Nabumetone ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Nabumetone Brand Name(s): Nabumetone.

အသုံးပြုပုံများ

Nabumetone ကို ဘာအတွက်အသုံးပြုကြသလဲ

Nabumetone ကို အဆစ်ရောင်ရောဂါကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှု၊ ရောင်ရမ်းမှုနဲ့ အဆစ်တောင့်တင်းမှုဝေဒနာတွေ သက်သာပျောက်ကင်းစေဖို့ အဓိကအသုံးပြုပါတယ်။ ဒီဆေးဝါးဟာ စတီးရွိုက်မပါဝင်တဲ့ အရောင်ကျဆေး (NSAID) အုပ်စုဝင်ဖြစ်ပါတယ်။

အဆစ်ရောင်ရောဂါလို နာတာရှည်ရောဂါတစ်ခုကို ကုသရာမှာ ဆေးဝါးအကူအညီမလိုတဲ့ အခြားကုထုံးတွေ ဒါမှမဟုတ် အခြားဆေးဝါးတွေအသုံးပြုနိုင်ခြင်းရှိမရှိ သင့်ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

Nabumetone ဘယ်လိုသောက်သုံးသင့်သလဲ

Nabumetone ကို သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဒါမှမဟုတ် တစ်နေ့၂ကြိမ် ရေတစ်ဖန်ခွက်အပြည့် (၂၄၀ မီလီလီတာ)နဲ့ သောက်သုံးပါ။ ဆေးသောက်ပြီး အနည်းဆုံး ၁၀မိနစ်ကြာတဲ့အထိ လဲလျောင်းခြင်းမပြုပါနဲ့။ အစာအိမ်ထိခိုက်မှုမဖြစ်အောင်ကာကွယ်ဖို့ ဒီဆေးဝါးကို အစာ၊ နို့ ဒါမှမဟုတ် အစာချေအက်ဆစ်ဓာတ်ပြယ်ဆေးတစ်ခုခုနဲ့ တွဲပြီးသောက်သုံးပါ။

သင့်ကျန်းမာရေးအခြေအနေနဲ့ ကုသမှုကို တုန့်ပြန်မှုအပေါ်မူတည်ပြီး သောက်သုံးရမယ့် ဆေးပမာဏကို သင့်ဆရာဝန်က ချိန်ညှိပေးမှာဖြစ်ပါတယ်။

ဆေးကြောင့်ရလာမယ့် ဘေးထွက်ဆိုးကျိုးဒဏ် (ဥပမာ အစာအိမ်သွေးယိုခြင်း) ကို အနည်းဆုံးလျော့ချနိုင်အောင် ရက်တိုတိုအတွင်း အာနိသင်ထိရောက်မှုရှိမယ့် အနည်းဆုံးပမာဏကိုသာ သောက်သုံးပါ။ ဆရာဝန်ညွှန်ကြားထားတဲ့ပမာဏထက် ပိုသောက်တာမျိုး၊ အကြိမ်ရေတိုးသောက်တာမျိုး မပြုလုပ်သင့်ပါ။

အဆစ်ရောင်ရောဂါလိုမျိုး နာတာရှည်ရောဂါခံစားနေရသူတွေအနေနဲ့ Nabumetone ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာသောက်သုံးပါ။ ဆေးကြောင့်ရလာနိုင်တဲ့ အကျိုးအပြစ်တွေကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

အချို့သောအခြေအနေတွေမှာ ဆေးအာနိသင်အပြည့်အ၀ရရှိဖို့ Nabumetone ကို ရက်သတ္တပတ် ၂ပတ်အထိ ပုံမှန်စွဲသောက်ဖို့ လိုအပ်နိုင်ပါတယ်။

အကယ်၍ ဒီဆေးဝါးကို ပုံမှန်စွဲသောက်ရတာမဟုတ်ဘဲ လိုအပ်တဲ့အချိန်မှသာ သောက်သုံးနေတယ်ဆိုရင် နာကျင်ကိုက်ခဲမှုဝေဒနာ စဖြစ်ဖြစ်ချင်းအချိန်မှာ သောက်သုံးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဝေဒနာပိုဆိုးလာတဲ့အထိ စောင့်နေမိရင် ဆေးအာနိသင်ပြဖို့ မသေချာတော့ပါဘူး။

ဆေးပုံမှန်သောက်သုံးနေလျက်နဲ့ ရောဂါပိုဆိုးလာခဲ့ရင်တော့ သင့်ဆရာဝန်ကို အသိပေးသင့်ပါတယ်။

Nabumetone ဘယ်လိုသိမ်းဆည်းရမလဲ

Nabumetoneကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Nabumetone ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Nabumetoneဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Nabumetoneကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nabumetone အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင်ဟာ nabumetone သို့မဟုတ် aspirin သို့မဟုတ် အခြား NSAID အုပ်စုဝင်ဆေးဝါး (ဥပမာ ibuprofen, naproxen, celecoxib) သို့မဟုတ် အခြားအရာတစ်ခုခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဒီဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးပါ။ ဒီဆေးဝါးမှာ ဓာတ်မတည့်တုန့်ပြန်မှုအပြင် အခြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်နေနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဒီဆေးဝါးကို မသုံးသင့်တဲ့အခြေအနေတွေ ရှိတဲ့အတွက် ဆေးမသောက်ခင် သင့်ကျန်းမာရေးရာဇ၀င်အကြောင်း သင့်ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်သိအောင် ပြောပြထားပါ။ အထူးသဖြင့် သင့်မှာ ပန်းနာရင်ကြပ်ရောဂါ (NSAID အုပ်စုဝင်ဆေးဝါး သို့မဟုတ် aspirin သောက်သုံးပြီး အသက်ရှူပိုကြပ်လာခြင်း)၊ သွေးယိုခြင်း သို့မဟုတ် သွေးမတိတ်ခြင်း၊ နှာခေါင်းထဲအဖုထွက်ခြင်း၊ နှလုံးရောဂါ (ယခင်က နှလုံးတိုက်ခိုက်ခံရဖူးခြင်း)၊ သွေးတိုးရောဂါ၊ အသည်းရောဂါ၊ လေဖြတ်ရောဂါ၊ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါများ (ဥပမာ သွေးယိုခြင်း၊ အနာဖြစ်ခြင်း၊ မကြာခဏရင်ပူခြင်း) စတဲ့ ရောဂါဝေဒနာတစ်ခုခုရှိနေရင် သင့်ဆရာဝန်ကို မဖြစ်မနေအသိပေးပါ။

တစ်ခါတစ်ရံမှာ Nabumetone အပါအ၀င် NSAID ဆေးဝါးတွေအသုံးပြုခြင်းကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း၊ နှလုံးအလုပ်မလုပ်နိုင်ခြင်း၊ ကျောက်ကပ်ရောဂါရှိခြင်း၊ အသက်အရွယ်ကြီးခြင်း၊ အချို့သောဆေးဝါးများသောက်သုံးနေရခြင်း (ဆေးဝါးဓာတ်ပြုမှုများ အပိုင်းတွင်ကြည့်ရန်) စတဲ့ကျန်းမာရေးပြဿနာတွေက Nabumetoneရဲ့ ဘေးထွက်ဆိုးကျိုးဒဏ် ခံရနိုင်ချေကို ပိုမြင့်စေပါတယ်။

ဆေးသောက်သုံးနေစဉ်ကာလတလျှောက် ရေဓာတ်ခမ်းခြောက်ခြင်းမဖြစ်ရအောင် သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ရေများများသောက်ဖို့ လိုအပ်သလို ဆီးသွားတဲ့ပမာဏ ပြောင်းလဲခဲ့ရင်လည်း သင့်ဆရာဝန်ကိုအသိပေးဖို့ လိုအပ်ပါတယ်။

ခွဲစိတ်ကုသမှု၊ သွားဘက်ဆိုင်ရာကုသမှု မခံယူခင် သက်ဆိုင်ရာဆရာဝန်ကို သင်အသုံးပြုနေသမျှ ဆေးအားလုံး (ဆရာဝန်ညွှန်ကြားတဲ့ဆေး၊ မညွှန်ကြားတဲ့ဆေး၊ ဆေးပင်ကထုတ်လုပ်တဲ့ဆေးဝါး အားလုံး) အကြောင်း ပြောပြထားပါ။

ဒီဆေးဝါးဟာ သင့်ကို မူးဝေငိုက်မျဉ်းစေနိုင်တဲ့အတွက် ဆေးသောက်သုံးပြီး ကိုယ့်အခြေအနေကိုယ် မသိရသေးသရွေ့ သတိကြီးကြီးထားပြီး နိုးနိုးကြားကြားလုပ်ဆောင်ရမယ့် တာဝန်နဲ့လှုပ်ရှားမှုတွေ (ဥပမာ ကားမောင်းခြင်း၊ စက်ယန္တရားအသုံးပြုခြင်း) မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ အရက်နဲ့ဆေးခြောက်တို့မှာလည်း မူးဝေငိုက်မျဉ်းစေတဲ့ အစွမ်းသတ္တိရှိတာကြောင့် nabumetone သောက်သုံးနေစဉ်အတောအတွင်း အရက်သောက်သုံးမှုကို ကန့်သတ်ပါ။ ဆေးခြောက်သုံးတဲ့အကျင့်ရှိရင် သင့်ဆရာဝန်ကို အသိပေးပါ။

Nabumetone ကြောင့် အစာအိမ်သွေးယိုနိုင်သလို အရက်နဲ့ဆေးရွက်ကြီးတို့မှာလည်း အလားတအစွမ်းသတ္တိရှိတဲ့အတွက် ဒီဆေးဝါးနဲ့တွဲသုံးမိရင် သွေးယိုနိုင်ချေ ပိုမြင့်လာမှာဖြစ်ပါတယ်။ ဆေးသောက်သုံးနေစဉ်အတောအတွင်း အရက်နဲ့ဆေးလိပ်သောက်သုံးမှုကို ကန့်သတ်ပါ။ အချက်အလက်များ ပိုမိုသိရှိလိုပါက သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။

ဒီဆေးဝါးဟာ နေရောင်ဒဏ်ခံနိုင်ရည်ကို လျော့ကျစေတဲ့အတွက် ဆေးအသုံးပြုနေတဲ့ အချိန်ကာလအတွင်း နေရောင်ခြည်နဲ့ ထိတွေ့မှုကို တတ်နိုင်သမျှ လျော့ချပါ။ Tanning booth နဲ့ sunlamp များ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။ အပြင်ထွက်တိုင်း နေရောင်ကာလိမ်းဆေးလိမ်းပါ။ အ၀တ်အစားလုံလုံခြုံခြုံဝတ်ပါ။ နေလောင်ခြင်း၊ အရေပြားနီရဲခြင်း၊ အရည်ကြည်ဖုထခြင်းတို့ ဖြစ်ပေါ်ခဲ့ရင် သင့်ဆရာဝန်ကို အမြန်ဆုံးအကြောင်းကြားပါ။

သက်ကြီးပိုင်းလူနာတွေဟာ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးဒဏ် အထူးသဖြင့် အစာအိမ်သွေးယိုခြင်းနဲ့ ကျောက်ကပ်ထိခိုက်ပျက်စီးမှု ဖြစ်ပွားဖို့အလားအလာပိုများတဲ့အတွက် သတိနဲ့ယှဉ်ပြီး အသုံးပြုသင့်ပါတယ်။

ကလေးမွေးဖွားနိုင်တဲ့အရွယ်ရှိသူ ဘယ်အမျိုးသမီးမဆို Nabumetone မသောက်သုံးခင် ဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေ (ဥပမာ ကိုယ်ဝန်ပျက်ကျခြင်း၊ ကိုယ်ဝန်ရရန်ခက်ခဲခြင်း) အကြောင်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဆေးသောက်သုံးနေစဉ် ကိုယ်ဝန်ရှိလာခဲ့ရင်ဖြစ်စေ ကိုယ်ဝန်ယူဖို့အစီအစဉ်ရှိလာခဲ့ရင်ဖြစ်စေ သင့်ဆရာဝန်ကို အသိပေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ Nabumetone ကို အမှန်တကယ်လိုအပ်မှသာ အသုံးပြုသင့်ပါတယ်။ ဒီဆေးဝါးဟာ မိခင်ဝမ်းထဲကသန္ဓေသားကို ဘေးဥပါဒ်ဖြစ်စေနိုင်ပြီး သဘာဝအတိုင်းကလေးမွေးဖွားရာမှာ အခက်အခဲဖြစ်စေနိုင်တဲ့အတွက် ကိုယ်ဝန်ပထမသုံးလပတ်နဲ့ တတိယသုံးလပတ်တွေမှာ အသုံးမပြုဖို့ လမ်းညွှန်ထားပါတယ်။

ဒီဆေးဝါးဟာ မိခင်နို့ရည်ထဲဝင်ရောက်နိုင်ခြင်းရှိမရှိ သေသေချာချာ မသိရသေးပေမယ့် ကလေးနို့တိုက်နေချိန်မှာ မသောက်သုံးဖို့ လမ်းညွှန်ထားပါတယ်။ Nabumetone သောက်သုံးနေသူ မိခင်အားလုံး မိမိရင်သွေးကို နို့မတိုက်ခင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nabumetone ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Nabumetone ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Nabumetone ကြောင့် အစာအိမ်အောင့်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်း၊ မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အကယ်၍ အချိန်ကြာတဲ့အထိ ဒီလက္ခဏာ မသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးပါ။

ဒီဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးရလဒ်တွေက ဘေးထွက်ဆိုးကျိုးထက် ပိုအလေးသာတဲ့အတွက်ကြောင့်သာ သင့်ဆရာဝန်က ညွှန်းပေးထားခြင်းဖြစ်တယ်ဆိုတဲ့အချက်ကို အမြဲသတိပြုပါ။ ဒီဆေးသောက်သုံးသူအများစုဟာ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးဒဏ် ခံစားရလေ့မရှိပါဘူး။

ဒီဆေးဝါးဟာ သွေးဖိအားကိုမြင့်တက်စေနိုင်တဲ့အတွက် ဆေးသောက်သုံးနေစဉ်ကာလတလျှောက် သွေးဖိအားပုံမှန်တိုင်းတာပြီး ပုံမှန်ထက်မြင့်တက်နေရင် သင့်ဆရာဝန်ကို အသိပေးပါ။

ဆေးသောက်သုံးပြီး အကြားအာရုံပြောင်းလဲခြင်း (ဥပမာ နားထဲအသံမြည်နေခြင်း)၊ စိတ်အခြေအနေပြောင်းလဲခြင်း၊ မျိုချလျှင်နာကျင်ခြင်း၊ မျိုချရခက်ခဲခြင်း၊ နှလုံးအလုပ်မလုပ်နိုင်ခြင်း (ခြေဖမိုး၊ ခြေချင်းဝတ်များ ဖောရောင်ခြင်း၊ ပုံမှန်ထက်ပို၍ ပင်ပန်းနွမ်းနယ်ခြင်း၊ရုတ်တရက် ကိုယ်အလေးချိန်မြင့်တက်ခြင်း) စတဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးလက္ခဏာ တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် ဆေးရုံဆေးခန်းရှိရာသို့ အမြန်ဆုံးသွားရောက်ပြသပါ။

ဆေးသောက်သုံးပြီး ကျောက်ကပ်ထိခိုက်ပျက်စီးတဲ့လက္ခဏာ (ဥပမာ ဆီးပမာဏပြောင်းလဲခြင်း)၊ ဇတ်တောင့်တဲ့လက္ခဏာ ပေါ်လာခဲ့ရင်လည်း ဆေးရုံဆေးခန်းရှိရာသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူပါ။

ရှားရှားပါးပါးဆိုသလို ဒီဆေးဝါးကြောင့် ပြင်းထန်တဲ့အသည်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ဆီးအရောင်ရင့်ခြင်း၊ အဆက်မပြတ်ပျို့အန်ခြင်း၊ အစာအိမ်/၀မ်းဗိုက်ဆိုးဆိုးဝါးဝါးအောင့်ခြင်း၊ အသား/မျက်စိဝါခြင်း စတဲ့လက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင် ဆေးဆက်မသောက်တော့ဘဲ သင့်ဆရာဝန်ကိုချက်ချင်းအကြောင်းကြားပါ။

Nabumetoneကြောင့်ပြင်းထန်တဲ့ဓာတ်မတည့်တုန့်ပြန်မှု ဖြစ်ခဲပေမယ့် ဆေးသောက်သုံးပြီး အဖုအပိမ့်အနီကွက်များထွက်ခြင်း၊ မျက်နှာ၊ လျှာ၊ လည်ချောင်း စသည်တို့ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ ဆိုးဆိုးရွားရွား မူးဝေခြင်း၊ အသက်ရှူရခက်ခြင်း စတဲ့လက္ခဏာတစ်စုံတစ်ရာ ပေါ်လာခဲ့ရင် အရေးပေါ်ဆေးကုမှု အမြန်ဆုံးခံယူပါ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Nabumetone နဲ့ ဓာတ်ပြုနိုင်သလဲ

Nabumetone နဲ့သက်ရောက်ဓာတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့ aliskiren, ACE inhibitor အုပ်စုဝင်ဆေးဝါးများ (ဥပမာ captopril, lisinopril), angiotensin II receptor blocker အုပ်စုဝင်ဆေးဝါးများ (ဥပမာ losartan, valsartan), cidofovir, ကော်တီကိုစတီးရွိုက်များ (ဥပမာ prednisone), lithium, methotrexate, ဆီးရွှင်ဆေးများ (ဥပမာ furosemide) တို့ပဲဖြစ်ပါတယ်။

Nabumetone ကို သွေးဥမွှားလုပ်ငန်းစဉ် ဆန့်ကျင်တဲ့ဆေးဝါးတွေ (ဥပမာ clopidogrel), သွေးကျဲဆေးတွေ (ဥပမာ dabigatran, enoxaparin, warfarin) နဲ့ တွဲသုံးရင် ခန္ဓာကိုယ်မှာ သွေးယိုနိုင်ချေပိုမြင့်လာမှာ ဖြစ်ပါတယ်။

ဘယ်ဆေးဝါးကိုမဆို အသုံးမပြုခင် aspirin နဲ့ celecoxib, ibuprofen, ketorolac တို့လို NSAID အုပ်စုဝင်ဆေးဝါးတွေ ပါဝင်ခြင်းရှိမရှိ အညွှန်းစာရွက်မှာ စစ်ဆေးသင့်ပါတယ်။ ဒီဆေးဝါးတွေဟာ nabumetone နဲ့ အလားသဏ္ဍာန်တူတဲ့အတွက် ဘေးထွက်ဆိုးကျိုးဖြစ်ပွားနိုင်ချေကို ပိုမြင့်စေပါတယ်။ ဒါပေမယ့် နှလုံးတိုက်ခိုက်ခံရခြင်း သို့မဟုတ် လေဖြတ်ခြင်းမှ ကာကွယ်ဖို့ နေ့စဉ် aspirin ပမာဏနည်းနည်းစီ (၈၁ မီလီဂရမ်မှ ၃၂၅ မီလီဂရမ်) ပုံမှန်သောက်သုံးနေရတယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆက်လက်သောက်သုံးသင့်ပါတယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။

Nabumetoneဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Nabumetone နဲ့ ဓာတ်ပြုနိုင်သလား

Nabumetoneက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nabumetone နဲ့ ဓာတ်ပြုနိုင်သလဲ

Nabumetoneဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nabumetone ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရိုးအဆစ်ရောင်ရမ်းခြင်းအတွက်

ကနဦးသောက်သုံးရမည့်ပမာဏ – ၁၀၀၀မီလီဂရမ်၊ တစ်နေ့ ၁ကြိမ်

ရေရှည်သောက်သုံးရမည့်ပမာဏ – ၁၅၀၀ မီလီဂရမ်မှ၂၀၀၀ မီလီဂရမ်၊ တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်ခွဲသောက်ရန်

အများဆုံးသောက်သုံးနိုင်သည့်ပမာဏ – တစ်နေ့လျှင် ၂၀၀၀ မီလီဂရမ်

မှတ်ချက်

  • ကိုယ်အလေးချိန် ၅၀ကီလိုဂရမ်အောက်နည်းတဲ့ လူနာတွေမှာ တစ်နေ့ကို ၁၀၀၀မီလီဂရမ်ထက် ပိုမိုသောက်သုံးရနိုင်ချေ နည်းပါတယ်
  • ကုသမှုကိုတုန့်ပြန်မှုရှိမရှိ ဆန်းစစ်ပြီးတာနဲ့ လူနာအခြေအနေနဲ့သင့်တော်ပြီး အာနိသင်ထိရောက်မယ့် အနည်းဆုံးဆေးပမာဏကိုသာ ရက်တိုတိုပေးသင့်ပါတယ်။

အသုံးပြုပုံ – အရိုးအဆစ်ရောင်ရမ်းခြင်းနဲ့ သွေးလေးဘက်နာ ရောဂါလက္ခဏာများ သက်သာစေရန်

သွေးလေးဘက်နာရောဂါအတွက်

ကနဦးသောက်သုံးရမည့်ပမာဏ – ၁၀၀၀ မီလီဂရမ်၊ တစ်နေ့ ၁ကြိမ်

ရေရှည်သောက်သုံးရမည့်ပမာဏ – ၁၅၀၀ မီလီဂရမ်မှ ၂၀၀၀ မီလီဂရမ်၊ တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်ခွဲသောက်ရန်

အများဆုံးသောက်သုံးနိုင်သည့်ပမာဏ – တစ်နေ့လျှင် ၂၀၀၀ မီလီဂရမ်

မှတ်ချက်

  • ကိုယ်အလေးချိန် ၅၀ကီလိုဂရမ်အောက်နည်းတဲ့ လူနာတွေမှာ တစ်နေ့ကို ၁၀၀၀မီလီဂရမ်ထက် ပိုမိုသောက်သုံးရနိုင်ချေ နည်းပါတယ်
  • ကုသမှုကိုတုန့်ပြန်မှုရှိမရှိ ဆန်းစစ်ပြီးတာနဲ့ လူနာအခြေအနေနဲ့သင့်တော်ပြီး အာနိသင်ထိရောက်မယ့် အနည်းဆုံးဆေးပမာဏကိုသာ ရက်တိုတိုပေးသင့်ပါတယ်။

အသုံးပြုပုံ – အရိုးအဆစ်ရောင်ရမ်းခြင်းနဲ့ သွေးလေးဘက်နာ ရောဂါလက္ခဏာများ သက်သာစေရန်

ကျောက်ကပ်ရောဂါရှိသူများအတွက် ဆေးပမာဏချိန်ညှိခြင်း

ကျောက်ကပ်လုပ်ငန်းစဉ် အနည်းငယ်ပျက်ပြားမှု (CrCl ၅၀ mL/min နှင့်အထက်) – လမ်းညွှန်ချက်မရှိပါ

ကျောက်ကပ်လုပ်ငန်းစဉ် အတော်အသင့်ပျက်ပြားမှု (CrCl ၃၀ mL/min မှ ၄၉ mL/min) –

ကနဦးသောက်သုံးရမည့်ပမာဏ – ၇၅၀ မီလီဂရမ်၊ တစ်နေ့ ၁ကြိမ်

အများဆုံးသောက်သုံးနိုင်သည့်ပမာဏ – တစ်နေ့လျှင် ၁၅၀၀ မီလီဂရမ်

ကျောက်ကပ်လုပ်ငန်းစဉ် ဆိုးဆိုးရွားရွားပျက်ပြားမှု (CrCl ၃၀ mL/min အောက်) –

ကနဦးသောက်သုံးရမည့်ပမာဏ – ၅၀၀ မီလီဂရမ်၊ တစ်နေ့ ၁ကြိမ်

အများဆုံးသောက်သုံးနိုင်သည့်ပမာဏ – တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ်

Nabumetone ကို ကျောက်ကပ်အလွန်ပျက်စီးနေတဲ့လူနာတွေမှာ အသုံးမပြုသင့်ပါဘူး။ အသုံးပြုဖို့လိုလာခဲ့ရင်လည်း ကျောက်ကပ်လုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးဖို့ လိုအပ်ပါတယ်။

အသည်းရောဂါရှိသူများအတွက် ဆေးပမာဏချိန်ညှိခြင်း

  • အသည်းစစ်ဆေးချက်မှာ ရလဒ်မကောင်းတဲ့လူနာတွေ၊ အသည်းထိခိုက်ပျက်စီးတဲ့လက္ခဏာ ပြနေတဲ့လူနာတွေမှာ အသည်းလုပ်ငန်းစဉ်ပျက်ပြားမှုကို ဆန်းစစ်အကဲဖြတ်သင့်ပါတယ်။
  • ဆေးသောက်သုံးနေစဉ် အသည်းရောဂါရလာခဲ့ရင် ဒါမှမဟုတ် သွေးတွင်း eosinophil အရေအတွက်များခြင်း၊ ခန္ဓာကိုယ်မှာအဖုအပိမ့်အနီကွက်များထွက်ခြင်း စတဲ့လက္ခဏာတွေ ပေါ်လာခဲ့ရင် ဆေးသောက်တာကို ရပ်ပစ်ဖို့လိုအပ်ပါတယ်။

မှတ်ချက်

  • Nabumetone ကို တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အစာနဲ့တွဲပြီးဖြစ်စေ ခြားပြီးဖြစ်စေ သောက်သုံးနိုင်ပါတယ်။
  • အလင်းရောင်တိုက်ရိုက်မထိတွေ့နိုင်မယ့် နေရာမှာ သိမ်းဆည်းထားပါ။
  • အာနိသင်ထိရောက်မယ့် အနည်းဆုံးဆေးပမာဏကိုသာ ရက်အတိုဆုံး အသုံးပြုပါ။
  • စတီးရွိုက်မပါဝင်တဲ့ အရောင်ကျဆေးတွေကြောင့် နှလုံးတိုက်ခိုက်ခံရနိုင်ချေ၊ နှလုံးလုပ်ငန်းစဉ်ပျက်ပြားနိုင်ချေ၊ လေဖြတ်နိုင်ချေ ပိုမြင့်လာနိုင်ပါတယ်။ ဆေးသောက်သုံးနေစဉ်ကာလတလျှောက် ၄င်းပြဿနာတွေ အချိန်မရွေးဖြစ်လာနိုင်ပြီး ဆေးရေရှည်သောက်သုံးရသူတွေ၊ ပမာဏများများသောက်သုံးရသူတွေနဲ့ နှလုံးသွေးကြောရောဂါအခံရှိသူတွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။

 

လူနာအခြေအနေ စောင့်ကြည့်လေ့လာခြင်း

နှလုံးနဲ့သွေးကြောဆိုင်ရာ လက္ခဏာများ – Nabumetone စတင်သောက်သုံးချိန်နဲ့ သောက်သုံးနေဆဲ ကာလတလျှောက် သွေးဖိအားပုံမှန်တိုင်းတာပါ။

အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ – သွေးယိုတဲ့လက္ခဏာရှိမရှိ ဂရုတစိုက်စောင့်ကြည့်ပါ။

ကျောက်ကပ်လုပ်ငန်းစဉ် – ကျောက်ကပ်ဆီသွေးသွားလာမှုအတွက် prostaglandin တွေကို အားကိုးမှီခိုနေရတဲ့လူနာတွေမှာ ကျောက်ကပ်ကျန်းမာရေးအခြေအနေကို အထူးအလေးပေးစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

Nabumetone ကို ရေရှည်သောက်သုံးနေရတဲ့ လူနာတွေမှာ သွေးဆဲလ်အရေအတွက်၊ ကျောက်ကပ်လုပ်ငန်းစဉ်နဲ့ အသည်းလုပ်ငန်းစဉ်တွေကို အချိန်အပိုင်းအခြားလိုက် စစ်ဆေးသင့်ပါတယ်။

လူနာများအတွက် အကြံပြုချက်များ

  • Nabumetone သောက်သုံးပြီး အစာအိမ်အူလမ်းကြောင်းပြဿနာ၊ အရေပြားတုန့်ပြန်မှု၊ ဓာတ်မတည့်တုန့်ပြန်မှု၊ အသည်းအဆိပ်အတောက်ဖြစ်မှု၊ ကိုယ်အလေးချိန်မြင့်တက်မှုနဲ့ ဖောရောင်မှုတွေ ဖြစ်လာခဲ့ရင် ဆေးကုသမှုအမြန်ဆုံး ခံယူပါ။
  • အသက်ရှူမြန်ခြင်း၊ အာလေးလျှာလေးဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခန္ဓာကိုယ်တစ်ခြမ်းအားနည်းခြင်း စတာတွေအပါအ၀င် နှလုံးသွေးကြောဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ပေါ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူပါ။
  • ဆေးသောက်သုံးနေစဉ် ကိုယ်ဝန်ရလာခဲ့ရင် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိလာခဲ့ရင် ဒါမှမဟုတ် လူနာက နို့တိုက်မိခင်ဖြစ်နေခဲ့ရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုပါ။ဒီဆေးဝါးကို ကိုယ်ဝန်အပတ်၃၀နောက်ပိုင်းမှာ မသောက်သုံးသင့်ပါဘူး။

ကလေးတွေအတွက် Nabumetone ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Nabumetone ကိုဘယ်လိုရရှိနိုင်သလဲ

Nabumetone ကို ဆေးပြား ပုံစံဖြင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Nabumetoneကို သောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 28, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။