Naratriptan ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Naratriptan Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Naratriptan ကို ဘာအတွက်အသုံးပြုကြသလဲ

Naratriptan ကို ခေါင်းတစ်ခြမ်းကိုက်ရောဂါကုသရာမှာ အဓိကအသုံးပြုပါတယ်။ ဒီဆေးဝါးဟာ ခေါင်းကိုက်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ အသံ/အလင်းဒဏ်မခံနိုင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း စတာတွေအပါအဝင် ခေါင်းတစ်ခြမ်းကိုက်ရောဂါရဲ့ လက္ခဏာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ရောဂါဖြစ်ဖြစ်ချင်း အမြန်ဆုံးကုသနိုင်ရင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ပြန်လည်လုပ်ဆောင်နိုင်မှာဖြစ်ပြီး အခြားအကိုက်အခဲပျောက်ဆေးတွေအသုံးပြုဖို့ လိုအပ်နိုင်ချေနည်းသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီဆေးဝါးက နောက်တစ်ကြိမ် ခေါင်းတစ်ခြမ်းကိုက်ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်မှာမဟုတ်သလို ရောဂါဖြစ်တဲ့အကြိမ်ရေကိုလည်း လျော့နည်းစေမှာမဟုတ်ပါဘူး။

Naratriptan ဟာ triptans အုပ်စုဝင်ဆေးဝါးဖြစ်ပြီး serotonin ခေါ် ဦးနှောက်သွေးကြောကျဉ်းစေတဲ့ ဓါတုပစ္စည်းတစ်မျိုးအပေါ် လွှမ်းမိုးသက်ရောက်မှုရှိသလို ဦးနှောက်ထဲက နာကျင်မှုအာရုံခံလမ်းကြောင်းတွေကိုလည်း တားဆီးပိတ်ပင်ပေးပါတယ်။

Naratriptan ဘယ်လိုသောက်သုံးသင့်သလဲ

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်ဖြစ်ချင်းမှာ အစာနဲ့တွဲပြီးဖြစ်စေ ခြားပြီးဖြစ်စေ Naratriptan တစ်ပြား သောက်သုံးပါ။ သို့မဟုတ် သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာသောက်သုံးပါ။ ဒီဆေးဝါးကို ခေါင်းတစ်ခြမ်းကိုက်ဝေဒနာမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ မသောက်သုံးသင့်ပါဘူး။ ဆေးသောက်သုံးပြီး ရောဂါမသက်သာခဲ့ရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် ထပ်မသောက်သင့်ပါဘူး။ အကယ်၍ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ အနည်းငယ်သာသက်သာရင် ဒါမှမဟုတ် ပျောက်သွားပြီးမှာပြန်ပေါ်လာခဲ့ရင် ပထမတစ်ကြိမ်ဆေးသောက်ပြီး နောက်ထပ်လေးနာရီအကြာမှာ နောက်တစ်ကြိမ်ထပ်မံသောက်သုံးပါ ဒါမှမဟုတ် သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးပါ။ ၂၄နာရီအချိန်အတွင်း ၅မီလီဂရမ်ထက် ပိုမသောက်မိပါစေနဲ့။

အကယ်၍သင်ဟာ Naratriptan ကို လုံးဝမသောက်ဖူးရုံသာမက သင့်မှာ နှလုံးရောဂါဖြစ်နိုင်ချေမြင့်စေတဲ့ အကြောင်းအချက်တွေ ရှိနေခဲ့ရင် ပြင်းထန်တဲ့နှလုံးထိခိုက်မှု ဖြစ်ပေါ်ခြင်းရှိမရှိ အနီးကပ်စောင့်ကြည့်နိုင်အောင် ပထမဦးဆုံးဆေးပြားကို ဆေးရုံသို့မဟုတ် ဆေးခန်းမှာ သောက်သုံးသင့်ပါတယ်။

သင့်ကျန်းမာရေးအခြေအနေနဲ့ ကုသမှုကိုတုန့်ပြန်မှုအပေါ်မူတည်ပြီး သောက်သုံးရမယ့်ဆေးပမာဏကို သင့်ဆရာဝန်က ချိန်ညှိပေးမှာဖြစ်ပါတယ်။ ဆေးသောက်သုံးပြီး ရောဂါမသက်သာခဲ့ရင် ဒါမှမဟုတ် ပိုဆိုးလာရင် သင့်ဆရာဝန်ကို အသိပေးပါ။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ သက်သာဆေးတွေကို တစ်လမှာ ၁၀ရက်ထက် ပိုအသုံးပြုနေရတယ်ဆိုရင် ၎င်းဆေးဝါးတွေကြောင့်ပဲ ရောဂါပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ၎င်းဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားထားတဲ့ အချိန်ကာလနဲ့ အကြိမ်ရေထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ညွှန်ကြားထားတဲ့ဆေးပမာဏထက် ပိုသုံးဖို့လိုတယ်လို့ ယူဆရင် ဒါမှမဟုတ် ဆေးအာနိသင်မပြဘူးလို့ ယူဆရင် ဒါမှမဟုတ် ခေါင်းကိုက်ဝေဒနာပိုဆိုးလာရင် သင့်ဆရာဝန်ကို မဖြစ်မနေ အသိပေးသင့်ပါတယ်။

Naratriptan ဘယ်လိုသိမ်းဆည်းရမလဲ

Naratriptan ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Naratriptan ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Naratriptan ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Naratriptan ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Naratriptan အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင်ဟာ naratriptan သို့မဟုတ် အခြား triptan အုပ်စုဝင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာသက်သာဆေး တစ်ခုခု သို့မဟုတ် အခြားအရာတစ်ခုခုနဲ့ ဓါတ်မတည့်ဘူးဆိုရင် ဒီဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးပါ။ ဒီဆေးဝါးမှာ ဓါတ်မတည့်တုန့်ပြန်မှုအပြင် အခြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်နေနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဒီဆေးအသုံးမပြုခင် သင့်ကျန်းမာရေးရာဇဝင်အကြောင်း သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်သိအောင် ပြောပြထားပါ။ အထူးသဖြင့် သင့်မှာ နှလုံးရောဂါ (ဥပမာ ရင်ဘတ်အောင့်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း)၊ ဦးနှောက်ဆီသွေးသွားလာမှု လျော့နည်းခြင်း (ဥပမာ လေဖြတ်ခြင်း၊ လေဖြန်းခြင်း)၊ သွေးလှည့်ပတ်မှုဆိုင်ရာရောဂါများ (ဥပမာ အူလမ်းကြောင်းသွေးကြောပိတ်ခြင်း၊ Raynaud ရောဂါ)၊ အချို့သောခေါင်းကိုက်ရောဂါများ (ဥပမာ hemiplegic သို့မဟုတ် basilar migraine)၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ စတဲ့ရောဂါအခံ တစ်ခုခုရှိနေရင် သင့်ဆရာဝန်ကို မဖြစ်မနေအသိပေးပါ။

သွေးချိုဆီးချိုရောဂါရှိခြင်း၊ မိသားစုထဲတွင်း နှလုံးရောဂါဖြစ်ဖူးခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ ကိုလက်စထရောမြင့်တက်ခြင်း၊ ကိုယ်အလေးချိန်လွန်ကဲခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မီးယပ်သွေးဆုံးပြီးအရွယ် အမျိုးသမီးဖြစ်ခြင်း၊ အသက် ၄၀ကျော်အရွယ် အမျိုးသားဖြစ်ခြင်း စတဲ့ နှလုံးရောဂါဖြစ်နိုင်ချေကိုမြင့်စေတဲ့ အကြောင်းအချက်တွေရှိရင်လည်း သင့်ဆရာဝန်ကို အသိပေးပါ။ ဒီလိုအခြေအနေမှာ naratriptan မပေးခင် သင့်ရဲ့နှလုံးကျန်းမာရေးအနေအထားကို သင့်ဆရာဝန်က စစ်ဆေးအကဲဖြတ်မှာ ဖြစ်ပါတယ်။

ဒီဆေးဝါးဟာ သင့်ကို မူးဝေငိုက်မျဉ်းစေတဲ့အတွက် ဆေးသောက်သုံးပြီး ကိုယ့်အခြေအနေကိုယ် မသိရသေးသရွေ့ သတိကြီးကြီးထားပြီး နိုးနိုးကြားကြားလုပ်ဆောင်ရမယ့် တာဝန်နဲ့လှုပ်ရှားမှုတွေ (ဥပမာ ကားမောင်းခြင်း၊ စက်ယန္တရားအသုံးပြုခြင်း) မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ အရက်နဲ့ဆေးခြောက်တို့မှာလည်း မူးဝေငိုက်မျဉ်းစေတဲ့ အစွမ်းသတ္တိရှိတာကြောင့် naratriptan သောက်သုံးနေစဉ်အတောအတွင်း အရက်သောက်သုံးမှုကို ကန့်သတ်ပါ။ ဆေးခြောက်သုံးတဲ့အကျင့်ရှိရင် သင့်ဆရာဝန်ကို အသိပေးပါ။

အသက်အရွယ်ကြီးလာတာနဲ့အမျှ နှလုံးရောဂါနဲ့ သွေးတိုးရောဂါဖြစ်နိုင်ချေ ပိုမိုမြင့်တက်လာတဲ့အလျောက် သက်ကြီးပိုင်းလူနာတွေမှာ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးဒဏ် ခံစားရနိုင်ချေ ပိုများပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ naratriptan ကို အမှန်တကယ်လိုအပ်မှသာ အသုံးပြုသင့်ပါတယ်။ ဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးအားလုံးကို ချိန်ဆနိုင်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဒီဆေးဝါးဟာ မိခင်နို့ရည်ထဲ ဝင်ရောက်နိုင်ခြင်းရှိမရှိ သေသေချာချာ မသိရသေးတဲ့အတွက် မိမိရင်သွေးကို နို့မတိုက်ခင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Naratriptan ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Naratriptan ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Naratriptanကြောင့် အသားပူနွေးနီမြန်းခြင်း၊ ထုံကျင်ခြင်း၊ စပ်ဖျင်းဖျင်းခံစားရခြင်း၊ အသားပူခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ အကယ်၍ အချိန်ကြာတဲ့အထိ ဒီလက္ခဏာ မသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးပါ။

ဒီဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးရလဒ်တွေက ဘေးထွက်ဆိုးကျိုးထက် ပိုအလေးသာတဲ့အတွက်ကြောင့်သာ သင့်ဆရာဝန်က ညွှန်းပေးထားခြင်းဖြစ်တယ်ဆိုတဲ့အချက်ကို အမြဲသတိပြုပါ။ ဒီဆေးသောက်သုံးသူအများစုဟာ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးဒဏ် ခံစားရလေ့မရှိပါဘူး။

ဒီဆေးဝါးဟာ သွေးဖိအားကိုမြင့်တက်စေနိုင်တဲ့အတွက် ဆေးသောက်သုံးနေစဉ်ကာလတလျှောက် သွေးဖိအားပုံမှန်တိုင်းတာပြီး ပုံမှန်ထက်မြင့်တက်နေရင် သင့်ဆရာဝန်ကို အသိပေးပါ။

ဆေးသောက်သုံးပြီး ခြေချောင်းလက်ချောင်း၊ ခြေသည်းလက်သည်းများ ပြာနှမ်းခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်ခြင်း၊ အကြားအာရုံပြောင်းလဲခြင်း၊ စိတ်အခြေအနေပြောင်းလဲခြင်း စတဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးလက္ခဏာ တစ်စုံတစ်ရာဖြစ်လာခဲ့ရင် သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

Naratriptan ကြောင့် ရင်ဘတ်၊ မေးရိုးနဲ့လည်ပင်းတို့မှာ တင်းကြပ်ကြပ်ခံစားရတာ၊ အောင့်တာမျိုး ဖြစ်လေ့ဖြစ်ထရှိပေမယ့် ၎င်းလက္ခဏာတွေက နှလုံးတိုက်ခိုက်ခံရတဲ့လက္ခဏာတွေ (ရင်ဘတ်/မေးရိုး/ဘယ်ဘက်လက်မောင်းအောင့်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ချွေးစေးပြန်ခြင်း စတာတွေ)နဲ့ ဆင်တူတဲ့အတွက် ၎င်းလက္ခဏာတွေပေါ်လာရင်ဖြစ်စေ၊ နှလုံးခုန်စည်းချက်မမှန်ခြင်း/ မြန်ခြင်း၊ သတိလစ်ခြင်း၊ အစာအိမ်/ဝမ်းဗိုက် ပြင်းပြင်းထန်ထန်အောင့်ခြင်း၊ ဝမ်းလျှောသွေးပါခြင်း၊ လေဖြတ်ခြင်း (ဥပမာ ကိုယ်တစ်ခြမ်းအားနည်းခြင်း၊ စကားပြောရခက်ခဲခြင်း၊ အမြင်အာရုံရုတ်တရက်ပြောင်းလဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း) စတဲ့လက္ခဏာတွေ ပေးလာရင်ဖြစ်စေ ဆေးရုံဆေးခန်းရှိရာဆီ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

ဒီဆေးဝါးဟာ serotonin ပမာဏကို မြင့်တက်စေနိုင်ပြီး ရှားရှားပါးပါးဆိုသလို serotonin အဆိပ်သင့်ခြင်း သို့မဟုတ် serotonin ရောဂါစုလို့အမည်ရတဲ့ ပြင်းထန်တဲ့နောက်ဆက်တွဲရောဂါတစ်ခု ဖြစ်ပွားစေနိုင်ပါတယ်။ Serotonin ပမာဏတိုးမြင့်စေတဲ့ အခြားဆေးဝါးတစ်မျိုးမျိုး တွဲပြီးသောက်သုံးနေရသူတွေမှာ ဒီပြဿနာဖြစ်နိုင်ချေ ပိုများတဲ့အတွက် သင်သောက်သုံးနေသမျှဆေးဝါးအားလုံးအကြောင်း သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်သိအောင် ပြောပြသင့်ပါတယ်။ ဒါ့အပြင် နှလုံးခုန်မြန်ခြင်း၊ အာရုံမှောက်မှားခြင်း၊ ခန္ဓါကိုယ်အစိတ်အပိုင်းများ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းပျက်ယွင်းခြင်း၊ ဆိုးဆိုးရွားရွားမူးဝေခြင်း၊ ဆိုးဆိုးရွားရွား ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကြွက်သားများအကြောဆွဲခြင်း၊ ဖျားနာခြင်း၊ စိတ်လှုပ်ရှားလွန်းခြင်း၊ ဂနာမငြိမ်ခြင်း စတဲ့လက္ခဏာတွေ ပေါ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူသင့်ပါတယ်။

Naratriptanကြောင့်ပြင်းထန်တဲ့ဓါတ်မတည့်တုန့်ပြန်မှု ဖြစ်ခဲပေမယ့် ဆေးသောက်သုံးပြီး အဖုအပိမ့်အနီကွက်များထွက်ခြင်း၊ မျက်နှာ၊ လျှာ၊ လည်ချောင်း စသည်တို့ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ ဆိုးဆိုးရွားရွား မူးဝေခြင်း၊ အသက်ရှူရခက်ခြင်း စတဲ့လက္ခဏာတစ်စုံတစ်ရာ ပေါ်လာခဲ့ရင် အရေးပေါ်ဆေးကုမှု အမြန်ဆုံးခံယူပါ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Naratriptan နဲ့ ဓါတ်ပြုနိုင်သလဲ

အကယ်၍သင်ဟာ လတ်တလောမှာ ergotamine အုပ်စုဝင်ဆေးဝါး (ဥပမာ dihydroergotamine) ဒါမှမဟုတ် အခြား triptan အုပ်စုဝင်ဆေးဝါး (ဥပမာ zolmitriptan, rizatriptan) တစ်မျိုးမျိုးသောက်သုံးနေတယ်ဆိုရင် ဘေးထွက်ဆိုးကျိုးမဖြစ်အောင် တတ်နိုင်သမျှကာကွယ်တဲ့အနေနဲ့ ၎င်းဆေးဝါးတွေကို naratriptan နဲ့ အချိန်ခြားပြီး သောက်သုံးသင့်ပါတယ်။ ဆေးသောက်ရမယ့်အချိန်အတိအကျကို သင့်ဆရာဝန်ထံ အသေးစိတ်မေးမြန်းနိုင်ပါတယ်။

MDMA/ ecstasy, St John’s wort, အချို့သော စိတ်ကျဝေဒနာသက်သာဆေးတွေ (ဥပမာ fluoxetine, paroxetine စတဲ့ SSRI တွေ၊ duloxetine, venlafaxine စတဲ့ SNRI တွေ) အပါအဝင် Serotonin ပမာဏမြင့်တက်စေတဲ့ အခြားဆေးဝါးတွေကို naratriptan နဲ့တွဲပြီးသောက်သုံးသူတွေမှာ serotonin ရောဂါစု သို့မဟုတ် serotonin အဆိပ်သင့်ခြင်းဖြစ်ဖို့ အလားအလာပိုများပါတယ်။ အထူးသဖြင့် ဆေးစသောက်ချိန်နဲ့ ဆေးပမာဏတိုးတဲ့အချိန်တွေမှာ ဒီပြဿနာဖြစ်နိုင်ချေ ပိုများပါတယ်။

Naratriptanဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Naratriptan နဲ့ ဓါတ်ပြုနိုင်သလား

Naratriptanက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Naratriptan နဲ့ ဓါတ်ပြုနိုင်သလဲ

Naratriptanဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Naratriptan ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက်

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်ကြောင်း ရောဂါရှာဖွေအတည်ပြုပြီးမှသာ သောက်သုံးရန်

ကနဦးသောက်သုံးရမည့်ပမာဏ – ၁မီလီဂရမ် သို့မဟုတ် ၂.၅ မီလီဂရမ် တစ်ကြိမ်သာသောက်ရန်

ပထမတစ်ကြိမ်သောက်သုံးပြီး အတိုင်းအတာတစ်ခုအထိ တုန့်ပြန်မှုရှိပေမယ့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ လက္ခဏာတွေ ထပ်ပေါ်လာခဲ့ရင် နောက် ၄ာနရီအကြာမှာ နောက်တစ်ကြိမ်ထပ်မံသောက်သုံးနိုင်ပါတယ်။

အများဆုံးသောက်သုံးနိုင်သည့်ပမာဏ – ၂၄နာရီအတွင်း၅ မီလီဂရမ်

မှတ်ချက်

  • ဒီဆေးဝါးကို လေဖြတ်နိုင်ချေများတဲ့ basilar သို့မဟုတ် hemiplegic migraine ရှိသူလူနာတွေအတွက် အသုံးမပြုသင့်ပါဘူး။
  • ရက် ၃၀အတွင်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ၄ကြိမ်နဲ့အထက် ခံစားရတဲ့လူနာတွေမှာ naratriptan အသုံးပြုဖို့စိတ်ချရခြင်းရှိမရှိ သက်သေပြနိုင်ဖို့ လုံလောက်တဲ့လေ့လာစမ်းသပ်မှု မရှိသေးပါဘူး။

အသုံးပြုပုံ – တွဲဘက်လက္ခဏာများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရုတ်တရက်ဖြစ်ပေါ်လာသည့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ သက်သာစေရန်

ကျောက်ကပ်ရောဂါရှိသူများအတွက် ဆေးပမာဏချိန်ညှိခြင်း

ကျောက်ကပ်လုပ်ငန်းစဉ် ဆိုးရွားစွာပျက်ပြားနေတဲ့ (CrCl ၁၅ mL/min အောက်ရှိတဲ့) လူနာတွေမှာ naratriptan အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။

ကျောက်ကပ်လုပ်ငန်းစဉ် အနည်းငယ် သို့မဟုတ် အတော်အတန်ပျက်ပြားနေတဲ့ လူနာတွေမှာ –

ကနဦးသောက်သုံးရမည့်ပမာဏ – ၁ မီလီဂရမ်၊ တစ်ကြိမ်သာသောက်ရန်

အများဆုံးသောက်သုံးနိုင်သည့်ပမာဏ – ၂၄နာရီအချိန်အတွင်း ၂.၅ မီလီဂရမ်

အသည်းရောဂါရှိသူများအတွက် ဆေးပမာဏချိန်ညှိခြင်း

အသည်းလုပ်ငန်းစဉ် ဆိုးရွားစွာပျက်ပြားနေတဲ့ (Child-Pugh grade C ရှိတဲ့) လူနာတွေမှာ naratriptan အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။

အသည်းလုပ်ငန်းစဉ် အနည်းငယ် သို့မဟုတ် အတော်အတန်ပျက်ပြားနေတဲ့ လူနာတွေ (Child-Pugh grade A သို့မဟုတ် B ရှိတဲ့) လူနာတွေမှာ –

ကနဦးသောက်သုံးရမည့်ပမာဏ – ၁ မီလီဂရမ်၊ တစ်ကြိမ်သာသောက်ရန်

အများဆုံးသောက်သုံးနိုင်သည့်ပမာဏ – ၂၄နာရီအချိန်အတွင်း ၂.၅ မီလီဂရမ်

ဆေးပမာဏချိန်ညှိခြင်း

သက်ကြီးပိုင်းလူနာတွေမှာ naratriptan ကို သတိနဲ့ယှဉ်ပြီး အသုံးပြုသင့်ပါတယ်။ ဖြစ်နိုင်ရင် ဆေးပမာဏအနည်းဆုံးကနေ စပေးသင့်ပါတယ်။

အထွေထွေမှတ်ချက်များ

  • Naratriptan ကို ရေ သို့မဟုတ် အခြားအရည်တစ်မျိုးမျိုးနဲ့ သောက်သုံးနိုင်ပါတယ်။
  • ပထမတစ်ကြိမ် ဆေးသောက်ချိန်နဲ့ အနည်းဆုံး ၄နာရီခြားပြီးမှသာ ဒုတိယတစ်ကြိမ် သောက်သုံးသင့်ပါတယ်။
  • ဒီဆေးဝါးကို ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ရောဂါရှာဖွေအတည်ပြုပြီးမှသာ အသုံးပြုသည့်ပါတယ်။ ဆေးသောက်သုံးပြီး တိုးတက်မှုမရှိခဲ့ရင် နောက်တစ်ကြိမ်ဆေးထပ်မပေးခင် ရောဂါရှာဖွေဆန်းစစ်မှုကို ပြန်လည်လုပ်ဆောင်ဖို့ စဉ်းစားသင့်ပါတယ်။
  • ဒီဆေးဝါးကို ခေါင်းနဲ့မျက်လုံးနားတစ်ဝိုက် နာကျင်ကိုက်ခဲမှုဝေဒနာ၊ hemiplegic နဲ့ basilar အမျိုးအစားခေါင်းတစ်ခြမ်းကိုက်ဝေဒနာတွေအတွက် အသုံးမပြုသင့်ပါဘူး။
  • နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေများတဲ့ လူနာတွေမှာ ဆေးစမပေးခင် နှလုံးကျန်းမာရေးအခြေအနေကို ဦးဆုံးစစ်ဆေးသင့်ပါတယ်။ ရလဒ်ကောင်းမွန်တဲ့ လူနာတွေကို ပထမဦးဆုံးအကြိမ် naratriptan ပေးတဲ့အခါ ဆေးရုံဆေးခန်းမှာတင် ဆေးသောက်ခိုင်းပြီး ဆေးသောက်ပြီးပြီးချင်း ECG ဆွဲကြည့်ဖို့ လိုအပ်ပါတယ်။
  • ခေါင်းကိုက်ပျောက်ဆေးတွေကို လိုတာထက်ပိုသုံးမိရင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာနဲ့ အလားသဏ္ဍာန်တူတဲ့ ခေါင်းကိုက်ဝေဒနာတွေ ဖြစ်လာနိုင်သလို ခေါင်းတစ်ခြမ်းကိုက်တဲ့အကြိမ်ရေ ပိုစိတ်လာနိုင်ပါတယ်။ ဒါကြောင့် ergotamine, triptans, opioids စတဲ့ ခေါင်းကိုက်ပျောက်ဆေးတွေကို တစ်လမှာ ၁၀ကြိမ်မက အသုံးပြုနေရသူတွေမှာ ဆေးပြတ်တဲ့လက္ခဏာဟုတ်မဟုတ် စဉ်းစားသင့်တဲ့အပြင် ဆေးပြတ်တဲ့လက္ခဏာ ရှိနေခဲ့ရင်လည်း ကုသဖို့လိုအပ်ပါတယ်။

လူနာအခြေအနေ စောင့်ကြည့်လေ့လာခြင်း

  • နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေများတဲ့ လူနာတွေမှာ ဆေးစမပေးခင် နှလုံးကျန်းမာရေးအခြေအနေကို ဦးဆုံးစစ်ဆေးသင့်ပါတယ်။ ရလဒ်ကောင်းမွန်တဲ့ လူနာတွေကို ပထမအကြိမ်ဆေးပေးပြီး ECG ဆွဲသင့်သလို ရေရှည်သောက်သုံးနေရသူတွေကိုလည်း အချိန်အပိုင်းအခြားအလိုက် နှလုံးကျန်းမာရေး အကဲဖြတ်စစ်ဆေးသင့်ပါတယ်။
  • Naratriptan သောက်သုံးနေသူတွေအနေနဲ့ သွေးဖိအားကို ပုံမှန်တိုင်းတာသင့်ပါတယ်။
  • Naratriptan ကို SSRI သို့မဟုတ် SNRI အုပ်စုဝင်ဆေးဝါးတစ်မျိုးမျိုးနဲ့ တွဲပြီးသောက်သုံးနေသူတွေမှာ serotonin ရောဂါစုလက္ခဏာတွေ ဖြစ်ပေါ်လာခြင်းရှိမရှိ စောင့်ကြည့်စစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် ဆေးစပေးချိန်၊ ဆေးပမာဏတိုးပေးချိန်တွေမှာ ပိုပြီးဂရုတစိုက်စောင့်ကြည့်သင်ပါတယ်။

လူနာများအတွက် အကြံပြုချက်များ

  • အခြားဘယ်ဆေးဝါးကိုမဆို မသောက်သုံးခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
  • Naratriptan ရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်တဲ့ နှလုံးသွေးကြောရောဂါဖြစ်ပွားနိုင်ချေအကြောင်း ကောင်းစွာသိရှိနားလည်ဖို့၊ ရောဂါလက္ခဏာတစ်ခုခုပေါ်လာတာနဲ့ အရေးပေါ်ဆေးကုသမှုအမြန်ဆုံးခံယူဖို့ လူနာတွေကို ကြိုတင်အသိပညာပေးထားပါ။
  • ပထမတစ်ကြိမ် ဆေးသောက်သုံးပြီး မသက်သာခဲ့ရင် ကျန်းမာရေးစောင့်ရှောက်သူရဲ့ ညွှန်ကြားချက်မပါဘဲ နောက်တစ်ကြိမ် ထပ်မံမသောက်သုံးသင့်ပါဘူး။
  • Naratriptan ကို လိုတာထက်ပိုသုံးမိရင် ခေါင်းကိုက်ဝေဒနာဖြစ်ပေါ်နိုင်ကြောင်း လူနာတွေကို ကြိုတင်ရှင်းပြထားပါ။
  • ဒီဆေးဝါးဟာ ဆင်ခြင်အကဲဖြတ်နိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ လှုပ်ရှားမှုစွမ်းရည်တွေကို ပျက်ပြားစေနိုင်တဲ့အတွက် ဆေးသောက်သုံးပြီး ကိုယ့်အခြေအနေကိုယ် မသိရသေးသရွေ့ ယာဉ်မောင်းနှင်ခြင်း၊ စက်ယန္တရားမောင်းနှင်ခြင်း စတဲ့ အန္တရာယ်ရှိတဲ့အပြုအမူတွေကို ရှောင်ကြဉ်ပါ။
  • ဆေးသောက်သုံးနေစဉ် ကိုယ်ဝန်ရလာခဲ့ရင် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိလာခဲ့ရင် ဒါမှမဟုတ် လူနာက နို့တိုက်မိခင်ဖြစ်နေခဲ့ရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုပါ။

ကလေးတွေအတွက် Naratriptan ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Naratriptan ကိုဘယ်လိုရရှိနိုင်သလဲ

Naratriptan ကို ဆေးပြား ပုံစံဖြင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Naratriptanကို သောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 24, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။