backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Naltrexone

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Naltrexone ကို ဘာအတွက်အသုံးပြုကြသလဲ

Naltrexone ဟာ နာကျင်ကိုက်ခဲမှုဝေဒနာသက်သာခြင်း၊ ခံစားချက်ကောင်းမွန်ခြင်းစတာတွေ အပါအဝင် ဆေးဝါးအလွဲသုံးစားမှုဆီဦးတည်စေတဲ့ opioid အုပ်စုဝင်ဆေးဝါးတွေရဲ့ အာနိသင်ကို ပိတ်ပင်တားဆီးပေးပါတယ်။ Opoid ဆေးဝါးတွေကို မူးယစ်စွဲလမ်းစေတဲ့ဆေးဝါးလို့လဲ ရံဖန်ရံခါခေါ်ဝေါ်ကြပါတယ်။ အရက်နဲ့မူးယစ်ဆေးစွဲလမ်းမှုကို ကုသတဲ့အစီအစဉ်တွေမှာ naltrexone ကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

အရင်က မူးယစ်ဆေးစွဲလမ်းခဲ့ပြီး ဆက်လက်အသုံးမပြုတော့တဲ့သူတွေ နောက်တစ်ကြိမ်ဆေးပြန်မသုံးမိအောင် naltrexone က ကူညီပေးပါတယ်။ ဆေးသုံးဖို့လိုအပ်တဲ့ခံစားချက် ဖြစ်မလာအောင် naltrexone က ကူညီထိန်းချုပ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ဒီဆေးဝါးဟာ အရက်သောက်ချင်စိတ်ကို လျော့နည်းစေတဲ့အတွက် အရက်စွဲရောဂါကုသရာမှာလည်း အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် လတ်တလောသောက်သုံးခဲ့တဲ့ အရက်ရဲ့အစွမ်းသတ္တိတွေကိုတော့ ပျက်ပြယ်စေမှာမဟုတ်ပါဘူး။

ဒီဆေးဝါးဟာ အရက်နဲ့မူးယစ်ဆေးစွဲလမ်းမှုပြဿနာကို အမြစ်ပျက်ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးဝါးတော့ မဟုတ်ပါဘူး။

Naltrexone ကို ဒီဆောင်းပါးမှာမဖော်ပြထားတဲ့ အခြားရည်ရွယ်ချက်တွေအတွက်လဲ အသုံးပြုနိုင်ပါတယ်။

Naltrexone ဘယ်လိုသောက်သုံးသင့်သလဲ

Naltrexone ကို အစာနဲ့ခြားပြီးဖြစ်စေ တွဲပြီးဖြစ်စေ တစ်နေ့လျှင် ၅၀မီလီဂရမ် သို့မဟုတ် သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာသောက်သုံးပါ။ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် (ဥပမာ မူးယစ်ဆေးစွဲလမ်းမှုကုသရေးအစီအစဉ်) ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် Naltrexone ကို အသုံးပြုရတာဖြစ်တဲ့အတွက် ဆေးသောက်ချိန်မှာ ကျန်းမာရေးစောင့်ရှောက်သူ ဝန်ထမ်းတစ်ယောက်ယောက်က စောင့်ကြည့်ပေးဖို့ လိုအပ်နိုင်ပါတယ်။ ဒီအခြေအနေမှာ ဆေးရုံဆေးခန်းလာရလွယ်ကူအောင် Naltrexone ၁၀၀ မီလီဂရမ်မှ ၁၅၀မီလီဂရမ်ကို ၂ရက် သို့မဟုတ် ၃ရက်တစ်ကြိမ်သောက်သုံးဖို့ သင့်ဆရာဝန်က ညွှန်းပေးပါလိမ့်မယ်။ ဆေးသောက်သုံးပြီး အစာအိမ်ထိခိုက်မှုရှိခဲ့ရင် Naltrexone ကို အစာ သို့မဟုတ် အစာချေအက်ဆစ်ဓါတ်ပြယ်ဆေး တစ်ခုခုနဲ့ တွဲပြီးသောက်သုံးနိုင်ပါတယ်။

ဆေးမသောက်သုံးခင်မှာ opiate ဆေးဝါး လတ်တလောအသုံးပြုထားခြင်းရှိမရှိ ဆီးစစ်ဆေးမှုပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးရာမှာ (naloxone challenge text ပြုလုပ်ရာမှာ) အခြားဆေးဝါးတစ်မျိုးကို အသုံးပြုရမှာဖြစ်ပါတယ်။ Naltrexone မသောက်သုံးမီ အနည်းဆုံး၇ရက်အတွင်း ဘယ် opiate ဆေးဝါးကိုမှ မသုံးထားသင့်ပါဘူး။ အချို့သော opiate ဆေးဝါးတွေ (ဥပမာ methadone) ကို ဒီဆေးမသောက်သုံးခင် အနည်းဆုံး ၁၀ရက်ကနေ ၁၄ရက်ကြိုတင်ပြီး ဖြတ်ထားသင့်ပါတယ်။

သင့်ကျန်းမာရေးအခြေအနေနဲ့ ကုသမှုကိုတုန့်ပြန်မှုအပေါ် မူတည်ပြီး သောက်သုံးရမယ့်ဆေးပမာဏကို သင့်ဆရာဝန်က လိုအပ်သလိုချိန်ညှိပေးမှာ ဖြစ်ပါတယ်။ ဆေးပမာဏနည်းနည်းစပေးကြည့်ရင်း ဘေးထွက်ဆိုးကျိုးလက္ခဏာ ဒါမှမဟုတ် ဆေးပြတ်တဲ့လက္ခဏာ တစ်စုံတစ်ရာပေါ်ပေါက်ခြင်းရှိမရှိ စောင့်ကြည့်လေ့လာပြီးမှသာ ဆေးပမာဏထပ်တိုးသွားမှာ ဖြစ်ပါတယ်။ ဒီဆေးဝါးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်းလိုက်နာသောက်သုံးပါ။

ဆရာဝန်မညွှန်ကြားဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးအတိုးအလျော့လုပ်ခြင်း၊ အကြိမ်ရေတိုးသောက်ခြင်း၊ ဆေးဆက်မသောက်ခြင်းမပြုလုပ်သင့်ပါ။

ဆေးအာနိသင်အပြည့်အဝရရှိစေဖို့ naltrexone ကို ပုံမှန်သောက်သုံးပါ။ ဆေးသောက်ဖို့မမေ့အောင် ဆေးသောက်ချိန် တိတိကျကျသတ်မှတ်ပြီး မပျက်မကွက်သောက်သုံးပါ။

ဆေးသောက်နေရင်း အရက် သို့မဟုတ် မူးယစ်ဆေး ပြန်သုံးမိရင် သင့်ဆရာဝန်ကို အမြန်ဆုံးအသိပေးပါ။

Naltrexone ဘယ်လိုသိမ်းဆည်းရမလဲ

Naltrexoneကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Naltrexoneကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Naltrexoneဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Naltrexoneကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Naltrexone အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ မသောက်သုံးသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကို သင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Naltrexoneသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း

အကယ်၍သင့်မှာ အောက်ဖော်ပြပါ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေရင်Naltrexone မသောက်သုံးသင့်ပါ။

  • အရက် သို့မဟုတ် မူးယစ်ဆေးပြတ်သည့် လက္ခဏာများ ဖြစ်ပေါ်ခြင်း
  • လွန်ခဲ့သည့် ၁၀ရက်အတွင်း Fentanyl, Vicodin, OxyContin တို့အပါအဝင် opioid အုပ်စုဝင်ဆေးဝါးတစ်ခုခု အသုံးပြုထားခြင်း
  • လွန်ခဲ့သည့် ၁၄ရက်အတွင်း Subutex, Butrans, Suboxone, Zubxolv တို့အပါအဝင် methadone သို့မဟုတ် buprenorphine အမျိုးအစား ဆေးဝါးတစ်ခုခု အသုံးပြုထားခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Naltrexone ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Naltrexone ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Naltrexone သောက်သုံးပြီး အင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းတို့ရောင်ရမ်းခြင်း စတဲ့ ဓါတ်မတည့်တုန့်ပြန်မှုလက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူပါ။

Naltrexone သောက်သုံးနေစဉ် opioid ဆေးဝါးအသုံးပြုခြင်းက opioid ဆေးပြတ်တဲ့လက္ခဏာတွေဖြစ်လာအောင် လှုံ့ဆော်နိုင်ပါတယ်။ ဆေးပြတ်ချိန်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေကတော့ တစ်ချိန်လုံးသန်းဝေခြင်း၊ စိတ်တိုလွယ်ခြင်း၊ ချွေးပြန်ခြင်း၊ ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ မျက်ရည်ယိုခြင်း၊ နှာရည်ယိုခြင်း၊ ကြက်သီးမွေးညှင်းထခြင်း၊ ခန္ဓါကိုယ်နာကျင်ကိုက်ခဲခြင်း၊ အိပ်မပျော်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

အောက်ဖော်ပြပါ လက္ခဏာတွေ ဖြစ်လာခဲ့ရင်လည်းသင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

  • ပြင်းပြင်းထန်ထန် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း
  • စိတ်အခြေအနေပြောင်းလဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အာရုံမှောက်မှားခြင်း (တကယ်မဟုတ်သည့်အရာများကို မြင်ခြင်း၊ ကြားခြင်း)
  • စိတ်ဓါတ်ကျဆင်းခြင်း၊ မိမိကိုယ်ကိုယ်ထိခိုက်အောင် ပြုလုပ်လိုသည့် သို့မဟုတ် သေကြောင်းကြံစည်လိုသည့်အတွေးများ ပေါ်လာခြင်း
  • အသည်းထိခိုက်ခြင်း – ပျို့ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ယားယံခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ မျက်စိဝါခြင်း၊ အသားဝါခြင်း
  • ဒီဆေးဝါးကြောင့်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • ပျို့ခြင်း၊ အန်ခြင်း၊ အစာအိမ်အောင့်ခြင်း
    • ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း
    • စိုးရိမ်ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြောက်ခြားခြင်း
    • အိပ်မပျော်ခြင်း
    • ကြွက်သားနှင့်အဆစ်များ နာကျင်ကိုက်ခဲခြင်း

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Naltrexone နဲ့ ဓါတ်ပြုနိုင်သလဲ

    Naltrexoneဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

    အစားအသောက်တွေနဲ့ အရက်က Naltrexone နဲ့ ဓါတ်ပြုနိုင်သလား

    Naltrexoneက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Naltrexone နဲ့ ဓါတ်ပြုနိုင်သလဲ

    Naltrexone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

    Naltrexone ကြောင့် သက်ရောက်မှုရှိနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့

    ကျောက်ကပ်ရောဂါ

    အသည်းရောဂါ

    သွေးမတိတ်သည့်ရောဂါများ (ဥပမာ hemophilia)

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Naltrexone ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အရက်စွဲလမ်းမှုပြဿနာအတွက်

    Naltrexone သောက်ဆေး – ၅၀ မီလီဂရမ် တစ်နေ့တစ်ကြိမ်

    ဆေးအာနိသင်အချိန်ကြာကြာရရှိအောင် ပြုလုပ်ထားသည့် ထိုးဆေးရည် – တစ်ကြိမ်လျှင် ၃၈၀ မီလီဂရမ်၊ ၄ပတ် (သို့မဟုတ် တစ်လ) တစ်ကြိမ်၊ တင်ပါးနှစ်ဖက်တွင် တစ်လှည့်စီထိုးရန်

    Opiate ဆေးဝါး စွဲလမ်းမှုပြဿနာအတွက်

    Opioid ဆေးဝါး နောက်ဆုံးသုံးစွဲပြီး အနည်းဆုံး၇ရက်ကနေ ၁၀ရက်ကြာမှ ကုသမှုကိုစတင်သင့်ပါတယ်။ Naltrexone အသုံးမပြုမီ လတ်တလောဆေးသုံးထားခြင်းရှိမရှိ ဆီးစစ်ကြည့်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် လူနာမှာ ဆေးပြတ်တဲ့လက္ခဏာတစ်စုံတစ်ရာ ရှိမနေသင့်ပါဘူး။

    လူနာမှာ မူးယစ်ဆေးစွဲခြင်းရှိမရှိ မသေချာရင် naloxone challenge test ပြုလုပ်ပြီး အဖြေ negative မထွက်မချင်း naltrexone စမပေးသင့်ပါဘူး။ ဒါပေမယ့် လူနာမှာ opioid ဆေးပြတ်တဲ့လက္ခဏာတွေ သိသိသာသာပေါ်နေရင် ဒါမှမဟုတ် ဆီးထဲမှာ opioid ပါနေသေးရင် naloxone challenge test မလုပ်သင့်ပါဘူး။ ၎င်းစစ်ဆေးမှုကို ပထမတစ်ကြိမ်ပြုလုပ်ပြီး နောက်၂၄နာရီအကြာမှာ နောက်တစ်ကြိမ်ထပ်မံပြုလုပ်နိုင်ပါတယ်။

    ကနဦးအသုံးပြုရမည့်ပမာဏ – ၂၅ မီလီဂရမ် တစ်ကြိမ်သာသောက်ရန်

    ရေရှည်အသုံးပြုရမည့်ပမာဏ – ဆေးပြတ်သည့်လက္ခဏာမပေါ်ခဲ့လျှင် ၅၀မီလီဂရမ် တစ်နေ့၁ကြိမ်နှုန်းဖြင့် စပေးရန်

    ရက်ခြားဆေးသောက်ရမည့်အချိန်ဇယား – တနင်္လာနေ့မှ သောကြာနေ့အထိ တစ်နေ့လျှင် ၅၀မီလီဂရမ်၊ စနေနေ့တွင် ၁၀၀မီလီဂရမ်သောက်ရန် သို့မဟုတ် ၁၀၀မီလီဂရမ် တစ်ရက်ခြားစီသောက်ရန် သို့မဟုတ် ၁၅၀မီလီဂရမ် ၂ရက်ခြားစီသောက်ရန်

    ဆေးအာနိသင်အချိန်ကြာကြာရရှိအောင် ပြုလုပ်ထားသည့် ထိုးဆေးရည် – တစ်ကြိမ်လျှင် ၃၈၀ မီလီဂရမ်၊ ၄ပတ် (သို့မဟုတ် တစ်လ) တစ်ကြိမ်၊ တင်ပါးနှစ်ဖက်တွင် တစ်လှည့်စီထိုးရန်

    ကလေးတွေအတွက် Naltrexone ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

    Naltrexone ကိုဘယ်လိုရရှိနိုင်သလဲ

    Naltrexone ကို ၅၀မီလီဂရမ်ပါဝင်တဲ့ ဆေးပြားပုံစံနဲ့ ရရှိနိုင်ပါတယ်။

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Naltrexone ကို သောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement