backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nateglinide


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Nateglinide ကို ဘာအတွက်အသုံးပြုကြသလဲ

Nateglinide ကို စနစ်တကျအာဟာရစားသုံးမှု၊ ကိုယ်လက်လေ့ကျင့်ခန်း အစီအစဉ်တွေနဲ့တွဲပြီး သွေးတွင်းသကြားဓါတ်ထိန်းညှိရာမှာ အဓိကအသုံးပြုပါတယ်။ ၎င်းကို တစ်မျိုးတည်းသီးသန့်ဖြစ်စေ၊ အခြားဆေးဝါးတွေနဲ့တွဲပြီးဖြစ်စေ အသုံးပြုနိုင်ပါတယ်။ Nateglinide က သွေးတွင်းသကြားဓါတ်ထိန်းညှိပေးခြင်းအားဖြင့် ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ အာရုံကြောပြဿနာတွေ၊ ခြေလက်များအလုပ်မလုပ်နိုင်ခြင်းနဲ့ ကာမစွမ်းရည်ဆုံးရှုံးခြင်းတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးချိုဆီးချိုရောဂါကို စနစ်တကျ ထိန်းချုပ်ခြင်းအားဖြင့်လည်း နှလုံးတိုက်ခိုက်ခံရနိုင်ချေ၊ လေဖြတ်နိုင်ချေတို့ကို လျော့ကျစေပါတယ်။ ဒီဆေးဝါးက ခန္ဓါကိုယ်ကနေ အင်ဆူလင်ပိုမိုထုတ်လုပ်အောင် လှုံ့ဆော်ပေးပါတယ်။ အင်ဆူလင်ဆိုတာကတော့ အစားအသောက်တွေကတဆင့် ရရှိလာတဲ့သကြားဓါတ်ကို ခန္ဓါကိုယ်က စနစ်တကျအသုံးပြုနိုင်အောင် ပြုလုပ်ပေးတဲ့ သဘာဝဓါတ်တစ်မျိုး ဖြစ်ပါတယ်။

Nateglinide ဘယ်လိုသောက်သုံးသင့်သလဲ

Nateglinide ကို တစ်နေ့ ၃ကြိမ် သို့မဟုတ် သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာသောက်သုံးပါ။ နံနက်စာ၊ နေ့လည်စာ၊ ညနေစာမစားမီ နာရီဝက်အလိုမှာ ကြိုတင်သောက်သုံးပါ။ အကြောင်းတစ်ခုခုကြောင့် အစာတစ်နပ်နပ်ကို မစားဖြစ်ခဲ့ရင် ဆေးမသောက်ပါနဲ့၊ အရည်အဓိကစားသုံးမယ်ဆိုရင် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိနိုင်အောင် ပုံမှန်ထက်ဆေးပမာဏတိုးသောက်ဖို့ လိုအပ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို သင့်ဆရာဝန်ထံမေးမြန်းပါ။

သင့်ကျန်းမာရေးအခြေအနေ၊ နေ့စဉ်အစာစားတဲ့အကြိမ်ရေနဲ့ ကုသမှုကို တုန့်ပြန်မှုအပေါ်မူတည်ပြီး သောက်သုံးရမယ့် ဆေးပမာဏကို သင့်ဆရာဝန်က ချိန်ညှိပေးမှာဖြစ်ပါတယ်။

ဆေးအာနိသင်အပြည့်အဝရရှိစေဖို့ Nateglinide ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေ့စဉ်ပုံမှန်သောက်သုံးပါ။ ဆေးကုသမှုအစီအစဉ်၊ အာဟာရစားသုံးမှုအစီအစဉ်နဲ့ ကိုယ်လက်လေ့ကျင့်ခန်းအစီအစဉ်တွေကိုလည်း မပျက်မကွက်လိုက်နာပါ။

ဆေးသောက်သုံးနေစဉ်ကာလတလျှောက် သွေးတွင်းသကြားဓါတ်ပမာဏကို သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပုံမှန်စစ်ဆေးပါ။ ဆေးပမာဏချိန်ညှိရာမှာ အထောက်အကူဖြစ်အောင် ရလဒ်အဖြေတွေကို သင့်ဆရာဝန်သိအောင် ပြန်ပြောပြပါ။ သွေးတွင်းသကြားဓါတ် အလွန်အမင်းမြင့်တက်နေရင် ဒါမှမဟုတ် ကျဆင်းနေရင် သင့်ဆရာဝန်ကို မဖြစ်မနေ အသိပေးပါ။ ၎င်းအခြေအနေမျိုးမှာ ကုသမှုအစီအစဉ်ကို ပြောင်းလဲဖို့ လိုအပ်နိုင်ပါတယ်။

Nateglinide ဘယ်လိုသိမ်းဆည်းရမလဲ

Natiglinideကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Natiglinide ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Natiglinide ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Natiglinide ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nateglinide အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင်ဟာ nateglinide သို့မဟုတ် အခြားအရာတစ်ခုခုနဲ့ ဓါတ်မတည့်ဘူးဆိုရင် ဒီဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးပါ။ ဒီဆေးဝါးမှာ ဓါတ်မတည့်တုန့်ပြန်မှုအပြင် အခြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်နေနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဒီဆေးဝါးကို မသုံးသင့်တဲ့အခြေအနေတွေ ရှိတဲ့အတွက် ဆေးမသောက်ခင် သင့်ကျန်းမာရေးရာဇဝင်အကြောင်း သင့်ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်သိအောင် ပြောပြထားပါ။ အထူးသဖြင့် သင့်မှာ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ သို့မဟုတ် ဂေါက်ရောဂါ ရှိနေရင် သင့်ဆရာဝန်ကို မဖြစ်မနေအသိပေးပါ။

ဒီဆေးဝါးကြောင့် သွေးတွင်းသကြားဓါတ် အလွန်အမင်းမြင့်တက်ပြီး သို့မဟုတ် ကျဆင်းပြီး သင့်ကို မူးဝေငိုက်မျဉ်းစေသလို အမြင်အာရုံေဝဝါးစေနိုင်တဲ့အတွက် ဆေးသောက်သုံးပြီး ကိုယ့်အခြေအနေကိုယ် မသိရသေးသရွေ့ အမြင်အာရုံကောင်းမွန်ဖို့လိုအပ်ပြီး သတိကြီးကြီးထားပြီး နိုးနိုးကြားကြားလုပ်ဆောင်ရမယ့် တာဝန်နဲ့လှုပ်ရှားမှုတွေ (ဥပမာ ကားမောင်းခြင်း၊ စက်ယန္တရားအသုံးပြုခြင်း) မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓါတ် အလွန်အမင်းကျဆင်းတာမျိုးမဖြစ်ရအောင် ကာကွယ်နိုင်ဖို့ ဆေးသောက်သုံးနေစဉ်ကာလတလျှောက် အရက်သေစာသောက်စားမှုကို ကန့်သတ်သင့်ပါတယ်။

အဖျားတက်ခြင်း၊ ပိုးဝင်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်မှုခံယူရခြင်း စတဲ့ စိတ်နဲ့ခန္ဓါဖိစီးမှု ဖြစ်ပေါ်နေတဲ့အချိန်တွေမှာ သွေးတွင်းသကြားဓါတ်ပမာဏထိန်းညှိဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ကုသမှုအစီအစဉ်၊ ဆေးဝါးတွေနဲ့ သွေးတွင်းသကြားဓါတ်စစ်ဆေးမှုပုံစံ ပြောင်းလဲဖို့လိုအပ်နိုင်တဲ့အတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဒီဆေးဝါးကို အမှန်တကယ်လိုအပ်မှသာ အသုံးပြုသင့်ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချိုဆီးချိုရောဂါ ပိုဆိုးလာနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်ကာလတလျှောက် သွေးတွင်းသကြားဓါတ်ပမာဏ ထိန်းညှိနိုင်အောင် ပြုလုပ်ရမယ့်အစီအစဉ်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ကုသမှုနည်းလမ်းအမျိုးမျိုး (အာဟာရ၊ ကိုယ်လက်လေ့ကျင့်ခန်း၊ အင်ဆူလင်အပါဝင်ဆေးဝါးအမျိုးမျိုး) ကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးအားလုံးကို ချိန်ဆနိုင်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဒီဆေးဝါးဟာ မိခင်နို့ရည်ထဲဝင်ရောက်နိုင်ခြင်းရှိမရှိ သေသေချာချာ မသိရသေးတဲ့အတွက်မိမိရင်သွေးကို နို့မတိုက်ခင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nateglinide ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Nateglinide ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Nateglinide ကြောင့် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ အကယ်၍ အချိန်ကြာတဲ့အထိ ဒီလက္ခဏာ မသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးပါ။

ဒီဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးရလဒ်တွေက ဘေးထွက်ဆိုးကျိုးထက် ပိုအလေးသာတဲ့အတွက်ကြောင့်သာ သင့်ဆရာဝန်က ညွှန်းပေးထားခြင်းဖြစ်တယ်ဆိုတဲ့အချက်ကို အမြဲသတိပြုပါ။ ဒီဆေးသောက်သုံးသူအများစုဟာ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးဒဏ် ခံစားရလေ့မရှိပါဘူး။

ဒီဆေးဝါးကြောင့် သွေးတွင်းသကြားဓါတ်ကျဆင်းနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် အခြားသွေးချိုဆီးချိုကျဆေးတွေနဲ့တွဲသုံးတဲ့အခါ သွေးတွင်းသကြားဓါတ်ကျဆင်းနိုင်ချေ ပိုများပါတယ်။ အရက်အလွန်အကျွံသောက်သုံးခြင်း၊ အစားအစာများမှ လုံလောက်တဲ့ကယ်လိုရီမရရှိခြင်း၊ လုပ်နေကျမဟုတ်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ အပြင်းအထန်ပြုလုပ်ခြင်းတို့ကြောင့်လည်း သွေးတွင်းသကြားဓါတ် ပုံမှန်အောက်ကျဆင်းနိုင်ပါတယ်။ ၎င်းအခြေအနေရဲ့လက္ခဏာတွေကတော့ ချမ်းတုန်ခြင်း၊ ချွေးစေးပြန်ခြင်း၊ မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း၊ ခြေဖျားလက်ဖျားများ ထုံကျင်ခြင်း၊ ဆာလောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓါတ် ကျဆင်းတဲ့အခါ အရေးပေါ်အသုံးပြုနိုင်အောင် ဂလူးကို့စ်ဆေးပြား သို့မဟုတ် ဂလူးကို့စ်ဂျယ်လ်တွေ ဆောင်ထားသင့်ပါတယ်။ ဒါမှမဟုတ် အိမ်သုံးသကြား၊ ပျားရည်၊ ချိုချဉ်၊ သစ်သီးဖျော်ရည်၊ ဆိုဒါ စတာတွေက အကူအညီပေးနိုင်ပါတယ်။ အစာမစားဖြစ်တဲ့အချိန်တွေမှာ ဘယ်လိုလုပ်သင့်တယ်ဆိုတာ သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးသောက်သုံးနေစဉ်အတောအတွင်း ရေငတ်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်း၊ အသားပူနွေးနီမြန်းခြင်း၊ အသက်ရှူမြန်ခြင်း၊ ခံတွင်းမှသစ်သီးနံ့ထွက်ခြင်း စတဲ့ သွေးတွင်းသကြားဓါတ်မြင့်တက်တဲ့လက္ခဏာတွေ ပေါ်လာခဲ့ရင် သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။ ဒီလိုအခြေအနေဖြစ်လာရင် သင်လတ်တလောအသုံးပြုနေတဲ့ သွေးချိုဆီးချိုကျဆေးတွေကို ပြောင်းလဲဖို့ လိုအပ်နိုင်ပါတယ်။

Nateglinideကြောင့်ပြင်းထန်တဲ့ဓါတ်မတည့်တုန့်ပြန်မှု ဖြစ်ခဲပေမယ့် ဆေးသောက်သုံးပြီး အဖုအပိမ့်အနီကွက်များထွက်ခြင်း၊ မျက်နှာ၊ လျှာ၊ လည်ချောင်း စသည်တို့ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ ဆိုးဆိုးရွားရွား မူးဝေခြင်း၊ အသက်ရှူရခက်ခြင်း စတဲ့လက္ခဏာတစ်စုံတစ်ရာ ပေါ်လာခဲ့ရင် အရေးပေါ်ဆေးကုမှု အမြန်ဆုံးခံယူပါ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Nateglinide နဲ့ ဓါတ်ပြုနိုင်သလဲ

အချို့ဆေးဝါးတွေက သွေးတွင်းသကြားဓါတ်ပမာဏ ထိန်းညှိရာမှာ အနှောင့်အယှက်ပေးနိုင်ပါတယ်။ (ဥပမာ ကော်တီကိုစတီးရွိုက်များ (prednisone)၊ စိတ်ရောဂါအတွက် အသုံးပြုသည့်ဆေးဝါးများ (olanzapine)၊ fluoroquinolone အုပ်စုဝင် ပဋိဇီဝပိုးသတ်ဆေးများ (ciprofloxacin)) သင့်သွေးတွင်းသကြားဓါတ်ပမာဏကို ပုံမှန်တိုင်းတာပြီး ရလဒ်အဖြေတွေကို သင့်ဆရာဝန်သိအောင် ပြောပြဖို့ လိုအပ်ပါတယ်။ သွေးတွင်းသကြားဓါတ် အလွန်အမင်းကျဆင်းတဲ့ / မြင့်တက်တဲ့လက္ခဏာတွေ ပေါ်လာခဲ့ရင်လည်း သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားသင့်ပါတယ်။ ဒါမှသာ လတ်တလောအသုံးပြုနေတဲ့ ဆေးဝါး၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ အာဟာရစားသုံးမှုပုံစံတွေကို လိုအပ်သလို ချိန်ညှိပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

ဘယ်ဆေးဝါးကိုမဆို (အထူးသဖြင့် ဓါတ်မတည့်တုန့်ပြန်မှုနဲ့ အအေးမိချောင်းဆိုးဝေဒနာ သက်သာစေတဲ့ဆေးဝါးတွေ) အသုံးမပြုခင် လူကိုငိုက်မျဉ်းစေတဲ့ နှလုံးခုန်မြန်စေတဲ့ ပစ္စည်းတွေ ပါဝင်ခြင်းရှိမရှိ အညွှန်းစာရွက်မှာ စစ်ဆေးသင့်ပါတယ်။ ဒီဆေးဝါးတွေကို အသုံးပြုဖို့ စိတ်ချရခြင်းရှိမရှိကိုလည်း သင့်ဆေးဝါးကျွမ်းကျင်ပညာရှင်ထံ မေးမြန်းသင့်ပါတယ်။

Metoprolol, propranolol, timolol မျက်စဉ်းဆေး စတဲ့ beta blocker အုပ်စုဝင်ဆေးဝါးတွေဟာ သွေးတွင်းသကြားဓါတ်ကျဆင်းတဲ့အခါ ဖြစ်ပေါ်လေ့ရှိတဲ့ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်ကြမ်းခြင်း စတဲ့လက္ခဏာတွေကို ဖုံးကွယ်နိုင်ပေမယ့် မူးဝေခြင်း၊ ဆာလောင်ခြင်း၊ ချွေးပြန်ခြင်းစတဲ့ အခြားလက္ခဏာတွေအပေါ်မှာတော့ သက်ရောက်မှုမရှိပါဘူး။

Nateglinideဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Nateglinide နဲ့ ဓါတ်ပြုနိုင်သလား

Nateglinideက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nateglinide နဲ့ ဓါတ်ပြုနိုင်သလဲ

Nateglinide ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nateglinide ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆီးချိုရောဂါအမှတ် ၂အတွက်

ကနဦးသောက်သုံးရမည့်ပမာဏ – ၁၂၀ မီလီဂရမ်၊ တစ်နေ့ ၃ကြိမ် အစာမစားမီသောက်ရန်

ရေရှည်သောက်သုံးရမည့်ပမာဏ – ၆၀ မီလီဂရမ်မှ၁၂၀ မီလီဂရမ်၊ တစ်နေ့ ၃ကြိမ် အစာမစားမီသောက်ရန်၊

မှတ်ချက်

  • ကုသမှုစတင်ချိန်မှာ HbA1c ပုံမှန်နီးပါးရှိနေတဲ့ လူနာတွေမှာ ၆၀ မီလီဂရမ်၊ တစ်နေ့၃ကြိမ်နှုန်းနဲ့သာ စတင်သင့်ပါတယ်။
  • Nateglinide ကို တစ်မျိုးထဲသီးသန့်ဖြစ်စေ၊ metformin, thiazolidinedione အုပ်စုဝင် ဆေးဝါးတစ်မျိုးမျိုးနဲ့ဖြစ်စေ တွဲပေးနိုင်ပါတယ်။

အသုံးပြုပုံ – ဆီးချိုရောဂါအမှတ် ၂ရှိတဲ့ အရွယ်ရောက်ပြီးသူတွေမှာ သွေးတွင်းသကြားဓါတ်ပမာဏ ထိန်းညှိဖို့ အာဟာရစနစ်တကျစားသုံးမှု၊ ကိုယ်လက်လေ့ကျင့်ခန်းတို့နဲ့တွဲပြီး အသုံးပြုနိုင်ပါတယ်။

ကျောက်ကပ်ရောဂါရှိသူများအတွက် ဆေးပမာဏချိန်ညှိခြင်း

လမ်းညွှန်ချက်မရှိပါ

အသည်းရောဂါရှိသူများအတွက် ဆေးပမာဏချိန်ညှိခြင်း

အပျော့စား အသည်းရောဂါ – လမ်းညွှန်ချက်မရှိပါ

အလတ်စားမှ အပြင်းစား အသည်းရောဂါ – သတိနှင့်ယှဉ်၍ အသုံးပြုရန်

ဆေးပမာဏချိန်ညှိခြင်း

အသက်အရွယ်ကြီးသူတွေမှာ ဆေးပမာဏချိန်ညှိဖို့ လမ်းညွှန်ချက်တစ်စုံတစ်ရာ မရှိပေမယ့် အချို့သက်ကြီးပိုင်းလူနာတွေကတော့ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးဒဏ်ကို ခံရနိုင်ချေ ပိုများပါတယ်။

ဖျားနာနေချိန်၊ ရောဂါပိုးကူးစက်ခံရချိန်၊ ထိခိုက်ဒဏ်ရာရရှိချိန်နဲ့ ခွဲစိတ်ကုသမှု ခံယူရချိန်တွေမှာ အင်ဆူလင်ယာယီအသုံးပြုဖို့ လိုအပ်နိုင်ပါတယ်။

မှတ်ချက်

  • Nateglinide ကို အစာမစားမီ နာရီဝက်အလိုမှာ ကြိုတင်သောက်သုံးပါ။
  • အစာတစ်နပ်နပ် မစားဖြစ်ခဲ့ရင် ၎င်းအချိန်မှာသောက်ရမယ့်ဆေးကို မသောက်ဖို့ လူနာတွေကို မှာထားပါ။
  • ဒီဆေးဝါးကို အင်ဆူလင်နဲ့ကုသဖို့ လိုအပ်တဲ့ ဆီးချိုရောဂါ အမှတ်၁နဲ့ diabetic ketoacidosis ဖြစ်ပေါ်တဲ့အခြေအနေတွေမှာ အသုံးမပြုသင့်ပါဘူး။
  • Nateglinide နဲ့ကုသမှုစတင်ပြီး နောက်ပိုင်းမှာ သွေးတွင်းသကြားဓါတ်ပမာဏ မထိန်းနိုင်တော့တာမျိုး (secondary failure) ဖြစ်လာနိုင်ပါတယ်။ လူနာတစ်ယောက်ကို secondary failure အဖြစ်မသတ်မှတ်ခင် အသုံးပြုနေတဲ့ ဆေးပမာဏနဲ့ အစာအာဟာရစားသောက်မှုပုံစံကို ပြန်လည်စစ်ဆေးသင့်ပါတယ်။

လူနာအခြေအနေ စောင့်ကြည့်လေ့လာခြင်း

  • ဆေးသောက်သုံးနေတဲ့ကာလတလျှောက် အာနိသင်ထိရောက်မှုရှိမရှိ ဆန်းစစ်ဖို့ ညဘက်အစာမစားဘဲ နံနက်စောစော သွေးတွင်းသကြားဓါတ်ပမာဏ စစ်ဆေးခြင်း (fasting blood glucose) နဲ့ HbA1C စစ်ဆေးခြင်းတို့ကို အချိန်အပိုင်းအခြားအလိုက် ပြုလုပ်သင့်ပါတယ်။

လူနာများအတွက် အကြံပြုချက်များ

  • အစာအာဟာရ စနစ်တကျစားသောက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းတို့ရဲ့ အရေးကြီးပုံကို လူနာတွေနားလည်သဘောပေါက်အောင် ရှင်းပြထားပါ။ ပြင်းထန်တဲ့ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အရက်သောက်သုံးခြင်းတို့ကြောင့် သွေးတွင်းသကြားဓါတ်ကျဆင်းနိုင်တဲ့ အန္တရာယ်ရှိကြောင်း ကြိုတင်ရှင်းပြထားပါ။
  • သွေးတွင်းသကြားဓါတ်ကျဆင်းတဲ့ လက္ခဏာတွေနဲ့ ၎င်းအခြေအနေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ လူနာတွေသိအောင် ပြောပြထားပါ။ ဆေးသောက်သုံးပြီး အခြေအနေမတည်ငြိမ်သေးသရွေ့ (ဥပမာ ဆေးတစ်မျိုးကနေ အခြားဆေးတစ်မျိုး ပြောင်းထားခါစအချိန်၊ ဆေးပုံမှန်မသောက်သုံးဖြစ်တဲ့အချိန်တွေမှာ)အမြင်အာရုံကောင်းမွန်ဖို့လိုအပ်ပြီး သတိကြီးကြီးထားပြီး နိုးနိုးကြားကြားလုပ်ဆောင်ရမယ့် တာဝန်နဲ့လှုပ်ရှားမှုတွေ (ဥပမာ ကားမောင်းခြင်း၊ စက်ယန္တရားအသုံးပြုခြင်း) အတတ်နိုင်ဆုံး မပြုလုပ်မိဖို့ သတိပေးထားပါ။
  • ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ပိုးဝင်ခြင်း၊ ခွဲစိတ်ကုသမှုခံယူရခြင်း စတဲ့ စိတ်နဲ့ခန္ဒါဖိစီးမှု ဖြစ်ပေါ်နေတဲ့အချိန်တွေမှာ ကုသမှုအစီအစဉ်ပြောင်းလဲဖို့ လိုအပ်နိုင်တဲ့အတွက် ဆရာဝန်ဆီ လာရောက်ပြသဖို့ လူနာတွေကို မှာကြားထားပါ။
  • Nateglinide ဟာ အခြားဆေးဝါးတွေနဲ့ သက်ရောက်ဓါတ်ပြုမှု ဖြစ်ပေါ်နိုင်တဲ့အတွက် ဆရာဝန်ညွှန်ကြားတဲ့ဆေး၊ ဆေးဆိုင်မှာအလွယ်တကူဝယ်ယူနိုင်တဲ့ဆေးတွေ အပါအဝင် အခြားဘယ်ဆေးဝါးကိုမဆို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ သတိပေးပါ။
  • ဆေးသောက်သုံးနေစဉ် ကိုယ်ဝန်ရလာခဲ့ရင် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိလာခဲ့ရင် ဒါမှမဟုတ် လူနာက နို့တိုက်မိခင်ဖြစ်နေခဲ့ရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုပါ။

ကလေးတွေအတွက် Nateglinide ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Nateglinide ကိုဘယ်လိုရရှိနိုင်သလဲ

Nateglinide ကို ဆေးပြား ပုံစံဖြင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Nateglinideကို သောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement