများ၊ ibuprofen ကဲ့သို့ စတီးရွိုက်မပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးများ အပါအဝင် သွေးဥမွှားဆန့်ကျင်ဂုဏ်သတ္တိရှိသည့် ဆေးဝါးများ) ဖြစ်ပါတယ်။

Nefazodone ကို isocarboxazid, linezolid, methylene blue, moclobemide, phenelzine, procarbazine, rasagiline, safinamide, selegiline, tranylcypromine စတဲ့ MAO inhibitor အုပ်စုဝင် ဆေးဝါးတစ်မျိုးမျိုးနဲ့ တွဲပြီးသောက်သုံးမိရင် အသက်သေစေနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့ သက်ရောက်ဓါတ်ပြုမှု ဖြစ်ပေါ်နိုင်ပါတယ်။ MAO inhibitor ဆေးဝါးအများစုကို Nefazodone မသောက်သုံးမီ အနည်းဆုံးရက်သတ္တပတ် ၂ပတ်အတွင်း၊ သောက်သုံးပြီး အနည်းဆုံး ၁ပတ်ကြာတဲ့အထိ လုံးဝမသောက်သုံးသင့်ပါဘူး။ ဆေးစတင်သောက်သုံးရမယ့်အချိန်နဲ့ ရပ်ရမယ့်အချိန်တွေကို သင့်ဆရာဝန်ထံ အသေးစိတ်မေးမြန်းပါ။

Eletriptan ကို nefazodone နဲ့ အနည်းဆုံး ၇၂နာရီခြားပြီး သောက်သုံးပါ။

ဒီဆေးဝါးဟာ ခန္ဓါကိုယ်ထဲက အခြားဆေးဝါးတွေစွန့်ထုတ်မှုကို နှေးကွေးစေပြီး ၎င်းဆေးဝါးတွေရဲ့ အလုပ်လုပ်ပုံအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာ Buspirone, dasatinib, domperidone, fentanyl, regorafenib, sunitinib, tacrolimus, “statin’ ကိုလက်စထရောကျဆေးများ(ဥပမာ simvastatin, lovastatin, atorvastatin), အချို့သော benzodiazepine အုပ်စုဝင်ဆေးဝါးများ (ဥပမာ alprazolam)

အချိုဆေးဝါးတွေမှာ လူကိုငိုက်မျဉ်းစေတဲ့ပစ္စည်းတွေ ပါဝင်တဲ့အတွက် သင်လက်ရှိအသုံးပြုနေတဲ့ဆေးဝါးတွေ၊ အထူးသဖြင့် codeine, hydrocodone တို့လို opioid အမျိုးစား အကိုက်ခဲပျောက်ဆေးနဲ့ ချောင်းဆိုးပျောက်ဆေးတွေ၊ အရက်၊ ဆေးခြောက်၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး (ဥပမာ alprazolam, lorazepam, zolpidem)၊ ကြွက်သားပြေလျော့ဆေးတွေ (ဥပမာ carisoprodol, cyclobenzaprine)၊ နဲ့ antihistamine အုပ်စုဝင် ဆေးဝါးတွေအကြောင်း (ဥပမာ cetirizine, diphenhydramine) အကြောင်း သင့်ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြပြီး ဘယ်လိုစနစ်တကျ အသုံးပြုရမယ်ဆိုတာ မေးမြန်းသင့်ပါတယ်။

ဘယ်ဆေးဝါးကိုမဆို အသုံးမပြုခင် nefazodone နဲ့တွဲသောက်ရင် သွေးယိုနိုင်ချေမြင့်စေတဲ့ aspirin, ibuprofen, naproxen တို့လို စတီးရွိုက်မပါဝင်တဲ့ အရောင်ကျဆေးတွေ၊ အခြားအဖျားပျောက်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေ ပါဝင်ခြင်းရှိမရှိ အညွှန်းစာရွက်မှာ စစ်ဆေးသင့်ပါတယ်။ ချွင်းချက်အနေနဲ့ အကြောင်းအရင်းတစ်ခုခုကြောင့် (ဥပမာ နှလုံးတိုက်ခိုက်ခံရခြင်း၊ လေဖြတ်ခြင်းမှကာကွယ်ဖို့) aspirin ပမာဏအနည်းငယ် (ပုံမှန်အားဖြင့် တစ်နေ့လျှင် ၈၁ မီလီဂရမ်မှ ၃၂၅ မီလီဂရမ်) ပေးထားတဲ့ လူနာတွေကတော့ ဆက်လက်အသုံးပြုသင့်ပါတယ်။ ဒီဆေးဝါးတွေကို အသုံးပြုဖို့ စိတ်ချရခြင်းရှိမရှိကိုလည်း သင့်ဆေးဝါးကျွမ်းကျင်ပညာရှင်ထံ မေးမြန်းသင့်ပါတယ်။

Nefazodoneဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Nefazodone နဲ့ ဓါတ်ပြုနိုင်သလား

Nefazodoneက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nefazodone နဲ့ ဓါတ်ပြုနိုင်သလဲ

Nefazodoneဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nefazodone ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

စိတ်ကျဝေဒနာအတွက်

ကနဦးသောက်သုံးရမည့်ပမာဏ -၂၀၀ မီလီဂရမ်၊ တစ်နေ့ ၂ကြိမ်ခွဲသောက်ရန်

ရေရှည်သောက်သုံးရမည့်ပမာဏ – တစ်နေ့လျှင် ၃၀၀ မီလီဂရမ်မှ ၆၀၀ မီလီဂရမ်

မှတ်ချက်

  • ဆေးပမာဏကို တစ်ပတ်ခြားတစ်ကြိမ်သာ တိုးရမှာဖြစ်ပြီး တစ်ကြိမ်တိုးလျှင် တစ်နေ့ ၁၀၀ မီလီဂရမ်မှ ၂၀၀ မီလီဂရမ်အထိ (တစ်နေ့ ၂ကြိမ်ခွဲသောက်ရန်) သာ တိုးသင့်ပါတယ်။
  • ဆေးအာနိသင်အပြည့်အဝရရှိဖို့ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။
  • ရေရှည်လေ့လာစမ်းသပ်မှုတွေအရ nefazodone ပေးထားတဲ့လူနာတွေကို ရက်သတ္တပတ် ၅၂ပတ်မြောက်သည်အထိ လေ့လာစောင့်ကြည့်ခဲ့ပြီး ဒီဆေးနဲ့ ရေရှည်ကုသမှုခံယူနေသူတွေကို ဆေးအာနိသင်ထိရောက်မှုရှိမရှိ အချိန်ကာလအပိုင်းအခြားအလိုက် စစ်ဆေးသင့်တယ်လို့ ဖော်ပြထားပါတယ်။

အသုံးပြုပုံ – အပြင်းစားစိတ်ကျရောဂါအပါအဝင် စိတ်ကျဝေဒနာများကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။

စိတ်ကျဝေဒနာခံစားနေရသူ သက်ကြီးပိုင်းလူနာများအတွက်

ကနဦးသောက်သုံးရမည့်ပမာဏ – ၁၀၀ မီလီဂရမ်၊ တစ်နေ့ ၂ကြိမ်ခွဲသောက်ရန်

ရေရှည်သောက်သုံးရမည့်ပမာဏ – တစ်နေ့လျှင် ၃၀၀ မီလီဂရမ်မှ ၆၀၀ မီလီဂရမ်

မှတ်ချက်

  • ဒီလူနာတွေမှာ ဆေးစွန့်ထုတ်နိုင်မှု ကျဆင်းလာတဲ့အလျောက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးဒဏ်ကို ခံရနိုင်ချေ ပိုများတဲ့အတွက် လူနာရဲ့အခြေအနေကိုလိုက်ပြီး သင့်တော်သလို ဆေးအတိုးအလျော့လုပ်ဖို့ လိုအပ်ပါတယ်
  • ဆေးအာနိသင်အပြည့်အဝရရှိဖို့ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။
  • ရေရှည်လေ့လာစမ်းသပ်မှုတွေအရ nefazodone ပေးထားတဲ့လူနာတွေကို ရက်သတ္တပတ် ၅၂ပတ်မြောက်သည်အထိ လေ့လာစောင့်ကြည့်ခဲ့ပြီး ဒီဆေးနဲ့ ရေရှည်ကုသမှု ခံယူနေသူတွေကို ဆေးအာနိသင်ထိရောက်မှုရှိမရှိ အချိန်ကာလအပိုင်းအခြားအလိုက် စစ်ဆေးသင့်တယ်လို့ ဖော်ပြထားပါတယ်။

အသုံးပြုပုံ – အပြင်းစားစိတ်ကျရောဂါအပါအဝင် စိတ်ကျဝေဒနာများကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။

အသည်းရောဂါရှိသူများအတွက် ဆေးပမာဏချိန်ညှိခြင်း

အသည်းထိခိုက်ပျက်စီးနေကြောင်း သိသာထင်ရှားတဲ့ လူနာတွေမှာ nefazodone လုံးဝအသုံးမပြုသင့်ပါဘူး။

ဆေးသောက်သုံးနေစဉ်ကာလအတွင်း အသည်းလုပ်ငန်းစဉ်ပျက်ယွင်းတဲ့လက္ခဏာ (AST သို့မဟုတ် ALT အင်ဇိုင်း ပုံမှန်ထက် ၃ဆနဲ့အထက် မြင့်တက်နေခြင်း) ရှိလာခဲ့ရင် ဆေးသောက်တာကို ရပ်သင့်တဲ့အပြင် လုံးဝပြန်မစသင့်ပါဘူး။

ဆေးပမာဏချိန်ညှိခြင်း

MAOI အုပ်စုဝင်ဆေးဝါးနှင့် တွဲ၍အသုံးပြုခြင်း

  • MAOI နောက်ဆုံးသောက်သုံးပြီး အနည်းဆုံး ၁၄ရက်ကြာမှ nefazodone စသောက်ပါ
  • Nefazodone နောက်ဆုံးသောက်သုံးပြီး အနည်းဆုံး ၇ရက်ကြာမှ MAOI စသောက်ပါ

Nefazodone ကို buspirone, propranolol, desipramine စတဲ့ဆေးဝါးတွေနဲ့ တပြိုင်ထဲအသုံးပြုတဲ့အခါ လူနာရဲ့တုန့်ပြန်မှုအခြေအနေပေါ်မူတည်ပြီး ဆေးပမာဏ အတိုးအလျော့လုပ်ဖို့ လိုအပ်ပါတယ်။

Triazolam နှင့်တွဲ၍အသုံးပြုခြင်း

  • လူနာအများစုမှာ triazolam ကို nefazodone နဲ့တွဲပေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
  • အကယ်၍ မဖြစ်မနေတွဲပေးဖို့ လိုအပ်လာမယ်၊ trizolam ကို လုံလောက်တဲ့ပမာဏအထိ လျော့ချဖို့ အခြေအနေပေးမယ်ဆိုရင်တော့ ကနဦး trizolam ပမာဏကို ပုံမှန်ထက် ၇၅ရာခိုင်နှုန်း လျော့ပေးသင်ပါတယ်။

ကျောက်ကပ်ဆေးခြင်း

ဒီဆေးဝါးကို ကျောက်ကပ်ဆေးခြင်းအားဖြင့် စွန့်ထုတ်နိုင်မှာ မဟုတ်ပါဘူး။

မှတ်ချက်

သိုလှောင်သိမ်းဆည်းခြင်း – အလင်းရောင်တိုက်ရိုက်မကျတဲ့နေရာမှာ သိမ်းဆည်းထားပါ။

ကုသမှုမစတင်ခင် ဒီဆေးကြောင့်ဖြစ်လာနိုင်တဲ့ အသည်းထိခိုက်ပျက်စီးနိုင်ချေကို ထည့်တွက်ဖို့ အရေးကြီးပါတယ်။

အနည်းဆုံးရက်သတ္တပတ် ၂ပတ်ကြာအောင်၊ ပုံမှန်နိစ္စဒူဝလုပ်ငန်းဆောင်တာတွေ မဆောင်ရွက်နိုင်တော့လောက်အောင် နေ့တိုင်းနီးပါး အမြဲလိုလို သိသိသာသာ စိတ်ဓါတ်ကျဆင်းနေပြီး အောက်ဖော်ပြပါ လက္ခဏာအနည်းဆုံး ၅ချက်နဲ့ ကိုက်ညီသူကိုသာ အပြင်းစားစိတ်ကျရောဂါရှိသူအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။

  • စိတ်ဓါတ်ကျဆင်းခြင်း

    ပုံမှန်လုပ်နေကျကိစ္စများကို စိတ်ပါဝင်စားမှုမရှိတော့ခြင်း

  • ကိုယ်အလေးချိန်/အစာစားချင်စိတ် သိသိသာသာ ပြောင်းလဲခြင်း
  • အိပ်မပျော်ခြင်း/ အအိပ်လွန်ခြင်း
  • ကိုယ်ရောစိတ်ပါလှုပ်ရှားလွန်းခြင်း/လေးလံထိုင်းမှိုင်းခြင်း
  • တစ်စထက်တစ်စ ပိုမိုပင်ပန်းနွမ်းနယ်လာခြင်း
  • အပြစ်ရှိသလို/တန်ဖိုးမဲ့သလို ခံစားရခြင်း
  • အာရုံစိုက်နိုင်စွမ်း/တွေးတောဆင်ခြင်နိုင်စွမ်း ပျက်ပြားခြင်း
  • မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း
  • မိမိကိုယ်ကိုယ် သေကြောင်းကြံစည်လိုသည့် အတွေးများပေါ်ပေါက်ခြင်း

လူနာအခြေအနေ စောင့်ကြည့်လေ့လာခြင်း

Nefazodone သောက်သုံးနေတဲ့ကာလတလျှောက် လူနာရဲ့အောက်ပါအခြေအနေတွေကို စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ်

အသည်းကျန်းမာရေး – Serum transaminases, အသည်းလုပ်ငန်းစဉ်ပျက်ယွင်းတဲ့ လက္ခဏာများ

စိတ်ကျန်းမာရေး – မိမိကိုယ်ကိုယ် သေကြောင်းကြံစည်လိုတဲ့ အတွေးနဲ့အပြုအမူများ ဖြစ်ပေါ်ခြင်း

လူနာများအတွက်အကြံပြုချက်များ

  • ဒီဆေးဝါးဟာ ယာဉ်မောင်းရာမှာ၊ စက်ယန္တရားမောင်းနှင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို ပျက်ပြားစေနိုင်ကြောင်း လူနာတွေကို ကြိုတင်ရှင်းပြထားပါ။
  • ဒီဆေးဝါးကိုကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရုတ်တရက်ဖြတ်လိုက်ခြင်း၊ ဆေးပုံမှန်မသောက်ခြင်း မပြုလုပ်ဖို့ လူနာတွေကို သတိပေးပါ။
  • ဆေးသောက်နေစဉ်ကာလတလျှောက် အသည်းပျက်စီးတဲ့လက္ခဏာ၊ ဓါတ်မတည့်တုန့်ပြန်မှုလက္ခဏာ၊ အမြင်အာရုံပြောင်းလဲခြင်း၊ စိတ်ကျဝေဒနာ ပိုဆိုးလာခြင်း/ အသစ်ဖြစ်လာခြင်း၊ မိမိကိုယ်ကိုယ် သေကြောင်းကြံလိုစိတ်ဖြစ်ပေါ်လာခြင်း စတဲ့ လက္ခဏာတစ်စုံတစ်ရာ ပေါ်လာခဲ့ရင် သက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်သူတွေကို အသိပေးဖို့ လူနာတွေကို မှာကြားထားပါ။
  • ဆေးသောက်သုံးနေစဉ် အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ဖို့ ၊ ဘယ်ဆေးဝါးကိုမဆို nefazodone နဲ့တွဲပြီးမသောက်သုံးခင် ကျန်းမာရေးပညာရှင်တစ်ယောက်ယောက်ကို အသိပေးဖို့ လူနာနဲ့ ၎င်းရဲ့ပြုစုစောင့်ရှောက်သူတွေကို သတိပေးထားပါ။
  • ဆေးသောက်သုံးနေစဉ် ကိုယ်ဝန်ရလာခဲ့ရင်၊ ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိလာရင် ဒါမှမဟုတ် နို့တိုက်မိခင်ဖြစ်နေခဲ့ရင် သက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်သူတွေကို အသိပေးဖို့ လူနာတွေကို မှာကြားထားပါ။

ကလေးတွေအတွက် Nefazodone ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Nefazodone ကိုဘယ်လိုရရှိနိုင်သလဲ

Nefazodone ကို ဆေးပြားပုံစံဖြင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Nefazodoneကို သောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement