Metaxalone (မတ်တာစလုန်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Metaxalone (မတ်တာစလုန်း) Brand Name(s): Metaxalone (မတ်တာစလုန်း).

အသုံးပြုပုံများ

Metaxalone (မတ်တာစလုန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Metaxaloneကို ကြွက်တက်ခြင်း၊ ကြွက်သားနာခြင်းစသည်တို့အားကုသရာတွင် သုံးပါသည်။ အနားယူစေခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကုထုံး၊ တခြားကုသမှုများနှင့်တွဲ၍ ဆေးကိုပေးလေ့ရှိပါသည်။

Metaxalone (မတ်တာစလုန်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကိုအစာနှင့်တွဲ၍သော်လည်းကောင်းအစာမပါပဲသော်လည်းကောင်း ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည်။ ပုံမှန်အားဖြင့် တစ်ရက်လျှင် ၃-၄ ကြိမ်ဖြစ်သည်။ ဆေးကိုအဆီများသောအစာစားပြီးမှသောက်ပါကဘေးထွက်ဆိုးကျိုးများကိုခံစားရနိုင်ပါသည်။ ဆေးကိုအစာမရှိပဲသောက်ခြင်းသို့မဟုတ် ပေါ့ပေါ့ပါးပါးစားပြီးမှ သောက်ခြင်းတို့လုပ်ပါကအကောင်းဆုံးဖြစ်နိုင်သည်။

ဆေးပမာဏမှာသင့်ကျန်းမာရေးအခြေအနေ၊ ကုသမှုအားတုန့်ပြန်မှုတို့အပေါ်တွင် မူတည်ပါသည်။ ညွှန်ကြားထားသောပမာဏ၊ ရက်အပိုင်းအခြားထက် ပိုပြီးမသောက်ပါနှင့်။ ရောဂါမြန်မြန်သက်သာမလာပဲဘေးထွက်ဆိုးကျိုးများသာပိုများလာပါလိမ့်မည်။

အခြေအနေတိုးတက်မလာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကိုပြောပါ။

Metaxalone (မတ်တာစလုန်း) ဘယ်လိုသိမ်းဆည်းရမလဲ

Metaxaloneကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Metaxaloneကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Metaxaloneဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Metaxaloneအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Metaxalone (မတ်တာစလုန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Metaxaloneကိုမသုံးခင် ဤဆေးနှင့်ရောတခြားအရာများနှင့်ရောဓာတ်မတည့်မှု ရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓာတ်မတည့်နိုင်သည့် inactive ဓာတ်ပစ္စည်းများပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇ၀င်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အားပြောပြပေးပါ။ အထူးသဖြင့် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးအားနည်းရောဂါ၊ အတက်ရောဂါများ။

ဤဆေးကြောင့် ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်းတို့ ဖြစ်စေတတ်ပါသည်။ ဆေးမှ မိမိအပေါ်အကျိုးသက်ရောက်မှုကိုကောင်းကောင်းမသိရသေးမချင်း နိုးကြားမှု၊ အမြင်အာရုံ ကြည်လင်မှုတို့ကိုလိုအပ်သောကား၊ စက်မောင်းခြင်းများမပြုလုပ်ပါနှင့်။ အရက်ပါသောအချိုရည်များကိုကန့်သတ်သောက်ပါ။

ခွဲစိတ်မှုမလုပ်ခင် သင်သုံးနေသည့်ပစ္စည်းများ (ဆရာဝန်ညွှန်သည့်ဆေး၊ အညွှန်းမလိုပဲသောက်နိုင်သည့်ဆေးနှင့် ဘယပင်ထွက်ဆေးများ) ကို ဆရာဝန်အားပြောပါ။

အသက်ကြီးသူများတွင် ဘေးထွက်ဆိုးကျိုးများပိုဖြစ်နိုင်ပါသည်။ အထူးသဖြင့် ခေါင်းမူးခြင်း၊ ငိုက်မျဉ်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း။ အဆိုပါ ဘေးထွက်ဆိုးကျိုးများကအမြင့်မှကျနိုင်သည့် အန္တရာယ်ကိုများစေပါသည်။

ကိုယ်ဝန်ရှိနေပါက အမှန်တကယ်လိုအပ်မှသာဆေးကိုသုံရမည်။ ကောင်းကျိုးဆိုးကျိုးသိရန်အတွက် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ဆေးသည် နို့ရည်ထဲသို့ ဖြတ်နိုင် မဖြတ်နိုင် မသိရသေးပါ။ နို့တိုက်ကျွေးမှုမစခင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Metaxalone (မတ်တာစလုန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Nရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Metaxalone (မတ်တာစလုန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် အစာအိမ်နာခြင်းများ ဖြစ်နိုင်ပါသည်။ အဆိုပါဘေးထွက်ဆိုးကျိုးများပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကိုချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးကပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်းသိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

ပြင်းထန်သောဘေးထွက်ဆိုးကျိုးများဖြစ်သည့် စိတ်အခြေအနေပြောင်းခြင်း (ဥပမာစိတ်လှုပ်ရှားခြင်း၊ စိတ်ဆတ်လာခြင်း၊ စိတ်ရှုပ်ထွေးခြင်း)၊ ပိုးဝင်သည့်လက္ခဏာများ (ဥပမာဖျားခြင်း၊ လည်ချောင်းနာခြင်း)၊ မျက်လုံးအရေပြား ၀ါခြင်း၊ ပုံမှန်မဟုတ်ပဲ နွမ်းနယ်နေခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ဆီးရောင်ရင့်ခြင်းများဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

ဤဆေးကြောင့် ပြင်းထန်သည့်ဓာတ်မတည့်ဖြစ်ခြင်းမှာရှား၏။ သို့သော် အောက်ပါပြင်းထန်ဓာတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Metaxalone (မတ်တာစလုန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

အိပ်ငိုက်စေတတ်သောဆေးများဖြစ်သည့် ဘိန်းအကိုက်အခဲပျောက်ဆေးများ၊ ချောင်းဆိုးပျောက်ဆေးများ (ဥပမာ Codeine, hydrocodone), အရက်၊ ဆေးခြောက်၊ အိပ်ဆေးစိတ်ငြိမ်ဆေးများ (ဥပမာalprazolam, lorazepam, zolpidem)၊ တခြားသော ကြွက်သားအကြောပြေဆေးများ (carisoprodol, cyclobenzaprine)သို့မဟုတ် antihistamines (cetirizine, diphenhydramine) များသောက်နေပါက ဆရာဝန် သို့မဟုတ်  ဆေးဝါးကျွမ်းကျင်ကိုပြောပါ။

သင်သုံးနေသောဆေးများအားလုံး (အလက်ဂျီဆေး၊ အအေးမိချောင်းဆိုးပျောက်ဆေး) များ၏ အညွှန်းစာများကိုသေချာဖတ်ပါ။ ထိုဆေးများတွင် ငိုက်မျဉ်းစေတတ်သည့်ဆေးများပါနေတတ်ပါသည်။ ထိုဆေးကုန်များအားစိတ်ချစွာသုံးနိုင်မည့်အကြောင်း ဆေးဝါးကျွမ်းကျင်ကိုမေးပါ။

ဤဆေးသည် တစ်ချို့သောဓာတ်ခွဲစစ်ဆေးမှုများ (ဆီးတွင်းဂလူးကို့စ်ဓာတ်စစ်ခြင်း) ကိုအနှောက်အယှက်ပေးနိုင်ပါသည်။ ဆရာဝန်များ၊ ဓာတ်ခွဲဝန်ထမ်းများအားလုံးကို သင်ဤဆေးသုံးနေကြောင်းအသိပေးပါ။

Metaxaloneသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓာတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Metaxalone (မတ်တာစလုန်း) နဲ့ ဓာတ်ပြုနိုင်သလား

Metaxalone က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Metaxalone (မတ်တာစလုန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Metaxaloneသည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Metaxalone (မတ်တာစလုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကြွက်တက်ခြင်းအတွက်ပုံမှန်ပမာဏ

တစ်ရက်လျှင် 800 mg ၃-၄ ကြိမ်သောက်ရန်။

ကျောက်ကပ်အတွက် ပမာဏချိန်ညှိခြင်း

အပျော့စားမှအလတ်စားကျောက်ကပ်မကောင်းခြင်း: သတိနှင့်သာသုံးပါ။

အပြင်းစားကျောက်ကပ်မကောင်းခြင်း: မသုံးရန် တားမြစ်ထားသည်။

အသည်းအတွက် ပမာဏချိန်ညှိခြင်း

အပျော့စားမှအလတ်စားအသည်းမကောင်းခြင်း: သတိနှင့်သာသုံးပါ။

အပြင်းစားအသည်းမကောင်းခြင်း: မသုံးရန် တားမြစ်ထားသည်။

တခြားမှတ်ချက်များ

လူနာအတွက်အကြံပြုချက်

– ဤဆေးသည် အန္တရာယ်ရှိစေသောလုပ်ငန်းများဥပမာစက်မောင်းခြင်း၊ စက်တပ်ယာဉ်များမောင်းရန် အတွက်လိုအပ်သောစိတ်အခြေအနေ၊ ရုပ်အခြေအနေများကိုထိခိုက်တတ်ပါသည်။ အထူးသဖြင့် အရက်၊ CNS depressants များသောက်ထားလျှင်။

ကလေးတွေအတွက် Metaxalone (မတ်တာစလုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကြွက်တက်ခြင်းအတွက် ပုံမှန်ပမာဏ

အသက် ၁၂ နှင့် အထက်:

တစ်ရက်လျှင် 800 mg ၃-၄ ကြိမ်သောက်ရန်။

သတိပေးချက်များ

အသက် ၁၂ အောက်ကလေးများတွင် စိတ်ချရမှုနှင့် အာနိသင်ရှိမှုတို့အတွက် ထုတ်ပြန်ထားခြင်းမရှိသေးပါ။

Metaxalone (မတ်တာစလုန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Metaxaloneကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Metaxaloneကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇှနျ 1, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇွန် 1, 2019