Nebivolol ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Nebivolol Brand Name(s): Nebivolol.

အသုံးပြုပုံများ

Nebivolol ကို ဘာအတွက်အသုံးပြုကြသလဲ

Nebivolol ကို သွေးတိုးရောဂါ ကုသရာမှာ သီးခြားဖြစ်စေ၊ အခြားဆေးဝါးတွေနဲ့တွဲပြီးဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ဒီဆေးဝါးက သွေးဖိအားကျဆင်းစေခြင်းအားဖြင့် လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ ကျောက်ကပ်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။

Nebivolol ဟာ beta blocker အုပ်စုဝင်ဆေးဝါးဖြစ်ပြီး နှလုံးနဲ့သွေးကြောတွေအပေါ် အက်ဒရီနယ်လင်းအပါအ၀င် သဘာဝဓာတုပစ္စည်းတွေရဲ့ သက်ရောက်မှုကို ပိတ်ပင်တားဆီးပေးပါတယ်။ ရလဒ်အနေနဲ့ နှလုံးခုန်နှုန်း၊ သွေးဖိအားနဲ့ နှလုံးဝန်ပိမှုတို့ကို လျော့နည်းကျဆင်းစေပါတယ်။

Nebivolol ဘယ်လိုသောက်သုံးသင့်သလဲ

Nebivolol ကို အစာနဲ့တွဲပြီးဖြစ်စေ၊ ခြားပြီးဖြစ်စေ တစ်နေ့တစ်ကြိမ် သို့မဟုတ် သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာသောက်သုံးပါ။ သင့်ကျန်းမာရေးအခြေအနေနဲ့ ကုသမှုကို တုန့်ပြန်မှုအပေါ်မူတည်ပြီး သောက်သုံးရမယ့် ဆေးပမာဏကို သင့်ဆရာဝန်က ချိန်ညှိပေးမှာဖြစ်ပါတယ်။

ဆေးအာနိသင်အပြည့်အ၀ရရှိစေဖို့ Nebivololကို နေ့စဉ်ပုံမှန်သောက်သုံးပါ။ ဆေးသောက်ဖို့မမေ့အောင် ဆေးသောက်ချိန် တိတိကျကျသတ်မှတ်ပြီး ဒီဆေးရဲ့အာနိသင်အပြည့်အ၀ရရှိအောင် ရက်သတ္တပတ်ပေါင်းများစွာ စောင့်ဆိုင်းဖို့ လိုအပ်နိုင်ပါတယ်။ သွေးတိုးရောဂါရှိသူအများစုဟာ ဘာရောဂါလက္ခဏာမှမပြဘဲ လူကောင်းပကတိနေနိုင်ကြတဲ့အတွက် ဆေးသောက်သုံးပြီး နေထိုင်ကောင်းနေရင်တောင်မှ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပုံမှန်ဆက်သောက်ဖို့ လိုအပ်ပါလိမ့်မယ်။

ဆေးပုံမှန်သောက်သုံးနေလျက်နဲ့ ရောဂါမသက်သာခဲ့ရင် ဒါမှမဟုတ် ပိုဆိုးလာခဲ့ရင် သင့်ဆရာဝန်ကို အသိသင့်ပါတယ်။

Nebivolol ဘယ်လိုသိမ်းဆည်းရမလဲ

Nebivololကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Nebivololကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Nebivolol ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Nebivololကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nebivolol အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင်ဟာ nebivolol သို့မဟုတ် အခြားအရာတစ်ခုခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဒီဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးပါ။ ဒီဆေးဝါးမှာ ဓာတ်မတည့်တုန့်ပြန်မှုအပြင် အခြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်နေနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဒီဆေးဝါးကို မသုံးသင့်တဲ့အခြေအနေတွေ ရှိတဲ့အတွက် ဆေးမသောက်ခင် သင့်ကျန်းမာရေးရာဇ၀င်အကြောင်း သင့်ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်သိအောင် ပြောပြထားပါ။ အထူးသဖြင့် နှလုံးခုန်စည်းချက်ပုံမမှန်ခြင်း (ဥပမာ နှလုံးခုန်နှေးခြင်း၊ second-or third-degree atrioventricular block)၊သွေးလှည့်ပတ်မှုဆိုင်ရာရောဂါ (ဥပမာ Raynaud ရောဂါ၊ ခြေလက်သွေးကြောရောဂါများ)၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (ဥပမာ ပန်းနာရင်ကြပ်၊ နာတာရှည်လေပြွန်ရောင်ရမ်းခြင်း၊ အဆုတ်တွင်းရှိလေအိတ်များ  ပျက်စီးခြင်း)၊ အသည်းရောဂါ၊

ကျောက်ကပ်ရောဂါ၊ စိတ်ရောဂါ (ဥပမာ စိတ်ကျဝေဒနာ)၊ ကြွက်သားရောဂါ (ဥပမာ myasthenia gravis)၊ သိုင်းရွိုက်ဟော်မုန်းများခြင်း၊ epinephrine နဲ့ကုသဖို့လိုအပ်တဲ့ အပြင်းစားဓာတ်မတည့်တုန့်ပြန်မှု စတဲ့ ရောဂါအခံတစ်ခုခု ရှိနေရင်သင့်ဆရာဝန်ကို မဖြစ်မနေအသိပေးပါ။

ဒီဆေးဝါးဟာ သင့်ကို မူးဝေငိုက်မျဉ်းစေနိုင်တဲ့အတွက် ဆေးသောက်သုံးပြီး ကိုယ့်အခြေအနေကိုယ် မသိရသေးသရွေ့ သတိကြီးကြီးထားပြီး နိုးနိုးကြားကြားလုပ်ဆောင်ရမယ့် တာဝန်နဲ့လှုပ်ရှားမှုတွေ (ဥပမာ ကားမောင်းခြင်း၊ စက်ယန္တရားအသုံးပြုခြင်း) မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ အရက်နဲ့ဆေးခြောက်တို့မှာလည်း မူးဝေငိုက်မျဉ်းစေတဲ့ အစွမ်းသတ္တိရှိတာကြောင့် nadolol သောက်သုံးနေစဉ်အတောအတွင်း အရက်သောက်သုံးမှုကို ကန့်သတ်ပါ။ ဆေးခြောက်သုံးတဲ့အကျင့်ရှိရင် သင့်ဆရာဝန်ကို အသိပေးပါ။

ခွဲစိတ်ကုသမှု၊ သွားဘက်ဆိုင်ရာကုသမှု မခံယူခင် သက်ဆိုင်ရာဆရာဝန်ကို သင် nebivolol သောက်သုံးနေကြောင်း ပြောပြထားပါ။

သင့်မှာ သွေးချိုဆီးချိုရောဂါအခံရှိရင် ဒီဆေးဝါးဟာ သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းကြောင့်ဖြစ်တဲ့ နှလုံးခုန်မြန်ခြင်း/ကြမ်းခြင်း၊ ထိတ်လန့်ခြောက်ခြားခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း စတဲ့ လက္ခဏာတွေကို ဖုံးကွယ်နိုင်ပေမယ့် ဆာလောင်ခြင်း၊ မူးဝေခြင်းနဲ့ ချွေးစေးပြန်ခြင်းတို့အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ဒီဆေးကြောင့် သွေးတွင်းသကြားဓာတ်ထိန်းညှိရာမှာ အနှောင့်အယှက်ဖြစ်နိုင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်စစ်ဆေးပြီး ရလဒ်အဖြေတွေကို သင့်ဆရာဝန်ထံ အသိပေးသင့်ပါတယ်။ ဆေးသောက်သုံးပြီး ရေငတ်ခြင်း၊ ဆီးသွားများခြင်းစတဲ့ သွေးတွင်းသကြားဓာတ်များတဲ့လက္ခဏာတွေ ပေါ်လာခဲ့ရင် သင့်ဆရာဝန်ကို အမြန်ဆုံးအသိပေးပါ။ သင်လက်ရှိအသုံးပြုနေတဲ့ ဆေးဝါး၊ ကိုယ်လက်လေ့ကျင့်ခန်းအစီအစဉ်နဲ့ အာဟာရတွေကို ပြောင်းလဲထိန်းညှိဖို့ လိုအပ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ nebivolol ကို အမှန်တကယ်လိုအပ်မှသာ အသုံးပြုသင့်ပါတယ်။ ဒီဆေးသောက်သုံးတဲ့မိခင်တွေဟာ ပေါင်မပြည့်တဲ့ကလေးမွေးဖွားနိုင်သလို ကလေးမှာ သွေးဖိအားကျဆင်းခြင်း၊ နှလုံးခုန်နှေးခြင်း၊ သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း၊ အသက်ရှူနှေးခြင်း၊ အသက်၀၀မရှူနိုင်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးအားလုံးကို ချိန်ဆနိုင်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဒီဆေးဝါးဟာ မိခင်နို့ရည်ထဲ ၀င်ရောက်နိုင်ခြင်းရှိမရှိ သေသေချာချာ မသိရသေးတဲ့အတွက် မိမိရင်သွေးကို နို့မတိုက်ခင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nebivolol ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Nရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Nebivolol ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Nebivolol ကြောင့် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ခေါင်းထဲရီတီတီဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့ခြင်း၊ နှလုံးခုန်နှေးခြင်း၊ အိပ်မပျော်ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အကယ်၍ အချိန်ကြာတဲ့အထိ ဒီလက္ခဏာတွေ မသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးပါ။

ရုတ်တရက်မူးဝေခြင်းမဖြစ်စေဖို့ လှဲရာ၊ ထိုင်ရာကထတဲ့အခါ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းအနေအထားပြောင်းပါ။

ဒီဆေးဝါးဟာ ခြေလက်တွေဆီ သွေးသွားလာမှု လျော့နည်းစေတဲ့အတွက် ခြေဖျားလက်ဖျားတွေ အေးစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဆေးလိပ်သောက်သုံးခြင်းက ဒီအချက်ကို ပိုဆိုးစေတဲ့အတွက် ဆေးသောက်သုံးနေစဉ် အတောအတွင်း နွေးနွေးထွေးထွေးနေပြီး ဆေးလိပ်မသောက်မိဖို့ အရေးကြီးပါတယ်။

ဒီဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးရလဒ်တွေက ဘေးထွက်ဆိုးကျိုးထက် ပိုအလေးသာတဲ့အတွက်ကြောင့်သာ သင့်ဆရာဝန်က ညွှန်းပေးထားခြင်းဖြစ်တယ်ဆိုတဲ့အချက်ကို အမြဲသတိပြုပါ။ ဒီဆေးသောက်သုံးသူအများစုဟာ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးဒဏ် ခံစားရလေ့မရှိပါဘူး။

ဆေးသောက်သုံးပြီး ခြေချောင်း၊လက်ချောင်း၊ ခြေသည်းလက်သည်းများ ပြာလာခြင်း၊ သတိလစ်ခြင်း၊ နှလုံးခုန်နှုန်းအလွန်နှေးသွားခြင်း၊ နှလုံးအလုပ်မလုပ်နိုင်သည့်လက္ခဏာများ ပိုဆိုးလာခြင်း (ဥပမာ မောခြင်း၊ ခြေချင်းဝတ်/ခြေထောက်များ ရောင်ရမ်းခြင်း၊ ခါတိုင်းနဲ့မတူအောင် ပင်ပန်းနွမ်းနယ်ခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန်တက်ခြင်း)၊စိတ်ခံစားချက်ပြောင်းလဲခြင်း (ဥပမာ စိတ်ကျခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်အတက်အကျပြန်ခြင်း)၊ စတဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

Nebivolol ကြောင့်ပြင်းထန်တဲ့ဓာတ်မတည့်တုန့်ပြန်မှု ဖြစ်ခဲပေမယ့် ဆေးသောက်သုံးပြီး အဖုအပိမ့်အနီကွက်များထွက်ခြင်း၊ မျက်နှာ၊ လျှာ၊ လည်ချောင်း စသည်တို့ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ ဆိုးဆိုးရွားရွား မူးဝေခြင်း၊ အသက်ရှူရခက်ခြင်း စတဲ့လက္ခဏာတစ်စုံတစ်ရာ ပေါ်လာခဲ့ရင် အရေးပေါ်ဆေးကုမှု အမြန်ဆုံးခံယူပါ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Nebivolol နဲ့ ဓာတ်ပြုနိုင်သလဲ

Nebivololl နဲ့ သက်ရောက်ဓာတ်ပြုနိုင်တဲ့ ဆေးဝါးတစ်မျိုးကတော့ fingolimod ဖြစ်ပါတယ်။

အချိုဆေးဝါးတွေမှာ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားမြင့်တက်စေတဲ့ ပစ္စည်းတွေ ပါဝင်တဲ့အတွက် သင်လက်ရှိအသုံးပြုနေတဲ့ဆေးဝါးတွေ (အထူးသဖြင့် အအေးမိချောင်းဆိုးပျောက်ဆေး၊ အာဟာရအားဖြည့်ဆေးနဲ့ ibuprofen၊ naproxen တို့လို စတီးရွိုက်မပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ) အကြောင်း သင့်ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြပြီး ဘယ်လိုစနစ်တကျ အသုံးပြုရမယ်ဆိုတာ မေးမြန်းသင့်ပါတယ်။

Nebivololဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Nebivolol နဲ့ ဓာတ်ပြုနိုင်သလား

Nebivololက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nebivolol နဲ့ ဓာတ်ပြုနိုင်သလဲ

Nebivololဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nebivolol ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးတိုးရောဂါအတွက်

ကနဦးသောက်သုံးရမည့်ပမာဏ – ၅ မီလီဂရမ်၊ တစ်နေ့ ၁ကြိမ်သောက်ရန်

လူနာအခြေအနေအပေါ်မူတည်ပြီး နှစ်ပတ်တစ်ကြိမ် ဆေးပမာဏ တိုးပေးနိုင်ပါတယ်။ ၄၀ မီလီဂရမ်၊ တစ်နေ့၁ကြိမ်နှုန်းအထိ တိုးပေးနိုင်ပါတယ်။

အများဆုံးသောက်သုံးနိုင်သည့် ပမာဏ – တစ်နေ့လျှင် ၄၀ မီလီဂရမ်

မှတ်ချက်

  • နှစ်ပတ်တစ်ကြိမ်ထက်ပိုပြီး ဆေးပမာဏတိုးပေးခဲ့ရင် အကျိုးကျေးဇူးရရှိနိုင်ချေ နည်းပါတယ်။
  • လူနာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး သောက်သုံးရမယ့် ဆေးပမာဏချင်း တူညီမှာမဟုတ်ပါဘူး။

အသုံးပြုပုံ – သွေးတိုးရောဂါကုသရာမှာ တစ်မျိုးထဲသီးသန့်ဖြစ်စေ၊ အခြားသွေးတိုးကျဆေးတွေနဲ့တွဲပြီးဖြစ်စေ အသုံးပြုနိုင်ပါတယ်။

ကျောက်ကပ်ရောဂါရှိသူများအတွက် ဆေးပမာဏချိန်ညှိခြင်း

ကျောက်ကပ်မှ creatinine ဖယ်ရှားမှုနှုန်း (CrCl) ၃၀ mL/min အောက် ရှိသူများတွင်

  • ကနဦးသောက်သုံးရမည့်ပမာဏ – ၂.၅ မီလီဂရမ်၊ တစ်နေ့၁ကြိမ်
  • ဆေးပမာဏကို လိုအပ်သလို ဖြည်းဖြည်းချင်းတိုးပေးရန်

အသည်းရောဂါရှိသူများအတွက် ဆေးပမာဏချိန်ညှိခြင်း

အလယ်အလတ်စား အသည်းပျက်စီးမှုအတွက်

  • ကနဦးသောက်သုံးရမည့်ပမာဏ – ၂.၅ မီလီဂရမ်၊ တစ်နေ့၁ကြိမ်
  • ဆေးပမာဏကို လိုအပ်သလို ဖြည်းဖြည်းချင်းတိုးပေးရန်

အပြင်းစား အသည်းပျက်စီးမှုအတွက်

  • လမ်းညွှန်ချက်မရှိပါ

ဆေးပမာဏချိန်ညှိခြင်း

  • Nebivolol ကို ချက်ချင်းဖြတ်ချလိုက်တာမျိုး မပြုလုပ်ပဲ ရက်သတ္တပတ် ၁ပတ်မှ ၂ပတ်အတွင်း ဆေးပမာဏနည်းနည်းချင်းစီ လျော့ချသောက်သုံးရမှာ ဖြစ်ပါတယ်။
  • ဆေးရပ်လိုက်ပြီးတဲ့နောက် ဆေးပြတ်တဲ့လက္ခဏာတွေပေါ်လာရင် ယာယီပြန်လည်သောက်သုံးဖို့ လိုအပ်နိုင်ပါတယ်။

အကြံပြုချက်များ

  • ဒီဆေးဝါးကို တစ်နေ့တစ်ကြိမ်၊ အစာနဲ့တွဲပြီးဖြစ်စေ ခြားပြီးဖြစ်စေ အချိန်မှန်သောက်သုံးပါ။
  • ဆေးသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
  • ဆေးပမာဏ လိုသလိုအတိုးအလျော့လုပ်နေတဲ့ ကာလအတွင်း နှလုံးအလုပ်မလုပ်နိုင်တဲ့ပြဿနာ၊ သွေးပေါင်ကျခြင်းနဲ့ နှလုံးခုန်စည်းချက်နှေးခြင်းတို့ ယာယီပိုဆိုးလာနိုင်ပါတယ်။ အကယ်၍ နှလုံးအလုပ်မလုပ်နိုင်တဲ့ လက္ခဏာတွေ အချိန်ကြာတဲ့အထိ မသက်သာခဲ့ရင် Nebivolol သောက်သုံးခြင်းကို ရပ်ပစ်ဖို့ လိုအပ်နိုင်ပါတယ်။
  • ရက်သတ္တပတ် ၁ပတ်မှ ၂ပတ်အတွင်း ဆေးပမာဏနည်းနည်းချင်းစီ လျော့ချပြီး နှလုံးအလုပ်မလုပ်နိုင်တဲ့လက္ခဏာတွေ သက်သာခြင်း၊ ပိုဆိုးလာခြင်းရှိမရှိ စောင့်ကြည့်လေ့လာရမှာဖြစ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းတွေကိုလည်း အကန့်အသတ်နဲ့သာ ပြုလုပ်သင့်ပါတယ်။
  • ဒီဆေးဝါးကြောင့် ဓာတ်မတည့်တုန့်ပြန်မှု ဖြစ်ပွားနိုင်ချေပိုများသလို epinephrine အသုံးပြုပြီးတာတောင် တိုးတက်မှုမရှိတာမျိုး ကြုံရတတ်ပါတယ်။

လူနာအခြေအနေ စောင့်ကြည့်လေ့လာခြင်း

ဆေးသောက်သုံးနေစဉ် ကာလအတွင်း သွေးခုန်နှုန်းနဲ့ သွေးဖိအားကို ပုံမှန်တိုင်းတာဖို့ လိုအပ်ပြီး အန္တရာယ်ဖြစ်နိုင်ချေများတဲ့ လူနာတွေမှာ နှလုံးအလုပ်မလုပ်နိုင်တဲ့ လက္ခဏာတွေ (ဥပမာ အသက်ရှူမြန်ခြင်း၊ ဖောရောင်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း)နဲ့ နှလုံးသွေးကြောရောဂါရှိတဲ့ လူနာတွေမှာ(အထူးသဖြင့် ဆေးရပ်လိုက်တဲ့ကာလအတွင်း)

ရင်ဘတ်အောင့်တဲ့လက္ခဏာ ရှိမရှိ စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ်။

လူနာများအတွက်အကြံပြုချက်များ

  • Nebivolol ကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရုတ်တရက်ဖြတ်လိုက်ခြင်း၊ ဆေးပုံမှန်မသောက်ခြင်း မပြုလုပ်ဖို့ လူနာတွေကို သတိပေးပါ။
  • ဆေးသောက်နေစဉ်ကာလတလျှောက် ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးအလုပ်မလုပ်နိုင်ခြင်း (ဥပမာ အသက်ရှူမြန်ခြင်း၊ ဖောရောင်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း) စတဲ့ လက္ခဏာတစ်စုံတစ်ရာ ပေါ်လာခဲ့ရင် သက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်သူတွေကို အသိပေးဖို့ လူနာတွေကို မှာကြားထားပါ။
  • ဆေးသောက်သုံးပြီး ကိုယ့်အခြေအနေကိုယ် မသိရသေးသရွေ့ယာဉ်မောင်းခြင်း၊ စက်ယန္တရားမောင်းနှင်ခြင်း မပြုလုပ်ပါနဲ့။
  • ဆေးသောက်သုံးနေစဉ် ကိုယ်ဝန်ရလာခဲ့ရင်၊ ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိလာရင် ဒါမှမဟုတ် နို့တိုက်မိခင်ဖြစ်နေခဲ့ရင် သက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်သူတွေကို အသိပေးဖို့ လူနာတွေကို မှာကြားထားပါ။
  • ဒီဆေးဝါးဟာ သွေးတွင်းသကြားဓာတ်ကျဆင်းတဲ့ လက္ခဏာတွေကို ဖုံးကွယ်စေနိုင်ကြောင်း သွေးချိုဆီးချိုရောဂါအခံရှိသူ လူနာတွေကို ကြိုတင်အသိပညာပေးပါ။

ကလေးတွေအတွက် Nebivolol ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Nebivolol ကိုဘယ်လိုရရှိနိုင်သလဲ

Nebivolol ကို ဆေးပြားပုံစံဖြင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Nebivolol ကို သောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 26, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။