Mefloquine (Mefloquine) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Mefloquine (Mefloquine) Brand Name(s): Mefloquine (Mefloquine).

အသုံးပြုပုံများ

Mefloquine (Mefloquine) ကို ဘာအတွက်အသုံးပြုကြသလဲ

Mefloquine ကို ငှက်ဖျားရောဂါ ကုသရန်နှင့် ကာကွယ်ရန် အတွက် သုံးသည်။

Mefloquine (Mefloquine) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပါးစပ်မှ သောက်ပါ။ အစာအိမ် အောင့်ခြင်း မဖြစ်အောင် အစာ သို့မဟုတ် နို့ဖြင့် တွဲသောက်ပါ။ ဆေးကို အစာမရှိဘဲ မသောက်ပါနှင့်။ ဆေးတစ်ဖုံကို ရေ တစ်ဖန်ခွက် အပြည့် ( ရေ ၈ အောင်စ သို့မဟုတ် ၂၄၀ မီလီမီတာ) ဖြင့် သောက်ပါ။ ဆေးကို မျိုချရန် ခက်ခဲပါက ဆေးပြားကို ကြိတ်ချေပြီး ရေ၊ နို့ သို့မဟုတ် အခြား အချိုရည် အနည်းငယ်ဖြင့် တွဲသောက်ပါ။

ကလေးများတွင် ဆေးပမာဏသည် ကိုယ်အလေးချိန် အပေါ် မူတည်သည်။ ကလေးများတွင် Mefloquine သောက်ပြီးနောက် အော့အန်ခြင်း ဖြစ်နိုင်သည်။ သင့်ကလေး သည် ဤဆေးသောက်ပြီးနောက် အော့အန်ပါက နောက်ထပ် ဆေးသောက်ရန် လိုသလား သိရှိရန် ဆရာဝန်နှင့် ချက်ချင်း ပြပါ။ အော့အန်ခြင်း ဆက်ဖြစ်ပါက Mefloquine အစား အခြားဆေးတစ်မျိုး ပြောင်းပေးရန်အတွက် ဆရာဝန်နှင့် ပြသပါ။

ဤဆေးကို ငှက်ဖျားရောဂါ ကာကွယ်ရန်အတွက် သုံးပါက တစ်ပတ် တစ်ကြိမ် သောက်ရသည်။ ဆေး ပထမ တစ်ခွက်ကို ခရီးမသွားခင် တစ်ပတ်အလိုတွင် သောက်သင့်သည်။ ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ပါ။

ဤဆေးကို ညွှန်ကြားထားသည့်အတိုင်း အပြည့် သောက်ပါ။ ဆေး တစ်ခွက်မှ မကျန်အောင် သောက်ရန် နှင့် အချိန်ဇယား အတိုင်း ပုံမှန်သောက်ရန် အရေးကြီးသည်။ တစ်ပတ်စီတွင် တူညီသော နေ့များတွင် သောက်ပါ။

ငှက်ဖျားဒေသမှ ပြန်လာပြီးနောက် သင်သည် နောက်ထပ် ၄ ပတ်လောက် ဆေးကို ဆက်သောက်သင့်သည်။ သင်သည် Mefloquine ကို ပြီးဆုံးအောင် မသောက်နိုင်ပါက ဆရာဝန်အား ဆက်သွယ်ပါ။ ဤဆေးကို ငှက်ဖျားရောဂါ ကာကွယ်ရန် သုံးနေပါက ၎င်းသည် ရောဂါကိုလည်း ဖြစ်စေနိုင်သည်ဟု သဘောပေါက်ထားရန် အရေးကြီးသည်။ သင် ဖျားပါက ဆရာဝန်အား ချက်ချင်းပြောပါ။ ကုထုံးကို စောစီးစွာ စပါက ငှက်ဖျားရောဂါကို အကောင်းဆုံး ကုသနိုင်သည်။

Mefloquine (Mefloquine) ဘယ်လိုသိမ်းဆည်းရမလဲ

Mefloquine ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Mefloquine ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Mefloquine တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Mefloquine ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Mefloquine (Mefloquine) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို မသုံးမီ သင်၏ ကျန်းမာရေး ရာဇဝင်ကို ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်အား ပြောပြပါ။ အထူးသဖြင့် စိတ်ရောဂါများ ( ဥပမာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ကစဥ့်ကလျား ရောဂါ)၊ တက်ခြင်း၊ နှလုံး ရောဂါများ၊ အသည်းရောဂါ ရာဇဝင်ကို ပြောပြပါ။

ဤဆေးသည် မူးဝေခြင်း၊ မျှခြေ မထိန်းနိုင်ခြင်းကို ဖြစ်စေသည်။ အရက် သို့မဟုတ် ဆေးခြောက်သည် သင့်ကို ပိုပြီးမူးဝေစေသည်။ ကားမောင်းခြင်း၊ စက်ပစ္စည်းများ သုံးခြင်း သို့မဟုတ် နိုးကြားမှု လိုအပ်သော တစ်စုံတစ်ရာကို ဘေးကင်း အောင် မလုပ်နိုင်မချင်း မလုပ်ပါနှင့်။ အရက်သောက်ခြင်းကို ကန့်သတ်ပါ။ သင်သည် ဆေးခြောက်သုံးနေပါက ဆရာဝန်အား ပြောပြပါ။

ခွဲစိတ်မှု မခံယူမီ သင်သုံးနေသော ဆေးအားလုံး ( ဆရာဝန် ညွှန်ကြားသော ဆေးများ၊ အလွယ်တကူ ဝယ်၍ရသော ဆေးများ၊ ဆေးဖက်ဝင်များ ပါဝင်သည်) ကို ဆရာဝန် သို့မဟုတ် သွားဆရာဝန်အား ပြောပြပါ။

Mefloquine သည် ဘတ်တီးရီးယား ကာကွယ်ဆေးများ ( ဥပမာ တိုက်ဖွိုက် ကာကွယ်ဆေး) ကို အလုပ်မလုပ်နိုင်အောင် တားဆီးသည်။ ထို့ကြောင့် ဤဆေး သုံးနေစဉ်တွင် ဆရာဝန် ခွင့်ပြုချက်မရှိဘဲ ကာကွယ်ဆေး မထိုးပါနှင့်။

ကိုယ်ဝန်ဆောင်စဉ်တွင် ဤဆေးကို အမှန်တကယ် လိုအပ်သော အခါမှသာ သုံးသင့်သည်။ အန္တရာယ်နှင့် ကောင်းကျိုးများကို ဆရာဝန်နှင့် ဆွေးနွေးပါ။

ဤဆေးသည် မိခင်နို့မှ ဖြတ်နိုင်သည်။ ကလေးနို့ မတိုက်မီ ဆရာဝန်နှင့် ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Mefloquine (Mefloquine) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Mefloquine သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Mefloquine မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Mefloquine သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Mefloquine (Mefloquine) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အစာအိမ် အောင့်ခြင်း၊ အစာ စားချင်စိတ် မရှိခြင်း၊ မအီ မသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား နာကျင်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း ဖြစ်နိုင်သည်။ ထို ဆိုးကျိုးများ ဆက်လက်ဖြစ်နေပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန်အား အမြန် အကြောင်းကြားပါ။ သင့်အတွက် အကျိုးကျေးဇူးသည် ဘေးထွက်ဆိုးကျိုးများ ထက် ပိုများသည်ဟု ဆရာဝန်က ဆုံးဖြတ်သောကြောင့် ဤဆေးကို ပေးခြင်း ဖြစ်သည်။ ဤဆေး သုံးနေသော လူများစွာသည် ပြင်းထန်သော ဘေးထွက် ဆိုးကျိုးများ မခံစားရပါ။

ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ခံစားရပါက ဆရာဝန်အား ချက်ချင်း ပြောပါ။ ဥပမာ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊ ခြေ၊လက်များတွင် ထုံကျဉ်ခြင်း/ တရွရွ ခံစားရခြင်း/ နာကျင်ခြင်း၊ အမြင် ပြောင်းလဲခြင်း၊ ပုံမှန်မဟုတ်ဘဲ မောပန်းခြင်း၊ ဆက်တိုက် မအီမသာဖြစ်ခြင်း/ အော့အန်ခြင်း၊ ဆီးအရောင် မည်းခြင်း၊ အရေပြား/ မျက်လုံး ဝါခြင်း စသည်တို့ ပါဝင်သည်။

အလွန် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဥပမာ နှလုံးခုန်သံ မြန်ခြင်း/ နှေးခြင်း/ ပုံမမှန်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း ဖြစ်ပါက ကျန်းမာရေး အကူအညီ ချက်ချင်း ရယူပါ။

ဤဆေးနှင့် အလွန်ဆိုးရွားစွာ ဓာတ်မတည့်မှုသည် ရှားသည်။ သို့သော်လည်း သင်သည် ပြင်းထန်သော ဓာတ်မတည့်မှု၏ လက္ခဏာများကို သတိပြုမိပါက ကျန်းမာရေး အကူအညီ ချက်ချင်း ရယူပါ။ ဥပမာ အဖုအပိမ့်များ၊ ယားယံခြင်း/ ရောင်ရမ်းခြင်း ( အထူးသဖြင့် မျက်နှာ၊ လျှာ၊ လည်ချောင်းတွင်)၊ ပြင်းထန်သော မူးဝေခြင်း၊ အသက်ရှူရ ခက်ခြင်း စသည်တို့ ပါဝင်သည်။

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Mefloquine (Mefloquine) နဲ့ ဓာတ်ပြုနိုင်သလဲ

ဤဆေးဖြင့် ဓာတ်ပြုနိုင်သော ဆေး အချို့မှာ artemether-lumefantrine, beta-blockers ( ဥပမာ atenolol, propranolol), chloroquine, halofantrine, ketoconazole, quinidine, quinine, အတက်ရောဂါအတွက် ဆေးများ ( ဥပမာ phenytoin, valproic acid), ziprasidone တို့ဖြစ်သည်။

Mefloquine ကို နောက်ဆုံးသောက်ပြီး ၁၅ ပတ်ကြာသည် အထိ halofantrine သို့မဟုတ် ketoconazole မသောက်ပါနှင့်။

အခြားဆေးများသည် ခန္ဓာကိုယ်မှ Mefloquine စွန့်ထုတ်မှု အပေါ်သက်ရောက်နိုင်သည်။ mefloquine ၏ အလုပ်လုပ်ပုံကို ပျက်စီးစေနိုင်သည်။ ဥပမာ rifamycins (ဥပမာ rifabutin), azole antifungals (ဥပမာ itraconazole), အခြားဆေးများ ပါဝင်သည်။

Mefloquine သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Mefloquine (Mefloquine) နဲ့ ဓာတ်ပြုနိုင်သလား

Mefloquine သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Mefloquine (Mefloquine) နဲ့ ဓာတ်ပြုနိုင်သလဲ

Mefloquine သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Mefloquine (Mefloquine) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ငှက်ဖျားရောဂါအတွက် ပုံမှန်လူကြီးပမာဏ

သောက်ဆေး ၁၂၅၀ မီလီဂရမ် ကို တစ်ကြိမ်တည်းပေးပါ။

Chloroquine-resistant Plasmodium vivax သို့မဟုတ် P falciparum ကူးစက်သော ဖြစ်စဉ်များအတွက် CDC အကြံပြု ထောက်ခံချက်။

ကနဦး ပမာဏမှာ သောက်ဆေး ၇၅၀ မီလီဂရမ် ဖြစ်သည်။ ကနဦး ပမာဏပြီးနောက် ၆-၁၂ နာရီအကြာတွင် သောက်ဆေး ၅၀၀ မီလီဂရမ် ဆက်ပေးပါ။

အတည်ပြုထားသော ဖော်ပြချက်။ mefloquine-susceptible P falciparum or P vivax ကြောင့်ဖြစ်သော မပြင်းထန်သော မှ အတော်အသင့် ပြင်းထန်သော ငှက်ဖျားရောဂါ ကုသမှုအတွက်။

ငှက်ဖျားရောဂါ ကာကွယ်ရန်အတွက် ပုံမှန်လူကြီးပမာဏ

သောက်ဆေး ၂၅၀ မီလီဂရမ် တစ်ပတ်တစ်ကြိမ်

မှတ်ချက်။

အပတ်စဉ် တူညီသော နေ့တွင် သောက်သင့်သည်။ အဓိက အစာ စားပြီးနောက် သောက်ပါ။

ကာကွယ်ခြင်းသည် ငှက်ဖျားဒေသသို့ မရောက်မီ ၁ ပတ်မှ ၂ ပတ်အလိုတွင် စသင့်သည်။ ထိုဒေသမှ ထွက်ခွာပြီး ၄ ပတ်လောက်အထိ ဆက်ပေးသင့်သည်။

အတည်ပြုထားသော ဖော်ပြချက်။ P falciparum နှင့် P vivax ငှက်ဖျားကူးစက်မှု ကာကွယ်ရန်အတွက်။ P falciparum ၏ chloroquine-resistant strains များလည်း ပါဝင်သည်။

ကျောက်ကပ်ဆေးခြင်း

ကျောက်ကပ်ဆေးခြင်း။ ဆေးပမာဏ ချိန်ညိရန် မထောက်ခံပါ။

CAPD: အချက်အလက် မရှိပါ။

အခြားမှတ်ချက်များ။

ဆေးပမာဏကို mefloquine hydrochloride (ဆား) ဖြင့် ဖော်ပြသည်။

ဆေးပေးရာတွင် အကြံပြုချက်။

Mefloquine ကို အစာမရှိဘဲ မသောက်ပါနှင့်။ အနည်းဆုံး ရေ ၈ အောင်စ (၂၄၀ မီလီလီတာ) ဖြင့် သောက်ပါ။

ဆေးပြားကို တစ်ခုလုံး မြိုမချနိုင်သော လူနာများအတွက် ကြိတ်ချေပြီး ရေ၊ နို့ သို့မဟုတ် အခြား ဖျော်ရည် အနည်းငယ် ဖြင့် ဖျော်ပြီးပေးနိုင်သည်။

ယေဘုယျ။

လူနာများကို mefloquine ပေးသောအခါ ဆေးလမ်းညွှန်နှင့် အချက်အလက် ကတ်ပြား ( ထုတ်လုပ်သူမှ ပေးသော) ပေးရမည်။

ပထဝီဆိုင်ရာ ခုခံမှုပုံစံအပေါ် အကြံပြုချက်အတွက် အရည်အချင်းပြည့်ဝသော အမျိုးသား ကျွမ်းကျင်မှု စင်တာကို တိုင်ပင်သင့်သည်။

ငှက်ဖျား ကုသမှုအတွက်။

အသက် အန္တရာယ် စိုးရိမ်ရသော၊ ပြင်းထန်သော၊ ပျံ့နှံ့သော P falciparum ငှက်ဖျား ကူးစက်မှု ခံရသော လူနာများကို IV antimalarials ဖြင့် ကုသသင့်သည်။ IV ကုထုံးပြီးပါက ကုသမှု ကို ပြည့်စုံသွားစေရန် Mefloquine သုံးနိုင်သည်။

Mefloquine ပါဝင်သော အပြည့်ကုသမှုသည် ၄၈-၇၂ နာရီအတွင်း မသက်သာပါက နောက်တစ်ဖန် ကုသမှုအတွက် အခြား တစ်နည်း သုံးသင့်သည် (mefloquine မသုံးပါနှင့်)။ အလားတူပင် အရင်က mefloquine ဖြင့် ကာကွယ်မှုသည် မအောင်မြင်ပါက ပျောက်ကင်းအောင် ကုသမှုအတွက် mefloquine မသုံးသင့်ပါ။

နောက်တစ်ဖန် ပြန်မဖြစ်အောင် acute P vivax ငှက်ဖျားကို mefloquine ဖြင့် အစပိုင်းကုသပြီးပါက နောက်ပိုင်းတွင် primaquine ဖြင့် ကုသင့်သည် ( hepatic phase parasites များကို သုတ်သင်ရန်)။

ငှက်ဖျားကာကွယ်မှု အတွက်။

ငှက်ဖျား ကာကွယ်မှုသည် ငှက်ဖျားဒေသသို့ မရောက်မီ အနည်းဆုံး ၁ ပတ်အလိုတွင် စတင်သင့်သည်။ နေထိုင်နေစဉ် အတွင်း ဆက်ပေးပါ။ ဒေသမှ ထွက်ခွာပြီး နောက် ၄ ပတ်အထိ ဆက်ပေးပါ။

အချို့ဖြစ်စဉ်များတွင် ( ဥပမာ ခရီးသွားသူသည် အခြားဆေးများ သောက်နေပါက) ကာကွယ်မှုကို ခရီးမသွားခင် ၂-၃ ပတ်အလိုတွင် စနိုင်သည်။

ခရီးမသွားခင် ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်စေရန် mefloquine ကို ၃-၄ ပတ် ကြိုတင်ပြီး သောက်နိုင်သည်ဟု CDC က ဆိုသည်။ လက်မခံနိုင်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်လာပါက ခရီးမထွက်ခွာမီ ဆေးကို ပြောင်းလဲရန် အချိန်ရ လိမ့်မည်။

စောင့်ကြည့်ခြင်း။

အသည်း။ အသည်းလုပ်ငန်း ( ရက်ရှည် သုံးနေစဉ်အတွင်း ပုံမှန် စောင့်ကြည့်ပါ)

အာရုံကြော စနစ်။ အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ အတွက် ( အထူးသဖြင့် ရက်ရှည် သုံးစွဲနေစဉ် အတွင်း)

မျက်လုံး။ မျက်လုံး စစ်ဆေးမှုများ ( ရက်ရှည် သုံးနေစဉ်အတွင်း ပုံမှန် စစ်ဆေးပါ)

စိတ်ပညာ။ အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ အတွက် ( အထူးသဖြင့် ရက်ရှည် သုံးစွဲနေစဉ် အတွင်း)

လူနာအတွက် အကြံပြုချက်။

ဆေးလမ်းညွှန်ကို ဖတ်ပါ။ Mefloquine သုံးနေစဉ်အတွင်း အချက်အလက် ကတ်ပြားကို ယူဆောင်ထားပါ။

ထပ်ပေါင်း ကာကွယ်မှုများ ( ဥပမာ အကာအကွယ် ပေးသော အဝတ်အစား၊ အင်းဆက် ဖျန်းဆေး၊ ခြင်ထောင်) သည် ငှက်ဖျား ကာကွယ်ရန်အတွက် အရေးပါသည်။

ငှက်ဖျား ဒေသမှပြန်လာပြီး ဖျားပါက ကျန်းမာရေး စောင့်ရှောက်မှု ရယူပါ။

အာရုံကြော လက္ခဏာများ ရှိနေပါက နိုးကြားမှု၊ အသေးစိတ် ကြွက်သား ပူးပေါင်းဆောင်ရွက်မှု လိုအပ်သော လှုပ်ရှားမှုများ လုပ်စဉ် သတိထားပါ။ ( ဥပမာ ကားမောင်းခြင်း၊ လေယာဉ် မောင်းခြင်း၊ စက်ပစ္စည်းများ သုံးခြင်း၊ ပင်လယ်အောက် ရေငုပ်ခြင်း)။

ကလေးတွေအတွက် Mefloquine (Mefloquine) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ငှက်ဖျားရောဂါအတွက် ပုံမှန်ကလေး ပမာဏ

အသက် ၆ လနှင့် အထက်။ သောက်ဆေး 20-25 mg/kg ကို တကြိမ်တည်း ပေးပါ။

စုစုပေါင်း အများဆုံး ပမာဏ။ 1250 mg

chloroquine-resistant P vivax or P falciparum ကူးစက်မှု အတွက် CDC ၏ ထောက်ခံချက်။ ကနဦး ပမာဏမှာ သောက်ဆေး 15 mg/kg ဖြစ်သည်။ 6-12 နာရီ ကြာပြီးနောက် သောက်ဆေး 10 mg/kg ဆက်ပေးပါ။

စုစုပေါင်း အများဆုံး ပမာဏ။ 1250 mg

မှတ်ချက်။

စုစုပေါင်း ဆေး ပမာဏကို ၆-၈ နာရီခြားပြီး ၂ ခါ ခွဲပေးခြင်းသည် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားမှု သို့မဟုတ် ဆိုးရွားမှုကို လျော့နည်းစေသည်ဟု ထုတ်လုပ်သူများက ဆိုသည်။

ကလေး ပမာဏသည် လူကြီးပမာဏထက် မများသင့်ပါ။

လူနာသည် mefloquine သောက်ပြီး မိနစ် ၃၀ မတိုင်မီ အန်ပါက ဒုတိယ ပမာဏအပြည့်ကို ပေးသင့်သည်။

လူနာသည် mefloquine သောက်ပြီး မိနစ် ၃၀ မှ ၆၀ အတွင်း အန်ပါက ပမာဏ တစ်ဝက်ကို ထပ်ပေါင်း ပေးသင့်သည်။

ထပ် အန်ပါက လူနာကို အနီးကပ် စောင့်ကြည့်ပါ။ သင့်တော်သော အချိန်အတွင်း သက်သာမလာပါက ငှက်ဖျား ကုသမှု နောက်တစ်နည်းကို စဉ်းစားသင့်သည်။

အတည်ပြုထားသော ဖော်ပြချက်။ mefloquine-susceptible P falciparum or P vivax ကြောင့်ဖြစ်သော မပြင်းထန်သော မှ အတော်အသင့် ပြင်းထန်သော ငှက်ဖျားရောဂါ ကုသမှုအတွက်။

ငှက်ဖျားရောဂါ ကာကွယ်ရန်အတွက် ပုံမှန်ကလေးပမာဏ

20 မှ 30 kg ။ သောက်ဆေး 125 mg (1/2 tablet) တစ်ပတ် တစ်ကြိမ်

30 မှ 45 kg ။ သောက်ဆေး 187.5 mg (3/4 tablet) တစ်ပတ် တစ်ကြိမ်

45 kg အထက်။ သောက်ဆေး 250 mg (1 tablet) တစ်ပတ် တစ်ကြိမ်

CDC ၏ ထောက်ခံချက်

9 kg နှင့်အောက်။ သောက်ဆေး 5 mg/kg တစ်ပတ်တစ်ကြိမ်

9 မှ 19 kg အထက်။ သောက်ဆေး 62.5 mg (1/4 tablet) တစ်ပတ်တစ်ကြိမ်

19 မှ 30 kg အထက်။ သောက်ဆေး 125 mg (1/2 tablet) တစ်ပတ်တစ်ကြိမ်

30 မှ 45 kg အထက်။ သောက်ဆေး 187.5 mg (3/4 tablet) တစ်ပတ်တစ်ကြိမ်

45 kg အထက်။ သောက်ဆေး 250 mg (1 tablet) တစ်ပတ်တစ်ကြိမ်

မှတ်ချက်။

ခန့်မှန်းချေ သောက်ဆေး 5 mg/kg ( အများဆုံး 250 mg/dose) တစ်ပတ် တစ်ကြိမ်

အပတ်စဉ် တူညီသော နေ့တွင် သောက်သင့်သည်။ အဓိက အစာ စားပြီးနောက် သောက်ပါ။

ကာကွယ်ခြင်းသည် ငှက်ဖျားဒေသသို့ မရောက်မီ ၁ ပတ်မှ ၂ ပတ်အလိုတွင် စသင့်သည်။ ထိုဒေသမှ ထွက်ခွာပြီး ၄ ပတ်လောက်အထိ ဆက်ပေးသင့်သည်။

အတည်ပြုထားသော ဖော်ပြချက်။ P falciparum နှင့် P vivax ငှက်ဖျားကူးစက်မှု ကာကွယ်ရန်အတွက်။ P falciparum ၏ chloroquine-resistant strains များလည်း ပါဝင်သည်။

Mefloquine (Mefloquine) ကိုဘယ်လိုရရှိနိုင်သလဲ

Mefloquine ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Mefloquine သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇှနျ 9, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။