backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Memantine (မီမန်တိုင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Memantine (မီမန်တိုင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Memantine ကို အဲလ်ဇိုင်းမားရောဂါနှင့် ဆက်စပ်သော အလတ်စားမှအပြင်းစား စိတ်ရှုပ်ထွေးခြင်း (dementia) အားကုသရန် အများဆုံးအသုံးပြုပါသည်။ အဲလ်ဇိုင်းမားရောဂါကိုကုသပေးသည်မဟုတ်ပဲ မှတ်ဉာဏ်၊ သိစိတ်နှင့် နေ့စဉ်လုပ်ငန်းများကို ဆောင်ရွက်နိုင်စွမ်းတို့အား တိုးတက်စေခြင်းဖြစ်သည်။ ဤဆေးသည် အဲလ်ဇိုင်းမားလက္ခဏာများနှင့် ဆက်နွှယ်နိုင်သည်ဟု ယူဆရသော ဦးနှောက်အတွင်းမှ တစ်ချို့သော အာရုံကြောပစ္စည်းများ (Glutamate) ၏ လုပ်ဆောင်မှုကို တားမြစ်ပေးခြင်းဖြင့် အာနိသင်ပြပါသည်။

Memantine (မီမန်တိုင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန်ညွှန်သည့်အတိုင်း အစာနှင့်တွဲတွဲ မတွဲတွဲသောက်နိုင်ပါသည်။ ဆေးအချိန်အဆနှင့် ကုသချိန်မှာ သင့်ရောဂါအခြေအနေ၊ ကုသမှုအပေါ်တုန့်ပြန်ခြင်းတို့အပေါ် မူတည်ပါသည်။ ဆေးကိုပမထဆုံးစသောက်လျှင် တစ်ရက်တစ်ကြိမ် စသောက်ရပါလိမ့်မည်။ ဘေးထွက်ဆိုးကျိုးများကို လျော့ချနိုင်ရန်အတွက် ဆရာဝန်သည် ဆေးပမာဏကို အနည်းဆုံးမှစတိုက်ပြီး တဖြည်းဖြည်းချင်း တိုးပေးပါလိမ့်မည်။ ဆေးသောက်ရန် ဆရာဝန်ညွှန်ကြားသမျှကို အတိအကျ လိုက်နာပေးပါ။ ဆေးပမာဏမှာ တစ်ရက်လျှင် 5 mg အထက်ရောက်လာပြီဆိုပါက ဆေးကိုတစ်ရက်နှစ်ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်သည့်အတိုင်း သောက်ပါ။

Memantine ကို သောက်ဆေးအရည်အနေနှင့် သောက်သုံးပါက ဆေးတွင်ပါသောအညွှန်းစာကို သေချာဖတ်ပါ။ ညွှန်ကြားသည့်အတိုင်း တိတိကျကျ လိုက်နာပါ။ ဆေးနှင့်အတူပါသော ချိန်တွယ်ပစ္စည်းကိုသာသုံးပါ။ အိမ်သုံးဇွန်းများသုံးလျှင် မှန်ကန်သောပမာဏရချင်မှရပါမည်။ ဆေးကို တိုက်ရိုက်မျိုချပါ။ ရေ၊ တစ်ခြားအရည်များနှင့် ရောနှောခြင်းမပြုလုပ်ရ။ သောက်ပြီးတိုင်း ချိန်တွယ်ပစ္စည်းကိုဆေးပါ။ မေးလိုသည်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကို မေးနိုင်ပါသည်။

ဆေးမှာ အာနိသင်ကောင်းကောင်းရစေရန် နေ့စဉ် မှန်မှန်သောက်ပါ။ မှတ်မိနေစေရန်အတွက် နေ့စဉ် တူညီသောအချိန်တွင်သောက်ပါ။

အခြေအနေပိုဆိုးလာလျှင် ဆရာဝန်ကိုပြောပါ။

Memantine (မီမန်တိုင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Memantine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Memantine ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Memantine ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Memantine အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Memantine (မီမန်တိုင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇဝင်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အား ပြောပြပေးပါ။ အထူးသဖြင့် ကျောက်ကပ်ရောဂါများ၊ ပြင်းထန်သောဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ မကြာခင်မှ အစားအသောက်ပြောင်းထားခြင်း (အသားဓါတ်များသောအစာမှ သားသတ်လွတ်ပြောင်းစားခြင်း)။

ဤဆေးသည် ခေါင်းမူးစေတတ်၏။ ဆေးမှ မိမိအပေါ်အကျိုးသက်ရောက်မှုကို ကောင်းကောင်းမသိရသေးမချင်း ကား၊ စက်မောင်းခြင်းများ မပြုလုပ်ပါနှင့်။ အရက်ပါသည့် အချိုရည်များကိုရှောင်ပါ။

ခွဲစိတ်မှုမလုပ်ခင် သင်သုံးနေသည့်ပစ္စည်းများ (ဆရာဝန်ညွှန်သည့်ဆေး၊ အညွှန်းမလိုပဲ သောက်နိုင်သည့်ဆေးနှင့် ဘယပင်ထွက်ဆေးများ) ကို ဆရာဝန်အားပြောပါ။

ကိုယ်ဝန်ဆောင်စဉ် အမှန်တကယ်လိုအပ်မှသာ ဤဆေးကိုအသုံးပြုရမည်။ အကျိုးနှင့်အပြစ်များကို ဆရာဝန်နှင့်ဆွေးနွေးကြည့်ပါ။

ဆေးသည် နို့ရည်ထဲသို့ ဖြတ်နိုင်မဖြတ်နိုင်မသိရပါ။ နို့မတိုက်ခင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Memantine (မီမန်တိုင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Memantine (မီမန်တိုင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ခန္ဓါကိုယ်ကိုက်ခဲခြင်း၊ ခေါင်းမူးခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ခေါင်းကိုက်ခြင်းများ ဖြစ်လာနိုင်ပါသည်။ အဆိုပါ ဘေးထွက်ဆိုးကျိုးများ ပျောက်မသွားလျှင်၊ ပိုဆိုးလာလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကို ချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးက ပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်း သိထားပါ။ လူအများစုတွင် ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ မဖြစ်ကြပါ။

ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာ ရှား၏။ သို့သော် အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါက အရေးပေါ်ကုသမှုများ ခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Memantine (မီမန်တိုင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Memantine နှင့်ဓါတ်ပြုနိုင်သော ဆေးကုန်များမှာ – carbonic anhydrase inhibitors (ဥပမာ acetazolamide, methazolamide), sodium bicarbonate

Memantine သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Memantine (မီမန်တိုင်း) နဲ့ ဓါတ်ပြုနိုင်သလား

Memantine က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Memantine (မီမန်တိုင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Memantine သည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Memantine (မီမန်တိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အဲလ်ဇိုင်းမားရောဂါအတွက် ပုံမှန်ပမာဏ

ချက်ချင်းအာနိသင်ပြသောအမျိုးအစား-

ပထမပတ်: တစ်ရက်လျှင် 5 mg တစ်ကြိမ်။

ဒုတိယပတ်: တစ်ရက်လျှင် 10 mg (5mg စီ နှစ်ကြိမ်ခွဲသောက်ရန်)

တတိယပတ်: တစ်ရက်လျှင် 15 mg (5 mg တစ်ကြိမ်နှင့် 10 mg တစ်ကြိမ်)

စတုတ္ထပတ် (ထိန်းညှိပမာဏ): တစ်ရက်လျှင် 20 mg (10 mg စီ နှစ်ကြိမ်ခွဲသောက်ရန်)

အတော်ကြာကြာအာနိသင်ပြသောအမျိုးအစား-

ကနဦးပမာဏ: တစ်ရက်လျှင် 7 mg တစ်ကြိမ်။

ထိန်းညှိပမာဏနှင့် အများဆုံးပမာဏ: တစ်ရက်လျှင် 28 mg တစ်ကြိမ်၊ ကနဦးပမာဏကို 7 mg စီတိုး၍ ထိန်းညှိပမာဏထိရောက်အောင်တိုးသွားရမည်။

Comments

ပမာဏတိုးရသည့် အချိန်အပိုင်းအခြားမှာ အနည်းဆုံးတစ်ပတ်ဖြစ်သည်။ ပေးထားသောပမာဏဒဏ်ခံနိုင်မှသာ နောက်ထပ်ထပ်တိုးပါ။

Use: အဲလ်ဇိုင်းမားနှင့်ဆက်နွှယ်သော အလတ်စားမှ အပြင်းစာ dementia အတွက်

ကျောက်ကပ်အတွက် ပမာဏချိန်ညှိခြင်း

အပျော့စားမှ အလတ်စား ကျောက်ကပ်မကောင်းခြင်း (CrCl 30 to 80 mL/min) – ချိန်ညှိရန်မလိုပါ။

အပြင်းစားကျောက်ကပ်မကောင်းခြင်း (CrCl 5 to 29 mL/min) – အာနိသင်မြန်မြန်ပြသော အမျိုးအစား: တစ်ရက်လျှင် 5 mg နှစ်ကြိမ်။ အတော်ကြာကြာ အာနိသင်ပြသောအမျိုးအစား: တစ်ရက်လျှင် 14 mg တစ်ကြိမ်။

အသည်းအတွက် ပမာဏချိန်ညှိခြင်း

အပျော့စားမှ အလတ်စားအသည်းမကောင်းခြင်း (Child-Pugh A and B): ချိန်ညှိရန်မလိုပါ။

အပြင်းစား အသည်းမကောင်းခြင်း (Child-Pugh C):အာနိသင်မြန်မြန်ပြသော အမျိုးအစား: သတိနှင့်သုံးပါ။ အတော်ကြာကြာ အာနိသင်ပြသောအမျိုးအစား: အချက်အလက်များ မရနိုင်သေးပါ။

ပမာဏချိန်ညှိခြင်း

အာနိသင်မြန်မြန်ပြသော အမျိုးအစား (IR) မှ အတော်ကြာကြာအာနိသင်ပြအမျိုးအစား (XR) သို့ ပြောင်းခြင်း

– 10 Mg IR တစ်ရက်နှစ်ကြိမ် သောက်နေရသူ: IR နောက်ဆုံးအကြိမ်ပြီးနောက်တစ်ရက်တွင် 28 mg XR ကို တစ်ရက်တစ်ကြိမ်အဖြစ်ပြောင်းပါ။

– ပြင်းထန်သောကျောက်ကပ်မကောင်းခြင်း (CrCl 5 to 29 mL/min): IR နောက်ဆုံးသောက်ပြီး နောက်တစ်ရက်တွင် 14 mg XR တစ်ရက်တစ်ကြိမ် ပြောင်းသောက်ပါ။

Comments – 10 mg IR တစ်ရက်နှစ်ကြိမ်နှင့် 28 mg XR တစ်ရက်တစ်ကြိမ်တို့အား အာနိသင်နှိုင်းယှဉ်ထားသည့်အချက်အလက်များ မရှိသေးပါ။

ဆေးသောက်ရန် (IR ရော XR ရော) လွတ်နေပါက : ဆေးကို ပမာဏနည်းနည်းမှပြန်စပြီး စံအတိုင်း ပြန်တိုးရမည်။

ကလေးတွေအတွက် Memantine (မီမန်တိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကို အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Memantine (မီမန်တိုင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Memantine ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား
  • သောက်ဆေးကစ်
  • သောက်ဆေးရည်
  • သောက်ဆေးတောင် (XR)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Memantine ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကိုကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement