backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Naphazoline


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Naphazoline ကို ဘာအတွက်အသုံးပြုကြသလဲ

Naphazoline ကို အအေးမိဝေဒနာ၊ ဓါတ်မတည့်ခြင်းနဲ့ အခြားအကြောင်းအရင်းတွေ (ဥပမာမီးခိုးမြူ၊ ရေကူးခြင်း၊ မျက်ကပ်မှန်တပ်ခြင်း) ကြောင့် ဖြစ်ပေါ်လာတဲ့ မျက်စိနီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ မျက်ရည်ယိုခြင်းစတဲ့ လက္ခဏာတွေ သက်သာစေဖို့ အဓိကအသုံးပြုပါတယ်။ ဒီဆေးဝါးဟာ sympathomimetic (alpha receptor agonist) အုပ်စုဝင်ဖြစ်ပြီးမျက်စိနာခြင်းကိုသက်သာစေပါတယ်။

အချို့သောnaphazoloineမျက်စဉ်းဆေးတွေကို အခြားပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Glycerin, Hypromellose, polyethylene glycol 300 စတာတွေကမျက်လုံးထပ်မံမထိခိုက်အောင် ကာကွယ်ပေးပြီးဇင့်ဆာလဖိတ်ကမျက်စိနီရဲခြင်း၊ ကျိန်းစပ်ခြင်းကိုသက်သာစေပါတယ်။

Naphazoline ဘယ်လိုသောက်သုံးသင့်သလဲ

Naphazoline မျက်စဉ်းဆေးအသုံးမပြုမီလက်အရင်ဆေးပါ။ ဆေးပုလင်းထိပ်ဝကို မျက်လုံး၊ မျက်ခွံ၊ အရေပြား စတာတွေအပါအဝင် အခြားဘာနဲ့မှ မထိတွေ့ပါစေနဲ့။

မျက်စဉ်းမခပ်မီမျက်ကပ်မှန်ချွတ်ပါ။ ဆေးခပ်ပြီးအနည်းဆုံး ၁၀မိနစ်ကြာမှ ပြန်တပ်ပါ။

မျက်စဉ်းမခပ်မီပုလင်းထဲကဆေးရည်ကို ကြည့်ရှုစစ်ဆေးပါ။ ဆေးရည်အရောင်ပြောင်းနေရင်၊ အရောင်နောက်နေရင်၊ ဆေးပုလင်းယိုစိမ့်နေရင်၊ အမှုန်အမွှားတွေ ရှိနေရင် ဆက်လက်အသုံးမပြုပါနဲ့။

မျက်စဉ်းခပ်တဲ့အခါ ခေါင်းကိုနောက်သို့လှန်ပြီးအပေါ်ဘက်ကိုကြည့်ပါ။ အောက်မျက်ခွံကိုလက်နဲ့အသာဆွဲပါ။ ဆေးပုလင်းထိပ်ဝကို မျက်လုံးပေါ်တည့်တည့်ရောက်အောင်ထားပြီးဆေးစက်ချပါ။

မျက်လုံးထဲဆေးရည် ကောင်းစွာစိမ့်ဝင်သွားအောင် မျက်စိမှိတ်ထားပြီးမျက်လုံးအတွင်းဘက်ထောင့်ကိုတစ်မိနစ်၊ နှစ်မိနစ်ခန့် လက်နဲ့အသာအယာဖိပေးပါ။ နောက်တစ်စက် ထပ်ချဖို့လိုရင်ဖြစ်စေ၊ နောက်မျက်လုံးတစ်ဖက်အတွက် အသုံးပြုလိုရင်ဖြစ်စေအထက်ပါနည်းအတိုင်းအဆင့်ဆင့်ပြန်လည်ပြုလုပ်ပါ။

ဆေးစက်ချကိရိယာကိုသို့မဟုတ် ဆေးပုလင်းကိုမဆေးကြောပါနဲ့။ အသုံးပြုပြီးတိုင်းအဖုံးလုံအောင်ပြန်ဖုံးပါ။

Naphazoline အသုံးပြုပြီးအနည်းဆုံး ၅မိနစ်ကြာမှ နောက်ဆေးတစ်မျိုး (အခြားမျက်စဉ်းဆေးရည် သို့မဟုတ် ဆေးအဆီ) ဆက်လက်အသုံးပြုပါ။ ဒီလိုအသုံးပြုရာမှာလည်းမျက်စဉ်းဆေးရည်ထည့်ပြီးမှ ဆေးအဆီထည့်ပါ။

Naphazoline ကိုလိုတာထက်ပိုသုံးမိရင် မျက်စိပိုမိုနီရဲလာနိုင်တဲ့အန္တရာယ် ရှိပါတယ်။ ဆေးအသုံးပြုပြီးမျက်စိနီရဲလာရင်ဖြစ်စေ၊ ၄၈နာရီကျော်လို့မှ သင်ခံစားနေရတဲ့ မျက်စိဝေဒနာ မသက်သာရင်ဖြစ်စေ၊ ပိုဆိုးလာရင်ဖြစ်စေသင့်ဆရာဝန်ကို အသိပေးပါ။

Naphazoline ဘယ်လိုသိမ်းဆည်းရမလဲ

Naphazoline ကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Naphazolineကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Naphazoline ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Naphazolineကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Naphazoline အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဒီဆေးအသုံးမပြုခင် သင့်ကျန်းမာရေးရာဇဝင်အကြောင်း သင့်ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်သိအောင် ပြောပြထားပါ။ အထူးသဖြင့် သင့်မှာ နှလုံးသွေးကြောရောဂါ (ဥပမာသွေးတိုး)၊မျက်စိရေတိမ်၊ သွေးချိုဆီးချို၊ မျက်စိပိုးဝင်ခြင်း/ ထိခိုက်ဒဏ်ရာရခြင်း၊ သိုင်းရွိုက်ဂလင်းအလုပ်လုပ်လွန်းခြင်း (သိုင်းရွိုက်ဟော်မုန်းများခြင်း) စတဲ့ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေရင် သင့်ဆရာဝန်ကို မဖြစ်မနေအသိပေးပါ။

ဒီဆေးဝါးဟာ သင့်ကို မူးဝေငိုက်မျဉ်းစေပြီး အမြင်အာရုံကို ယာယီေဝဝါးစေနိုင်တဲ့အတွက် ဆေးသောက်သုံးပြီးကိုယ့်အခြေအနေကိုယ် မသိရသေးသရွေ့ အမြင်အာရုံကောင်းမွန်ဖို့လိုအပ်တဲ့၊ သတိကြီးကြီးထားပြီး နိုးနိုးကြားကြားလုပ်ဆောင်ရမယ့် တာဝန်နဲ့လှုပ်ရှားမှုတွေ (ဥပမာကားမောင်းခြင်း၊ စက်ယန္တရားအသုံးပြုခြင်း) မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အရက်နဲ့ဆေးခြောက်တို့ဟာသင့်ကို မူးဝေငိုက်မျဉ်းစေနိုင်တဲ့အတွက် ဒီဆေးအသုံးပြုနေစဉ်ကာလတလျှောက် အရက်သောက်သုံးမှုကိုကန့်သတ်သင့်သလိုသင့်မှာဆေးခြောက်အသုံးတဲ့အကျင့်ရှိရင်လည်းသင့်ဆရာဝန်ကို အသိပေးဖို့ လိုအပ်ပါတယ်။

အရွယ်ရောက်ပြီးသူတွေထက်စာရင် ကလေးငယ်တွေဟာ Naphazoline ရဲ့ ဘေးထွက်ဆိုးကျိုးဒဏ် အထူးသဖြင့် ငိုက်မျဉ်းခြင်း၊ ခန္ဓါကိုယ်အပူချိန်ကျဆင်းခြင်းစတဲ့ ဒဏ်တွေကိုပိုမိုခံစားရနိုင်တဲ့အတွက် သတိနဲ့ယှဉ်ပြီးအသုံးပြုသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ Naphazoline ကိုအမှန်တကယ်လိုအပ်မှသာအသုံးပြုသင့်ပါတယ်။ ဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးအားလုံးကိုချိန်ဆနိုင်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဒီဆေးဝါးဟာ မိခင်နို့ရည်ထဲ ဝင်ရောက်နိုင်ခြင်းရှိမရှိသေသေချာချာမသိရသေးတဲ့အတွက် မိမိရင်သွေးကို နို့မတိုက်ခင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Naphazoline ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးအသုံးမပြုမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Naphazoline ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Naphazoline ကြောင့် မျက်စိစပ်ဖျင်းဖျင်းဖြစ်ခြင်း၊ သူငယ်အိမ်ကျယ်ခြင်း၊ အမြင်အာရုံေဝဝါးခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ အချိန်ကြာတဲ့အထိဒီလက္ခဏာတွေ မပျောက်နိုင်ရင် ဒါမှမဟုတ် ပိုဆိုးလာရင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးပါ။

ဒီဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးရလဒ်တွေကဘေးထွက်ဆိုးကျိုးထက် ပိုအလေးသာတဲ့အတွက်ကြောင့်သာသင့်ဆရာဝန်က ညွှန်းပေးထားခြင်းဖြစ်တယ်ဆိုတဲ့အချက်ကိုအမြဲသတိပြုပါ။ ဒီဆေးအသုံးပြုသူအများစုဟာ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးဒဏ် ခံစားရလေ့မရှိပါဘူး။

Naphazoline အသုံးပြုပြီး မူးဝေခြင်း၊ ပျို့ခြင်း၊ ချွေးပြန်ခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ စိုးရိမ်ထိတ်လန့်ခြင်း၊ မျက်စိဝေဒနာ (နီရဲခြင်း/ယားယံခြင်း/ရောင်ရမ်းခြင်း) ပိုဆိုးရွားလာခြင်း၊ မျက်စိနာကျင်ကိုက်ခဲခြင်း၊ အခြားအမြင်အာရုံပြဿနာများ၊ ခေါင်းကိုက်ခြင်း၊ ကိုယ်အပူချိန်ကျဆင်းခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်းစတဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ပေါ်လာခဲ့ရင် သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

ဒီဆေးဝါးကြောင့်ပြင်းထန်တဲ့ဓါတ်မတည့်တုန့်ပြန်မှု ဖြစ်ခဲပေမယ့် ဆေးအသုံးပြုပြီးအဖုအပိမ့်အနီကွက်များထွက်ခြင်း၊ မျက်နှာ၊ လျှာ၊ လည်ချောင်းစသည်တို့ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ ဆိုးဆိုးရွားရွား မူးဝေခြင်း၊ အသက်ရှူရခက်ခြင်းစတဲ့လက္ခဏာတစ်စုံတစ်ရာပေါ်လာခဲ့ရင် အရေးပေါ်ဆေးကုမှု အမြန်ဆုံးခံယူပါ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Naphazoline နဲ့ ဓါတ်ပြုနိုင်သလဲ

Naphazoline နဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ အချို့ဆေးဝါးတွေကတော့ cyclobenzaprine, guanethidine, MAOI (linezolid, methylene blue, moclobemide, phenelzine procarbazine, rasagiline, safinamide, selegiline, isocarboxazid, tranylcypromine), maprotiline, tricyclic အုပ်စုဝင် စိတ်ကျဝေဒနာသက်သာဆေးများ (ဥပမာ amitriptyline) တို့ပဲ ဖြစ်ပါတယ်။

Naphazolineဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Naphazoline နဲ့ ဓါတ်ပြုနိုင်သလား

Naphazolineက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Naphazoline နဲ့ ဓါတ်ပြုနိုင်သလဲ

Naphazolineဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Naphazoline ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူနာတစ်ယောက်နဲ့တစ်ယောက် အသုံးပြုရမယ့် ဆေးပမာဏအချိုးအစားချင်းတူညီမှာမဟုတ်တဲ့အတွက် သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဒါမှမဟုတ် ဆေးအညွှန်းမှာဖော်ပြထားတဲ့အတိုင်းတိတိကျကျ လိုက်နာအသုံးပြုပါ။ အောက်ပါအချက်အလက်တွေဟာယေဘုယျအသုံးပြုရမယ့် ပမာဏကိုသာဖော်ပြထားခြင်းဖြစ်ပါတယ်။ အကယ်၍ သင့်ဆရာဝန်ညွှန်ကြားထားတဲ့ပမာဏနဲ့ မတူညီဘူးဆိုရင် သင့်ဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုသာလိုက်နာဖို့၊ ကိုယ့်သဘောနဲ့ကိုယ် ဆေးအတိုးအလျော့မလုပ်ဖို့ အကြံပြုလိုပါတယ်။

သင်အသုံးပြုရမယ့် ဆေးပမာဏ၊ အကြိမ်ရေ၊ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ခြားရမယ့်အချိန်အတိုင်းအတာ၊ ဆေးအသုံးပြုရမယ့် အချိန်ကာလစတာတွေဟာအသုံးပြုရမယ့်ဆေးရည်ရဲ့ပြင်းအားနဲ့ သင့်မှာဖြစ်ပေါ်နေတဲ့ ရောဂါဝေဒနာအမျိုးအစားပေါ်မူတည်ပါတယ်။

မျက်စိနီရဲခြင်းအတွက်

  • တစ်ကြိမ်သုံးလျှင် မျက်စဉ်းဆေးရည် ၁စက်၊ ၄နာရီခြားတစ်ကြိမ်ထက်ပိုပြီးအသုံးမပြုသင့်ပါ

ကလေးတွေအတွက် Naphazoline ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် အသုံးပြုရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Naphazoline ကိုဘယ်လိုရရှိနိုင်သလဲ

Naphazolineကိုမျက်စဉ်းဆေးရည်ပုံစံဖြင့်ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Naphazolineကိုအသုံးပြုဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးအသုံးပြုပါ။ သို့သော်လည်းနောက်တစ်ကြိမ်မျက်စဉ်းဆေးခပ်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲခပ်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးခပ်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement