backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Myrbetriq


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Myrbetriq ကို ဘာအတွက်အသုံးပြုကြသလဲ

Mybetriqမှာဆီးအိမ်နဲ့ဆီးလမ်းကြောင်းက ကြွက်သားတွေကျုံ့ခြင်းကိုလျော့ပါးသက်သာစေတဲ့ အာနိသင်ရှိပါတယ်။

ဒီဆေးဝါးကို မကြာခဏဆီးသွားခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ အလိုအလျောက် ဆီးထွက်ကျခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေကိုကုသရာမှာအဓိကအသုံးပြုပါတယ်။

ဒီဆောင်းပါးမှာမဖော်ပြထားတဲ့ အခြားရည်ရွယ်ချက်တွေအတွက်လည်းMyrbetriqကိုအသုံးပြုနိုင်ပါတယ်။

Myrbetriq ဘယ်လိုသောက်သုံးသင့်သလဲ

Myrbetriqကိုပုံမှန်အားဖြင့် တစ်နေ့တစ်ကြိမ် သောက်သုံးရမှာ ဖြစ်ပါတယ်။ ဆေးအညွှန်းမှာဖော်ပြထားတဲ့ လမ်းညွှန်ချက်အားလုံးကိုတိတိကျကျလိုက်နာပါ။ ဆရာဝန်မညွှန်ကြားဘဲကိုယ့်သဘောနဲ့ကိုယ် ဆေးအတိုးအလျော့လုပ်ခြင်း၊ ဆေးစွဲသောက်ခြင်းမပြုလုပ်သင့်ပါ။

ဒီဆေးဝါးကို အစာနဲ့တွဲပြီးဖြစ်စေ၊ ခြားပြီးဖြစ်စေရေတစ်ဖန်ခွက်အပြည့်နဲ့ မျှောချသောက်သုံးပါ။

ဆေးအာနိသင်အချိန်ကြာကြာရရှိအောင် ပြုလုပ်ထားတဲ့ ဆေးဝါးတွေကို ချိုးချေခြင်း၊ ဝါးစားခြင်း မပြုလုပ်ပါနဲ့။

ဆေးသောက်သုံးနေစဉ်အတောအတွင်းသွေးဖိအားပုံမှန်တိုင်းတာဖို့ လိုအပ်နိုင်ပါတယ်။ ဆေးအာနိသင်အပြည့်အဝရရှိဖို့ ဆေးစတင်သောက်သုံးချိန်ကနေရက်သတ္တပတ် ၈ပတ်လောက်အထိ ကြာမြင့်နိုင်တဲ့အတွက် လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ရောဂါလက္ခဏာတွေ မသက်သာသေးပေမယ့်လည်း ဆရာဝန်ညွှန်ကြားတဲ့အချိန်အထိမပျက်မကွက် ပုံမှန်သောက်သုံးဖို့ အရေးကြီးပါတယ်။

Myrbetriq ဘယ်လိုသိမ်းဆည်းရမလဲ

Myrbetriq (mirabegron)ကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Myrbetriqကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Myrbetriqဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Myrbetriqကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Myrbetriq အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Myrbetriqသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း

အကယ်၍သင့်မှာအောက်ဖော်ပြပါရောဂါတစ်ခုခုရှိနေရင် Myrbetriqအသုံးမပြုသင့်ပါဘူး။

  • ပြင်းထန်သည့်ကျောက်ကပ်ရောဂါ
  • ပြင်းထန်သည့်အသည်းရောဂါ
  • ပြင်းထန်သည့်သွေးတိုးရောဂါ

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Myrbetriq ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Myrbetriq ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Myrbetriqသောက်သုံးပြီးအင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းတို့ရောင်ရမ်းခြင်းစတဲ့ ဓါတ်မတည့်တုန့်ပြန်မှုလက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူပါ။

အောက်ဖော်ပြပါ လက္ခဏာတွေ ဖြစ်လာခဲ့ရင်လည်းဆေးဆက်မသောက်ဘဲသင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ

  • နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်ကြမ်းခြင်း
  • ဆီးသွားလျှင်နာကျင်ခြင်း၊ ပူခြင်း
  • ဆီးသွားရခက်ခြင်း
  • သွေးဖိအားအလွန်မြင့်တက်ခြင်း – ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ အမြန်အာရုံေဝဝါးခြင်း၊ လည်ပင်းနှင့်နားထဲသွေးဆောင့်တိုးခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ စိုးရိမ်ထိတ်လန့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဆိုးဆိုးရွားရွားရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း

ဒီဆေးဝါးကြောင့်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • သွေးတိုးခြင်း
  • ခေါင်းကိုက်ခြင်း
  • အအေးမိဝေဒနာလက္ခဏာများ – နှာစေးခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း
  • ဝမ်းလျှောခြင်းသို့မဟုတ် ဝမ်းချုပ်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Myrbetriq နဲ့ ဓါတ်ပြုနိုင်သလဲ

Myrbetriq (mirabegron)ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Myrbetriqနဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

  • Digoxin
  • Flecainide
  • Propafenone
  • Thioridazine

အစားအသောက်တွေနဲ့ အရက်က Myrbetriq နဲ့ ဓါတ်ပြုနိုင်သလား

Myrbetriqက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Myrbetriq နဲ့ ဓါတ်ပြုနိုင်သလဲ

Myrbetriqဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

ဒီဆေးဝါးကြောင့် သက်ရောက်မှုရှိနိုင်တဲ့ အခြေအနေတွေကတော့

  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • သွေးတိုးရောဂါ
  • မျက်စိရေတိမ်ရောဂါ
  • ဆီးကျိတ်ကြီးခြင်းနှင့် အခြားဆီးလမ်းကြောင်းရောဂါများ
  • ဆီးသွားရာတွင် အခက်အခဲရှိခြင်း (ဆီးအနည်းငယ်သာသွားခြင်း၊ ဆီးလုံးသေးခြင်း)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Myrbetriq ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆီးမထိန်းနိုင်ခြင်းအတွက်

ကနဦးသောက်သုံးရမည့်ပမာဏ – ၂၅ မီလီဂရမ်၊ တစ်နေ့ ၁ကြိမ်

ရေရှည်သောက်သုံးရမည့်ပမာဏ – လူနာအခြေအနေနှင့် ခံနိုင်ရည်အပေါ်မူတည်ပြီး ၂၅ မီလီဂရမ်မှ ၅၀မီလီဂရမ်၊ တစ်နေ့ ၁ကြိမ်

မကြာခဏဆီးသွားခြင်းအတွက်

ကနဦးသောက်သုံးရမည့်ပမာဏ – ၂၅ မီလီဂရမ်၊ တစ်နေ့ ၁ကြိမ်

ရေရှည်သောက်သုံးရမည့်ပမာဏ – လူနာအခြေအနေနှင့် ခံနိုင်ရည်အပေါ်မူတည်ပြီး ၂၅ မီလီဂရမ်မှ ၅၀မီလီဂရမ်၊ တစ်နေ့ ၁ကြိမ်

ကလေးတွေအတွက် Myrbetriq ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Myrbetriq ကိုဘယ်လိုရရှိနိုင်သလဲ

Myrbetriqကို အပေါ်ယံအလွှာပါဝင်ပြီးဆေးအာနိသင်အချိန်ကြာကြာရရှိအောင် စီမံထုတ်လုပ်ထားတဲ့ mirabegron ၂၅ မီလီဂရမ်ပါ ဆေးပြားပုံစံနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Myrbetriqကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement